Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

တိတ်ဆိတ်ခြင်းရဲ့ အကျယ်လောင်ဆုံးအသံ

တစ်ကယ်တမ်းဆိုရင် လှည်းတန်းရဲ့ မနက်ခင်းတိုင်းဟာ ကားဟွန်းသံ၊ သွားလာနေသူတွေရဲ့ ပြောသံ ဆိုသံတွေအပြင် စျေးရောင်းသူ၊ စျေးဝယ်သူတွေ့ရဲ့အသံတွေ ညံနေတတ်တာပါ။

မနက် ၁၀ နာရီမထိုးခင်မှာပဲ ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံ အနီးဝန်းကျင်မှာ လမ်းသွားလမ်းလာနဲ့ ယာဥ်အသွားအလာတွေ ကျဲပါးနေပါတယ်။

ပုံမှန်အခြေအနေဆိုရင် မီးပွိုင့်မိနေလို့ လမ်းမပေါ်တန်းစီရပ်နားထားတဲ့ ကားမျိုးစုံကြား သူ့ထက်ငါ အပြေးအလွှားနဲ့ လမ်းဖြတ်ကူးနေသူတွေကို တွေ့ကြရမှာပါ။

သို့သော် ဒီကနေ့(ဒီဇင်ဘာ ၁၀)မှာ အဲဒီမြင်ကွင်းတွေ မတွေ့ရဘူး။ စျေးသည်တွေ၊ စျေးဝယ်တွေ၊ လမ်းသွားလမ်းလာတွေနဲ့ ပြည့်နေတတ်တဲ့ လှည်းတန်းစျေးဟာလည်း ဒီကနေ့မှာ ထူးထူးခြားခြားဆိုသလို ပိတ်ထားပါတယ်။

တစ်ကယ်တမ်းဆိုရင် လှည်းတန်းရဲ့ မနက်ခင်းတိုင်းဟာ ကားဟွန်းသံ၊ သွားလာနေသူတွေရဲ့ ပြောသံ ဆိုသံတွေအပြင် စျေးရောင်းသူ၊ စျေးဝယ်သူတွေ့ရဲ့အသံတွေ ညံနေတတ်တာပါ။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ဒီကနေ့မှ သူတို့အသံတွေ ဘာကြောင့် တိတ်ဆိတ်နေရပါသလဲ။ တခြားဟုတ်နိုင်ပါရိုးလား။ ဒီကနေ့ဟာ စစ်အာဏာရှင်ကို တွန်းလှန်အံတုနေတဲ့ မြန်မာပြည်သူတွေရဲ့ Silent Strike Day ဖြစ်နေလို့ပါပဲ။

တစ်နည်းအားဖြင့် ဒီကနေ့(ဒီဇင်ဘာ ၁၀)ရက်နေ့ဟာဆိုရင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့လည်း ဖြစ်ပါတယ်။

လူ့အခွင့်အရေးနေ့ရယ်လို့ ဖြစ်လာတာက ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးက ၁၉၄၈ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ လူ့အခွင့်အရေးကြေညာစာတမ်းကြီးကို သဘောတူလက်မှတ်ရေးထိုးရာက အစပြုခဲ့တာ ဖြစ်ပါတယ်။

အဲဒီကြေညာစာတမ်းကြီးမှာ လူသားတွေရဲ့ လူမျိုး၊ ဘာသာ၊ ကိုးကွယ်ယုံကြည်မှု စတဲ့ မတူကွဲပြားမှု တွေကိုအခြေခံပြီး မည်သည့်ခွဲခြားမှုမှ မရှိစေရဘဲ လူသားအားလုံး တန်းတူအခွင့်အရေးရှိရမယ်ဆိုတာကို တရားဝင်ပြဌာန်းလိုက်တာလည်း ဖြစ်ပါတယ်။

ဒါကြောင့်မိုလို့ ဒီကနေ့မှာကျရောက်တဲ့ လူ့အခွင့်အရေးနေ့ကို အခြေပြုပြီး မြန်မာပြည်သူတွေဟာလည်း တိတ်ဆိတ်ခြင်းရဲ့အသံတွေကို နိုင်ငံတစ်ဝှမ်းမှာ ထုတ်ဖော်ပြသနေကြပါတယ်။

ဖေဖော်ဝါရီ ၁ စစ်တပ်ကအာဏာသိမ်းပြီးကတည်းက မတရားဖမ်းဆီးခံရတာ၊ ဖမ်းဆီးနှိပ်စက် သတ်ဖြတ် ခံရတာတွေအပြင် လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတဲ့အခါ ခုလို တိတ်ဆိတ်ခြင်းရဲ့ အသံတွေ ပဲ့တင်လာခဲ့တာပါ။

