Connect with us

Hi, what are you looking for?

ဆောင်းပါး

လျှပ်စစ်ရထား၊ လျှပ်စစ်ကားနဲ့ အဆိုးရွားဆုံးဓာတ်အားပြတ်တောက်မှုပြသနာ

လက်ရှိအခြေအနေဟာ ရန်ကုန်နဲ့အခြားမြို့ကြီးတွေအတွက် ဆယ်စုနှစ်တစ်ခုအတွင်း အဆိုးရွားဆုံးဓာတ်အားပြတ်တောက်မှုကိုရင်ဆိုင်နေရတာပါ။

Photo - Ye Aung Thu/Agence France-Presse — Getty Images

“မီးလာပြီ” လို့ ဟေးကနဲ အော်ဟစ်သံတွေ ရပ်ကွက်ထဲ ပြန်ကြားနေရတာကြာပါပြီ။

ဘယ်အချိန်လာမယ်မသိတဲ့မီးကိုမျှော်ရင်း အလုပ်တွေလည်ပတ်ရတာ၊ မီးမမှန်လို့ ချက်ရေးပြုတ်ရေးကအစ နေ့တဓူဝ လူမှုဘဝစီးပွားအခက်အခဲနဲ့ ရိုက်ခတ်မှုများစွာကို လွန်လေပြီးသောစစ်အစိုးရအဆက်ဆက်ခံစားခဲ့ရပြီးတဲ့ ပြည်သူလူထုဟာ အခုလည်း အာဏာသိမ်းစစ်ကောင်စီလက်ထက် ဆိုးဆိုးရွားရွားကြုံရပြန်ပါတယ်။

လက်ရှိအခြေအနေဟာ ရန်ကုန်နဲ့အခြားမြို့ကြီးတွေအတွက် ဆယ်စုနှစ်တစ်ခုအတွင်း အဆိုးရွားဆုံးဓာတ်အားပြတ်တောက်မှုကိုရင်ဆိုင်နေရတာပါ။

တစ်နိုင်ငံလုံးလျှပ်စစ်ရထားပြေးမယ်၊ မြို့ပေါ်က ကားတွေ လျှပ်စစ်ကားဖြစ်ရမယ်လို့ မစားရဝခမန်း ပြောနေတဲ့ စစ်ကောင်စီခေါင်းဆောင်ဟာ မီးပုံမှန်မပေးနိုင်တဲ့အခါ အကြောင်းပြချက် ၅ ချက်ပေးပါတယ်။

Public Service Announcement

Public Service Announcement

သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံတွေကို ဓာတ်ငွေ့ပို့ပေးနေတဲ့ ရတနာဓာတ်ငွေ့စီမံကိန်းကို ပြုပြင်နေရတာ၊ ပွင့်လင်းရာသီဖြစ်လို့ ရေအားလျှပ်စစ်အတွက်ရေရရှိမှုနည်းပါးလာတာ၊ ဓာတ်အားပေးစက်ရုံတွေကိုပုံမှန်ပြင်ဆင်ရတာ၊ နိုင်ငံခြားကတင်သွင်းရတဲ့ ဓာတ်ငွေ့ဈေးတက်လို့ ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံအချို့ ပိတ်လိုက်ရတာဆိုတဲ့ အချက်တွေနဲ့ အကြောင်းပြပါတယ်။

သန်းရွှေ စစ်အစိုးရလက်ထက် နိုင်ငံပိုင်သတင်းစာဖြတ်ပိုင်းတစ်ခု

ဒါအပြင် ဘီးလူးချောင်း ဓာတ်အားပေးစက်ရုံရဲ့ တာဝါတိုင်မိုင်းခွဲခံရတာကိုလည်းဆွဲထည့်တာတွေ့ရပါတယ်။

စစ်ကောင်စီရဲ့ အကြောင်းပြချက်တွေမှာ အဓိက အချက်ကိုတော့ ဝန်ခံမသွားဘူးလို့ ရန်ကုန်ဆင်ဖြေဖုန်းမြို့နယ်တစ်ခုက လိုင်းတာဝန်ခံ လျှပ်စစ်ဝန်ထမ်းတစ်ဦးကထောက်ပြပါတယ်။

