Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

ဆေးသောက်ပြီးကုလို့ရမယ့်ရောဂါတွေထဲ ပါလာတော့မယ့် ကိုဗစ်

ဆေးရုံတစ်ခုတွင် ကိုဗစ်လူနာများကို တွေ့ရစဉ် (ဓာတ်ပုံ - Reuters)

ကိုဗစ်ရောဂါအတွက် ကာကွယ်ဆေးတွေ တွင်တွင်ကျယ်ကျယ် ဖော်စပ် တီထွင်လာနိုင်တဲ့နောက် အခုအခါမှာ ကုသဆေးတွေလည်း ထွက်ပေါ်လာနေပါပြီ။ တစ်နည်းအားဖြင့် ကိုဗစ်ဆိုတာ ကူးစက် ခံရပြီဆိုရင် ကိုယ်ခံအားနဲ့ ကံတရားကိုပဲ အားကိုးနေရတဲ့ ကုရာနတ္ထိ ရောဂါဆိုးကြီးအဖြစ် မင်းမူခဲ့တဲ့ ကာလတွေဟာ ၂ နှစ်လောက် အကြာမှာ အဆုံးသတ်တော့မယ်ဆိုတဲ့ သဘောပါပဲ။

ကမ္ဘာအနှံ့က ဆေးဝါး ကုမ္ပဏီကြီးတွေဟာ ကိုဗစ်ရောဂါ ကူးစက် ခံထားရသူတွေအတွက် ထိထိရောက်ရောက် အသုံးပြုနိုင်မယ့် ကုသဆေးတွေ အပြိုင်အဆိုင် တီထွင်နေကြရာမှာ လွန်ခဲ့တဲ့ တစ်လခွဲအတွင်း ဆေးနှစ်မျိုးရဲ့ အောင်မြင်မှုက အတော်ကြီး ပီပြင်လာပြီ ဖြစ်ပါတယ်။ နှစ်မျိုးစလုံးက ဆေးတောင့်အဖြစ် ထုတ်လုပ်ထားတဲ့ သောက်ဆေးတွေ ဖြစ်ကြပြီး လက်တွေ့ စမ်းသပ်မှု အချက်အလက်တွေကို အမေရိကန် အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲမှုဌာန (FDA)ဆီ တင်ပို့ထားပါတယ်။ မကြာခင်မှာ ဒီဆေးတွေဟာ FDAရဲ့ တရားဝင် ခွင့်ပြုချက်တွေ ရရှိလာဖို့လည်း အလားအလာ ကောင်းနေပါတယ်။

ပထမ တစ်မျိုးကတော့ Merckက ထုတ်လုပ်တဲ့ Molnupiravir ဆေးဝါး ဖြစ်ပါတယ်။ ဒီဆေးကို Ridgeback Biotherapeutics နဲ့ ပူးပေါင်းပြီး တီထွင်ခဲ့တာပါ။ ဗြိတိန် အစိုးရကတော့ Molnupiravir ကို ပြည်တွင်းမှာ တရားဝင် သုံးစွဲဖို့ လွန်ခဲ့တဲ့ တစ်ပတ်လောက်မှာ ကတည်းက ခွင့်ပြုပေးလိုက်ပါပြီ။ ဒါဟာ ကမ္ဘာပေါ်မှာ ကိုဗစ် ကုသဆေး တစ်ခုကို အစိုးရ တစ်ရပ်က ပထမဆုံး လက်ခံ အသိအမှတ်ပြုမှု အဖြစ်လည်း မှတ်တမ်း ဝင်ခဲ့ပါတယ်။ မူလက တုပ်ကွေး ကုသဆေးအဖြစ် တီထွင်ထားရာကနေ ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ခိုက်တဲ့ ဆေးအဖြစ် Merckက ဦးတည်ချက် ပြောင်းလဲလိုက်တာပါ။ ဒီဆေးကို အမေရိကန် FDAက သုံးစွဲခွင့် ပြုသင့် မပြုသင့် နိုဝင်ဘာ ၃၀ မှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဒုတိယ ဆေးတစ်မျိုးကတော့ ကိုဗစ် ကာကွယ်ဆေး တီထွင် အောင်မြင်ထားတဲ့ Pfizer ကုမ္ပဏီရဲ့ လက်ရာပါ။ Paxlovid ဆေးကို လက်တွေ့ စမ်းသပ်ပြီး ကုသခဲ့တဲ့ မှတ်တမ်း အချက်အလက်တွေက အရမ်း ကောင်းမွန်နေတယ်လို့ အမေရိကန် ဆေးသုတေသန ကုမ္ပဏီကြီးက ကြေညာပြီး မကြာခင်မှာ အဲဒီ စမ်းသပ်မှု အချက်အလက်တွေကို FDAဆီ တင်ပြသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