ဒါကိုပဲ ပြည်သူတစ်ဦးက “တိတ်ဆိတ်ခြင်းဟာ နာခံခြင်းမဟုတ် တော်လှန်ခြင်းသာဖြစ်တယ်” လို့ ဆိုပါတယ်။

သည်တော့ အာဏာရှင်ရဲ့ဆိုးယုတ်မှုကို တော်လှန်ကြောင်းပြသဖို့ ဒီကနေ့မှာ ပြည်သူတွေဘယ်လောက်အထိ လုံလပြုကြပါသလဲ။ တစ်ကယ်တော့ ရိုးရှင်းလှပါတယ်။

အများသဘောတူ သတ်မှတ်ထားတဲ့ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ လမ်းပေါ်မထွက်ဘူး။ ဆိုင်မဖွင့်ဘူး။ အလုပ်မသွားဘူး။ အိမ်မှာပဲ နေမယ်။ ဒီလောက်ပါပဲ။ ဒါကိုက တိတ်ဆိတ် ခြင်းမှာပဲ့တင်လာတဲ့ တော်လှန်သံ တွေလည်း ဖြစ်ပါတယ်။

“အမှန်တရားကိုလိုချင်တယ်။ သူတို့(အကြမ်း ဖက်စစ်ကောင်စီ)ခြိမ်းခြောက်ရက်စက်ပြလေ နာကျည်းလေ နောက်မဆုတ်လေဖြစ်နေမှာပါ”လို့ မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက သူ့အမြင်ကို ပြောပါတယ်။

ငါတို့မြို့ ငါတို့ပိုင်တယ်၊ ငါတို့ငြိမ်ချင် ငြိမ်မယ်၊ ငါတို့ လှုပ်ချင်လှုပ်မယ်ဆိုတဲ့ ကြွေးကြော်သံတွေနဲ့အတူ ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေသာမက မြို့ငယ်လေးတွေမှာပါ အသံတိတ်သပိတ်တွေ ဆင်နွှဲနေကြပါပြီ။

ရန်ကုန်ဆိုရင် လှည်းတန်းလို၊ ၈ မိုင်လမ်းဆုံလို၊ မြို့တော်ခန်းမနဲ့ ဆူးလေဘုရားအနီးဝန်းကျင်လို၊ မဂ်လာစျေးနဲ့ ပလာဇာတို့လို လူစည်ကားတဲ့နေရာတွေပါ တိတ်ဆိတ်နေပါတယ်။

အလားတူ မန္တလေးမှာဆိုရင်လည်း ဘူတာကြီးအနီးဝန်းကျင်လို၊ စျေးချိုလို၊ အိမ်တော်ရာ ဆင်ကြီးနှစ်ကောင် အနီးဝန်းကျင်လို၊ မန်းကျောက်ဝိုင်းတို့လို နေရာတွေပါ ဒီကနေ့ အသံတိတ်သပိတ်မှာ တိတ်ဆိတ်သွားကြတာပါ။

ဒါပေမယ့် တိတ်ဆိတ်ခြင်းရဲ အသံတွေကို မကြားနိုင်၊ မမြင်နိုင်လောက်အောင် ကြောက်ရွံ့နေတဲ့ အဖွဲ့အစည်းတစ်ခုလည်း ပြည်သူတွေရဲ့ ဆန့်ကျင်ဘက်မှာ ရှိနေပါတယ်။

အဲဒီအဖွဲ့အစည်းကတော့ အများသိပြီးဖြစ်တဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ သူ့ရဲ့လက်ပါးစေတွေပဲ ဖြစ်ပါတယ်။ ယမန်နေ့(ဒီဇင်ဘာ ၉)ရက် မတိုင်မီကတည်းက စျေးဆိုင်တွေမပိတ်ဖို့၊ ပုံမှန်အတိုင်း သွားလာကြဖို့ သတိပေး တာတွေ မြို့နယ်တချို့မှာ ရှိခဲ့ပါတယ်။

ပြောမယ်ဆိုရင် စစ်ကောင်စီနဲ့ သူ့ရဲ့လက်ပါးစေတွေဟာ သတိပေးတာတွေယုံမျှမက ဆိုင်တွေပုံမှန်မဖွင့်ရင် အရေးယူခံရမယ်ဆိုတဲ့အထိ ခြိမ်း ခြောက်တာတွေပါ ရှိခဲ့ပါတယ်။

ဒီကနေ့မနက်မှာဆိုရင် ရန်ကုန်ကမာရွတ်မှာရှိတဲ့ ပိတ်ထားတဲ့ဆိုင်တွေက ပစ္စည်းတွေကို စစ်ကောင်စီတပ်တွေက ယူငင်သိမ်းဆည်းသဖွားတယ်ဆိုတာမျိုးတွေပါ ကြားသိလာရပါတယ်။