အဲဒါကတော့ လျှပ်စစ်ဝန်ထမ်းတွေ အာဏာဖီဆန် CDM လုပ်တာနဲ့ လူထုက စစ်ကောင်စီကိုဆန့်ကျင်တဲ့အနေနဲ့ မီတာခမဆောင်ကြတာပဲဖြစ်ပါတယ်။

” ကျွမ်းကျင်တဲ့သူတွေ CDM လုပ်တော့ လူဖြည့်တယ်၊ အဲလူတွေက မကျွမ်းဘူး လုပ်ငန်းပိုင်းနှေးတယ်၊ မီတာ ခမရတာတော့သူတို့အထိနာဆုံးပဲ” လို့ အဲဒီ လိုင်းတာဝန်ခံ လျှပ်စစ်ဝန်ထမ်းက ပြောပါတယ်။

လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနမှာ အာဏာသိမ်းတဲ့လုပ်ရပ်ကိုဆန့်ကျင်တဲ့အနေနဲ့ CDM လုပ်တဲ့ဝန်ထမ်းအင်အားက လျှပ်စစ်ဌာနဘက်ပိုင်းမှာတင် ၈၀ ရာခိုင်နှုန်းခန့်ရှိတယ်လို့သိရပါတယ်။

အဲဒီ CDM စာရင်းမှာ ဓာတ်အားထုတ်လုပ်ရေးနဲ့ဖြန့်ဖြုးရေးအပိုင်းကသူတွေ ပါဝင်ကြပါတယ်။

စစ်ကောင်စီကတော့ ဒီလိုဆန့်ကျင်သူတွေကို အလုပ်ထုတ်ပါတယ်။ ပြီးခဲ့တဲ့ မေလထဲကတင် လျှပ်စစ်ဌာနမှာအလုပ်ထုတ်ခံရတဲ့ အရာထမ်း၊ အမှုထမ်းဦးရေဟာ ၃၇၀၀ ကျော်ရှိပါတယ်။

စစ်ကောင်စီဟာ လူသစ်တွေကို ဖြည့်တင်းပေမယ့် လုပ်ငန်းကျွမ်းကျင်မှုလိုအပ်တာကြောင့် ဓာတ်အားဖြန့်ဖြူးရေးမှာအပြစ်ဖြစ်ရင် ပြင်ဆင်ဖို့ အချိန်ကြန့်ကြာတာ၊ ဓာတ်အားထုတ်လုပ်ရေးပိုင်းမှာအခက်ကြုံတာတွေရှိနေတယ်လို့ သိရပါတယ်။

ဒါအပြင် လူထုက စစ်ကောင်စီရဲ့ အသက်သွေးကြောဖြတ်ဖို့အခွန်မဆောင်တဲ့အနေနဲ့မီတာခမပေးတဲ့အခါ စစ်ကောင်စီဟာ လျှပ်စစ်ကဏ္ဍမှာ ပိုပြီးအထိနာလာပါတော့တယ်။

ဂျပန်သတင်းဌာန Nikkei Asia က သတင်းရင်းမြစ်တစ်ခုရဲ့ပြောဆိုချက်ကို ကိုးကားပြီး ဖော်ပြချက်အရဆို စစ်ကောင်စီရဲ့လျှပ်စစ်ဌာနဟာ လူထုက မီတာမဆောင်တဲ့အခါ ဒေါ်လာသန်းရာနဲ့ချီပြီး နစ်နာနေတယ်လို့ သိရပါတယ်။

မီတာခလည်းမရ၊ တိုင်းပြည်မှာ လိုအပ်တဲ့ဓာတ်အားကိုလည်းအပြည့်ပေးဖို့မစွမ်းဆောင်နိုင်တဲ့ စစ်ကောင်စီဟာ အရင်စစ်အစိုးတွေလိုပဲ လို လျှပ်စစ်မီးကို အချိန်ပိုင်းနဲ့ပေးလာပါတယ်။

မနက် ၇ နာရီကနေ ည ၁၁ နာရီအတွင်း မီးအချိန်ပိုင်းပြတ်တာတွေရှိမယ်လို့ စစ်ကောင်စီက ဒီနှစ်ဆန်းပိုင်းကတည်းက ကြေညာထားပါတယ်။