တကယ်တော့ ဒီဆေးတွေ ထွက်ပေါ်မလာခင် ကတည်းက ကမ္ဘာအနှံ့က ဆေးသုတေသန ပညာရှင်တွေဟာ ရှိရင်းစွဲ ဗိုင်းရပ်စ် တိုက်ဖျက်မှု ဆေးဝါးတွေကို ကိုဗစ် ရောဂါအတွက် စမ်းသပ် အသုံးပြုခဲ့ကြပါတယ်။ ဒီအခြေအနေက စမ်းတဝါးဝါးတော့ ဖြစ်နေခဲ့ပါတယ်။ Remdesivir လို ဆေးဝါးမျိုးကို ကိုဗစ်အတွက် အရေးပေါ် ကုထုံးအနေနဲ့ သုံးစွဲတာမျိုး ရှိခဲ့ပေမယ့် တကယ့် ကိုဗစ် ကုသဆေး အဆင့်ကိုတော့ ဘယ်တုန်းကမှ မရောက်ခဲ့ပါဘူး။ ပြီးတော့ Remdesivir ဟာ အီဘိုလာနဲ့ မာဘာ့ဂ် ဗိုင်းရပ်စ်တွေအတွက် စမ်းသပ် ထုတ်လုပ်ခဲ့တဲ့ ဆေးမျိုးသာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီအခြေအနေမျိုးက အတိတ်မှာ ကျန်ခဲ့ပါပြီ။ နောက်ဆိုရင် ကိုဗစ်ဟာ ဆေးသောက်ရုံနဲ့ ပျောက်နိုင်တဲ့၊ ကုလို့ရတဲ့ ရောဂါတစ်ခု ဖြစ်သွားဖို့ တော်တော်ကို သေချာနေပါပြီ။ Molnupiravir ရော၊ Paxlovid ပါ ဆေးနှစ်မျိုးစလုံးက လူ့ခန္ဓာကိုယ်ထဲမှာ ကိုရိုနာ ဗိုင်းရပ်စ်တွေ အလုံးအရင်း မျိုးပွားပျံ့နှံ့မှု မရှိအောင် တားဆီးဖို့ အဓိက ရည်ရွယ် တီထွင်ထားပါတယ်။ ဗိုင်းရပ်စ် ပမာဏ အရမ်း များမလာတဲ့အခါ ရောဂါကြောင့် အသက်ဆုံးရှုံးနိုင်ခြေကလည်း အရမ်း နည်းသွားပါလိမ့်မယ်။ နိုင်ငံတကာ ဆေးသုတေသန ပညာရှင်တွေကတော့ ဒီဆေးတွေကို FDA ခွင့်ပြုချက် ပေးလိုက်နိုင်မယ်ဆိုရင် ကပ်ရောဂါကို တိုက်ဖျက်တဲ့ နေရာမှာ အရေးအပါဆုံး ခြေလှမ်းသစ်တစ်ခု ဖြစ်လာမယ်လို့ ယုံကြည်နေပါတယ်။

ဒီတော့ အဲဒီ ကုသဆေး နှစ်မျိုးက ဘယ်လို ဘယ်ပုံ အလုပ်လုပ်ကြသလဲ။ ကိုရိုနာ ဗိုင်းရပ်စ်ဟာ လူ့ခန္ဓာကိုယ်ထဲ ရောက်လာတဲ့အခါ ACE2 ဆိုတဲ့ ဆဲလ်တွေနဲ့ ပေါင်းစပ်ပြီး ပုံတူဗိုင်းရပ်စ် အသစ်တွေ အများအပြား မျိုးပွားပါတယ်။ အဲဒီ ဗိုင်းရပ်စ်တွေက တခြားဆဲလ်တွေဆီ ကျူးကျော် ဝင်ရောက်ပြီး လူ့ခန္ဓာကိုယ်အနှံ့ ရောက်ရှိသွားသလို အလုံးစုံ ဖျက်ဆီးမှုတွေကို အစပျိုးလာနိုင်ပါတယ်။