ဒါပေမဲ့ ပြည်သူက ပြည်သူပါပဲ။ သူတို့ရဲ့ ဆန္ဒတွေကို တိတ်ဆိတ်ခြင်းနဲ့အတူ အကျယ်လောင်ဆုံး ဟစ်ကြွေးလျက်ပါ။

“အပေါ်တင် မပါဝင်ရဲကြအောင် ခြိမ်းခြောက်ခံနေရလို့ ငြိမ်နေပေမယ့် သွေးမအေးကြသေးပါဘူး”လို့ အသံတိတ်သပိတ်မှာပါဝင်နေတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

တိတ်ဆိတ်ခြင်းမှာ ပြည်သူတွေပါဝင်မှုနည်းအောင်၊ ထင်ယောင်ထင်မှားဖြစ်အောင်ရည်ရွယ်ပြီး ဒီကနေ့(ဒီဇင်ဘာ ၁၀)မှာ အသံတိတ်သပိတ် မလုပ်ဖြစ်တဲ့အကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက စာထုတ်လေဟန် စာတု၊ သတင်းတုတွေ ဖြန့်ချိတာကိုလည်း ပြည်သူနဲ့ဆန့်ကျင်ဘက်အုပ်စုတွေက မြိန်ရေယှက်ရေ ဖြန့်ကြပါ သေးတယ်။

ဒါပေမဲ့ ပြည်သူက ပြည်သူပါပဲ။ ဘယ်လို အတား၊အဆီးနဲ့ အနှောက်အယှက်တွေရှိနေပါစေ တိတ်ဆိတ်ခြင်းမှာ စုပေါင်းစီးမျောနေကြတာဟာ ပြောမယုံ ကြုံဖူးမှသိ ဆိုသလိုပါပဲ။

ပြောမယ်ဆိုရင် ဒီကနေ့(ဒီဇင်ဘာ ၁၀)မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အတူ အသံတိတ်သပိတ်ဆင်နွှဲကြတာ လူထုလူတန်းစား အလွှာအသီးသီးက ပါဝင်ကြတာလည်း ဖြစ်ပါတယ်။

အနုပညာရှင်တွေက သူတို့ရဲ့ကြော်ကြားမှုနဲ့အတူ အသံတိတ်သပိတ်ဆင်နွှဲဖို့ တပ်ဦးတွေကနေ စည်းရုံး ဆော်သြကြတယ်။ အလားတူ ပြည်သူ့ဘက်ကရပ်တည်ခဲ့တဲ့ CDM ဝန်ထမ်း ရဲနဲ့စစ်သားတွေကလည်း ရောက်ရာအရပ်ကနေ လက်သုံးချောင်းထောင်ပြီး ပြသကြတယ်။

ခေတ်အဆက်ဆက် တော်လှန်ရေးတပ်ဦးတွေကနေပါဝင်ခဲ့ကြ၊ ပါဝင်နေဆဲ ကျောင်းသားလူငယ်တွေဟာလည်း အိမ်နေရင်း တော်လှန် ရေးအသိ တော်လှန်ရေးသတိတွေ ဆထက်တိုးစေဖို့ တော်လှန်သံချပ်တွေနဲ့ တပ်လှန့်ကြတာပါပဲ။

အခြေအနေအရ တောခို၊ သေနတ်စွဲပြီး အရာရာစွန့်လွှတ်ထားသူတွေက သဘောထားကြီးကြီးနဲ့ ကျေးလက်၊ မြို့ပြ အလွှာစုံနဲ့အတူရှိကြောင်း လွတ်မြောက်နယ်မြေတွေကနေ လက်သုံးချောင်းနဲ့ သတင်းစကားပါးဖို့ မမေ့လျော့ခဲ့ကြတာဟာ သြချလောက်တဲ့ တော်လှန်မှုတွေပါ။

“ပြည်သူတွေရဲ့ ဒီမိုကရေစီ လိုချင်တဲ့ စိတ်ဇောအဟုန်ကို မြင်ရတာ မျက်ရည်လည်မိတယ်။ တကယ့်အထက် တန်းစားနိုင်ငံသားတွေဗျ။ဘယ်သူပြောမလဲ။ ကောက်ရိုးမီးပါလို့။ ဆယ်လအကြာအထိ လူထု တော်လှန်ရေး အလံကို တလွင့်လွင့်လွှင့်ထူထားကြတာဗျ။ဘယ်သူပြောမလဲ။ သူများယောင်လို့လိုက်ယောင်တဲ့လူထုပါလို့။ ဒီလောက်နိုင်ငံရေးအသိမြင့်မြင့်မားမားနဲ့ စစ်အာဏာရှင်တွေကို ဆန့်ကျင်တွန်းလှန်နေကြတာဗျ”လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ၊နိုင်ငံရေးဆောင်းပါးရှင်ဖြစ်တဲ့ ကိုရဲက တိတ်ဆိတ်ခြင်းသပိတ်ဆင်နွဲနေကြတာအပေါ် မှတ်ချက်ပြုထားပါတယ်။