အစောပိုင်းက ပြောခဲ့သလိုပဲ Molnupiravir နဲ့ Paxlovid တို့ဟာ ဗိုင်းရပ်စ်ရဲ့ မျိုးပွားမှုတွေကို ရပ်တန့်ဖို့ အဓိကထား တီထွင်ထားပါတယ်။ ဒါပေမဲ့ လုပ်ငန်းစဉ် သဘောတရားကျတော့ နည်းနည်း ကွာသွားပါတယ်။

Molnupiravirက Polymerase Inhibitor လို့ ခေါ်ကြတဲ့ ဗိုင်းရပ်စ်တိုက်ဖျက် ဆေးဝါး အုပ်စုဝင် ဖြစ်ပါတယ်။ ဒီဆေးက ဗိုင်းရပ်စ်ကို မျိုးပွားခွင့်တော့ ပေးတယ်။ ဒါပေမဲ့ နည်းမှန်လမ်းမှန် မဟုတ်အောင် နှောင့်ယှက်ပါတယ်။ တစ်နည်းအားဖြင့် ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ ကိုရိုနာဗိုင်းရပ်စ်တွေ မျိုးပွားတဲ့အခါ တိကျမှု မရှိဘဲ ပရမ်းပတာတွေ ဖြစ်ကုန်အောင် တွန်းအား ပေးလိုက်တာပါ။ ဗိုင်းရပ်စ်ရဲ့ RNA မျိုးပွားမှုတွေကို Polymerase ဆိုတဲ့ အင်ဇိုင်း တစ်မျိုးက ကူညီ ထောက်ပံ့ပေးပါတယ်။ Molnupiravir က အဲဒီ အင်ဇိုင်းကို အရူးလုပ်ပြီး လှည့်စားလိုက်ပါတယ်။ ဒီတော့ နောက်ထပ် ဗိုင်းရပ်စ်တွေ ပွားတဲ့အခါ အလွဲအမှားတွေ ပါကုန်ပါတယ်။ အဲဒီလို လွဲချော်နေတဲ့၊ အဖျက်စွမ်းအား ပျက်ယွင်းသွားတဲ့ ဗိုင်းရပ်စ်တွေက ထပ်ကာထပ်ကာ ဆက်ပွားနေရင်း တကယ့် ဖျက်အားပြင်းဗိုင်းရပ်စ်ကတော့ အချိန်အတိုင်းအတာ တစ်ခု အကြာမှာ ပျက်စီးသွားမှာ ဖြစ်ပါတယ်။

Pfizerရဲ့ Paxolvid ဆေးကတော့ Polymerase အင်ဇိုင်းတွေကို ထိုးနှက်ရာမှာ ကွဲပြားတဲ့ နည်းလမ်းမျိုးနဲ့ ချဉ်းကပ်ပါတယ်။ ဒီဆေးကို Paxolvid လို့ ခြုံငုံပြီး နာမည် ပေးထားပေမယ့် ဆေးနှစ်မျိုး ပေါင်းထားတဲ့ ကုထုံးပါ။ ပထမ ဆေးက PF-07321332 လို့သာ ယာယီ ကုဒ်နာမည် ပေးရသေးတဲ့ မော်လီကျူး တစ်မျိုးပါ။ နောက်ထပ် ဆေးကတော့ စျေးကွက်ထဲမှာ ရှိနှင့်နေပြီဖြစ်တဲ့ Ritonavirဆေး ဖြစ်ပါတယ်။ Ritonavir က HIV လူနာတွေကို ကုသပေးတဲ့ ဆေးညွှန်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလေ့ ရှိပါတယ်။ PF-07321332 က ဗိုင်းရပ်စ် လူကြမ်းကို ထိပ်တိုက်တွေ့ပြီး ဖိုက်တင်ချတဲ့ ဇာတ်လိုက်လို့ ဆိုရပါမယ်။ Ritonavir ကတော့ ဇာတ်ပို့အဖြစ် အသုံးတော်ခံမယ့် ဓာတ်ကူ ဆေးဝါးပါ။ Ritonavir က PF-07321332 ကို တခြား မော်လီကျူးတွေက ဖျက်ဆီးတာမျိုး မဖြစ်အောင်၊ တစ်နည်းအားဖြင့် လူ့ခန္ဓာကိုယ်ထဲမှာ ဒီမော်လီကျူးတွေ ရေရှည် တည်မြဲနိုင်အောင် ပံ့ပိုးပေးဖို့ ပေါင်းစပ် အသုံးပြုထားတာပါ။

Molnupiravir နဲ့ Paxlovid နှစ်မျိုးစလုံးကို လက်တွေ့ စမ်းသပ်ထားတဲ့ ရလဒ်တွေက အားတက်စရာ ဖြစ်နေပါတယ်။ ပြီးတော့ ဆေးနှစ်မျိုးစလုံးဟာ ကိုဗစ်ရောဂါ လက္ခဏာတွေ စတင် ပြသတဲ့ အစောပိုင်း အချိန်တွေမှာ စသောက်ရင် ပိုပြီး အာနိသင် ထက်မြက်တာကို တွေ့ရပါတယ်။ ဗိုင်းရပ်စ် ပျံ့ပွားမှု အရမ်း မကျယ်ပြန့်သေးခင် ဒီဆေးတွေက ကြားဝင် ထိန်းချုပ်လိုက်တဲ့ သဘောမျိုးပါ။ ဒါပေမဲ့ ဗိုင်းရပ်စ် ကူးစက် ခံထားရတာ အချိန်ကြာပြီးမှ စသောက်လည်း ရတယ်လို့ ကယ်လီဖိုးနီးယား တက္ကသိုလ်ရဲ့ ဗိုင်းရပ်စ်ဗေဒ ပညာရှင် တစ်ဦးဖြစ်တဲ့ ဖန်ယန်လျူက ဆိုပါတယ်။ ရောဂါ ကူးစက်တဲ့ အစပိုင်း အဆင့်မှာ ဆေးသောက်နိုင်ရင်တော့ ပိုကောင်းကြောင်း၊ ကိုဗစ်ရဲ့ နောက်ကျ အဆင့်တွေမှာ ပိုမို ရှုပ်ထွေးတဲ့ ကျန်းမာရေး ပြဿနာတွေ ရှိတတ်ကြောင်းလည်း သူက ပြောပါတယ်။

Molnupiravir နဲ့ ပတ်သက်လို့ ဆေးသုတေသန ပညာရှင်တွေ ထောက်ပြတဲ့ အချက် တစ်ခုတော့ ရှိပါတယ်။ ဒီဆေးအတွက် အသုံးပြုထားတဲ့ နည်းလမ်းက အစွမ်းထက်တာ မှန်ပေမယ့် လူ့ခန္ဓာကိုယ်က တခြား အကျိုးပြု အင်ဇိုင်းတွေကိုပါ ထိခိုက်မှု ရှိသွားနိုင်တယ်လို့ မေရီလန်း တက္ကသိုလ်ရဲ့ ဆေးဝါးဓာတု ပညာရှင် ကက်သရင်း ဆီလီရက်ဒ်ကီက ဆိုပါတယ်။ သိပ်ကြီးကြီးမားမား မဟုတ်ဘူး ဆိုပေမယ့် စွန့်စားရတဲ့ အပိုင်းတွေတော့ ရှိနေတာ သေချာကြောင်း၊ ဒီကုထုံးမျိုးဟာ လူနာရဲ့ တခြား အင်ဇိုင်းတွေကိုပါ ရိုက်ခတ်တတ်ကြောင်း ဆီလီ ရက်ဒ်ကီက ရှင်းပြပါတယ်။

လောလောဆယ် အထိတော့ ဆေးနှစ်မျိုးစလုံးရဲ့ လက်တွေ့ စမ်းသပ်မှု ရလဒ်တွေက လက်မခံနိုင်စရာ ဘေးထွက်ဆိုးကျိုးမျိုး ပြသတာ ဘာတစ်ခုမှ မတွေ့ရသေးပါဘူး။ ဒါ့အပြင် ရေရှည်မှာ ဆေးနှစ်မျိုးစလုံး ကောင်းသထက် ပိုကောင်းလာအောင် အဆင့်မြှင့်တင် မွမ်းမံနိုင်မယ့် အခွင့်အလမ်းတွေ ရှိနေတုန်းပဲလို့လည်း လျူက မှတ်ချက် ပေးထားပါတယ်။ ဆေးတွေရဲ့ ဒုတိယနဲ့ တတိယ မျိုးဆက်တွေ ရောက်လာတဲ့အခါ အာနိသင် ထက်မြက်မှုတွေ ပိုအားကောင်းလာပြီး ဘေးထွက် ဆိုးကျိုးတွေ နည်းသထက် နည်းသွားတာ ဓမ္မတာပဲဖြစ်ကြောင်း သူက ပြောပြပါတယ်။