သူကဆက်ပြီတော့ “အကြမ်းဖက်လိုင်းတက်နေပြီတို့၊ လက်ယဉ်နေပြီတို့ အာမနာပပြောတဲ့ “မောင်တို့ရေ” ကြည့်လှည့်ပါဦး။ အကြမ်းမဖက်လှုပ်ရှားမှုထဲမှာမှ အသိမ်မွေ့ဆုံးဖြစ်တဲ့ အသံ တိတ်သပိတ်ကို နိုင်ငံနဲ့အဝှမ်း လုပ်ပြနေတာဗျ။ အခြေခံအသိလောက်ရှိရင်ကိုဖြင့် ဒီလိုပြည်သူတွေရဲ့ဆန္ဒကို ဥပေက္ခာပြုနိုင် လိမ့်မယ်မထင်ဘူး။တော်လှန်ရေး၊ တော်လှန်ရေးတစာစာအော်ပြီး ကြိတ်ဝိုင်းနိုင်ငံရေးကိုမှ အဆင့်မြင့်နိုင်ငံရေးလို့ ထင်နေကြသူများလည်း ကြည့်လှည့်ပါဗျာ။ပြည်သူတွေလုပ်ပြနေတာ အဆင့်မြင့်ဆုံးနိုင်ငံရေးပဲဗျ” လို့ ဖေ့စ်ဘွတ်ခ်မှာ ရေးသားထားပါတယ်။

ဒါကြောင့်လည်း အသံတိတ်သပိတ်မှာ ပြည်သူ လူထုတစ်ရပ်လုံးက တက်တက်ကြွကြွပူးပေါင်း ပါဝင်ကြတာ ကိုကြည့်ပြီး အမျိုးသားညီညွတ်ရေးအစိုး(NUG)ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ခုလိုမှတ်ချက်ပြု ထားပါတယ်။

“ပြည်သူကို ကြောက်အောင်ခြောက်နေပေမဲ့ ကိုယ်တိုင်က ကြောက်နေတဲ့အာဏာရူးတွေအတွက် ပြည်သူကပြန်ပေးလိုက်တဲ့အကျယ်လောင်ဆုံး တိတ်ဆိတ်သံ”လို့ သူက ဆိုပါတယ်။

ဓာတ်ပုံ – ရွှေအင်းသား ခင်မောင်ဝင်း

ဆက်စပ်သတင်းများ

News

တိတ်ဆိတ်ခြင်းသပိတ် ‘Silent Strike’ အဖြစ် နေအိမ်တွင်နေထိုင်ခြင်း၊ စီးပွားရေးလုပ်ငန်းများကို ပိတ်ချခြင်းတို့ကို နံနက် ၁၀ မှ ညနေ ၄ နာရီအထိပြုလုပ်ခဲ့ကာ မြန်မာနိုင်ငံမြို့ကြီးများနှင့် မြို့အသီးသီးရှိ လမ်းမများပေါ် လူသွားလူလာ ရှင်းလင်းနေခဲ့သည်။

News

“ဒီနေ့မှာ မြန်မာပြည်သူတွေရဲ့ ရဲရင့်မှုနဲ့ခံနိုင်ရည်မှုတွေက လူ့အခွင့်အရေးနေ့ကို ဂုဏ်ပြုခဲ့ပြီး အားလုံးပါဝင်တဲ့တိတ်ဆိတ်ခြင်းသပိတ်နဲ့အတူ စစ်အာဏာသိမ်းမှုအပေါ် သူတို့ရဲ့ဆန့်ကျင်ဖီဖန်မှုကို ပြသခဲ့ပါတယ်” ဟု Rupert Colville က ​ပြောသည်။

News

Silent Strike သတင်းကို Reuters၊ AFP အပါအဝင် ကမ္ဘာ့သတင်းအေဂျင်စီများသာမက တူရကီ၊ ဂျပန်၊ ဘင်္ဂလားဒေ့ရှ် အခြေစိုက် သတင်းဌာနများကလည်း ဖော်ပြခဲ့ကြသည်။

ဗီဒီယို

တစ်​နေ့လုံးအသံတိတ်သပိတ် Silent Strike ​အောင်မြင်စွာဆင်နွှဲပြီးတဲ့​နောက် ရန်ကုန်မှာ လက်ခုပ်သံတီးလို့ ​အောင်ပွဲခံ​ခဲ့ကြပါတယ်။