Molnupiravir ရော၊ Paxlovid ပါ ကိုဗစ် လူနာတွေမှာ ဆေးရုံတက်ရတဲ့ထိ ရောဂါလက္ခဏာ ပြင်းထန်လာတာကိုရော၊ ရောဂါကြောင့် အသေအပျောက် ဖြစ်နိုင်တာတွေကိုပါ သိသိသာသာ ထင်ထင်ရှားရှား လျှော့ချပေးနိုင်ခဲ့ပါတယ်။ ဒါဟာ ၂၀၁၉ နှစ်ကုန်ပိုင်းကစလို့ ကပ်ရောဂါဆိုးကြီးကို အင်တိုက်အားတိုက် တွန်းလှန်နေကြရတဲ့ လူသားမျိုးနွယ်စုအတွက် တကယ့်ကို အားတက်စရာ အခြေအနေပါပဲ။ မှောင်မည်းနေတဲ့ ဥမင်ရဲ့ အဆုံးမှာ ကာကွယ်ဆေးတွေ၊ ကုသဆေးတွေဆီက ထွန်းလင်း ဖြာလဲ့လာတဲ့ အလင်းရောင်ကို တွေ့မြင်နေရပြီ ဖြစ်ပါတယ်။

Pfizer ကတော့ သူတို့ရဲ့ ဆေးကို သုံးစွဲပြီး ကုသလိုက်တဲ့ ကိုဗစ်လူနာတွေထဲက ၈၀ ရာခိုင်နှုန်းဟာ ဆေးရုံ တက်စရာ မလိုဘဲ သက်သာသွားပြီး အသေအပျောက်လည်း လုံးဝ မရှိခဲ့ဘူးလို့ ခပ်ကြွားကြွား ပြောထားပါတယ်။ အသေးစိတ် အချက်အလက်တွေကိုတော့ FDA က အကဲဖြတ် အတည်ပြုဦးမှာပါ။ သေချာတာကတော့ သိပ်မဝေးတော့တဲ့ ကာလမှာ ကိုဗစ်ဆိုတာ ဆေးသောက်ရုံနဲ့ ကုလို့ရတဲ့ ရောဂါမျိုး ဖြစ်လာတော့မယ် ဆိုတာပါပဲ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ငှက်ဖျားနဲ့ ပတ်သက်လို့ အာဖရိကတိုက်မှာ နောက်ထပ် အားတက်စရာ သတင်းတစ်ခုကတော့ အခုလ အစောပိုင်းတုန်းက ကိပ်ဗာဒီ နိုင်ငံဟာ နှစ်ပေါင်း ၅၀ လောက်အတွင်း ပထမဆုံးသော ငှက်ဖျားကင်းစင်တဲ့ ဆာဟာရ ဆက်စပ် နိုင်ငံအဖြစ် ကြေညာနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

သတင်း

ချင်းပြည်နယ်ရှိ မိုခါမုန်တိုင်းဘေးသင့်ခဲ့သည့် မြို့နယ်များ၌ ပျက်စီးသွားသည့် လူနေအိမ်များနှင့် အခြားအဆောက်အဦးများ ပြန်လည်ပြုပြင်ရန် အိမ်မိုးသွပ်ပြားများ၊ အိမ်ရိုက်သံများ မိုးကာများနှင့် တာလပတ်များ အရေးပေါ်လိုအပ်နေကြောင်း ဖော်ပြသည်။

နိုင်ငံတကာ

ကိုဗစ်ရောဂါ ဖြစ်ပွားခဲ့ကြောင်း အထောက်အထား တွေ့ရှိခဲ့တဲ့ အာခေါင်တို့ဖတ် နမူနာကို ဟွာနန်း ပင်လယ်စာ စျေးထဲက တွန်းလှည်းတစ်ခုနဲ့ ရက်ကွန်းဝံ တစ်ကောင်စီကနေ စုဆောင်း ရရှိခဲ့တာလို့လည်း သိရပါတယ်။

သတင်း

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ စာရင်းများအရ ပြီးခဲ့သည့် တစ်ပတ်အတွင်း တစ်ကမ္ဘာလုံးတွင် COVID-19 လူနာသစ်ဖြစ်ပွားမှု မြင့်တက်လာသည်ဟု ဆိုသည်။