အခုဆိုရင် ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာ နေ့စဉ် မီးပျက်တာကို ၂ ကြိမ်လောက် ကြုံနေရပါပြီ၊ မီးတစ်ခါပျက်ရင်လည်းအနိမ့်ဆုံး ၃ နာရီလောက်ကြာတယ်လို့ ရန်ကုန်မြို့ခံတစ်ဦးကပြောပါတယ်။

“အကြပ်တည်းကြားက ဝန်ထမ်း ၅ ယောက်လောက်နဲ့လုပ်နေတဲ့ လုပ်ငန်းလေးတောင် ဘာမှလုပ်မရတော့ဘူး။ ဝန်ထမ်းတွေလည်း မီးလာတဲ့အချိန်ပဲ အလုပ်ပေး မီးလာသလောက်ပဲ ခံစားခွင့်တွက်ပေးရတာတွေဖြစ်ကုန်ပြီ” လို့ တစ်နိုင်တစ်ပိုင်အထည်ချုပ်အလုပ်လုပ်နေတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဒါဟာ စီးပွားရေးကျပ်တည်းမှုကို ကြုံနေရတဲ့ လူထုရဲ့နေ့စဉ်ဘဝတွေကို အသက်ရှုပိုကြပ်စေပြီး အသေးစား အလတ်စား လုပ်ငန်းတွေအပါအဝင်လုပ်ငန်းကြီးတွေအထိ သက်ရောက်မှုလည်းရှိလာမှာပါ။

သံပန်းသံတံခါး လုပ်ကိုင်နေသူ အလုပ်ရှင်တစ်ဦးကဆို မီးပြတ်တဲ့အတွက် သူ့လုပ်ငန်းဟာ ရပ်ထားရမလိုတောင်ဖြစ်နေပြီလို့ ပြောပါတယ်။

လျှပ်စစ်မီးပေါ် အားထားလုပ်ကိုင်ရတဲ့ သူ့လုပ်ငန်းခွင်ဟာ မီးပြတ်တဲ့အခါ သတ်မှတ်ရက်ချိန်းအတိုင်းမပြီးတာ၊ လုပ်ငန်းမတွင်ကျယ်တာတွေကြုံနေရပြီလို့ဆိုပါတယ်။

မီးစက်နဲ့ လုပ်ကိုင်မယ်ဆိုရင်လည်း အခုခေတ်ဆီဈေးနဲ့ ကိုက်မှာမဟုတ်ကြောင်းပြောပါသေးတယ်။

ဒါကြောင့် လုပ်သားတွေကို အရင်ကလို တနေ့တာလုံးအလုပ်မပေးနိုင်တော့ဘဲ အချိန်ပိုင်းသာပေးနိုင်တဲ့အတွက် လုပ်သားတွေလည်းဝင်ငွေနည်းသွားတယ်လို့ဆိုပါတယ်။

နေ့စဥ်လူနေမှုဘဝမှာလည်း ထမင်းဟင်းချက်တာကစလို့ မိုဘိုင်းဖုန်းအားသွင်းဖို့အထိပါအဆင်မပြေတွေဖြစ်လာတာပါ။ မီးပြတ်လို့ ချက်ရေးပြုတ်ရေးအတွက် ဂတ်စ်မီးဖိုဘက်လှည့်တဲ့အခါမှာလည်း ဂတ်စ်ဈေးတက်တာကိုကြုံနေရတယ်လို့ အိမ်ရှင်မတစ်ဦး ပြောပါတယ်။

၂၂၀ ဂရမ် ဂတ်စ်ဘူးတစ်ဘူးဟာ လွန်ခဲ့တဲ့ ၆ လလောက်က ဂတ်စ်ဖြည့်ခ ၄၀၀ ကျပ်သာကျသင့်ပေမယ့် အခုတော့ ၆၀၀ကျပ်ထိ ဈေးတက်သွားတယ်လို့ သိရပါတယ်။

မီးပြတ်တာဟာမီးဖိုချောင်တင်မက အွန်လိုင်းကနေ Live လွှင့်ပြီးဈေးရောင်းချတဲ့ ခေတ်ပေါ် လုပ်ငန်းတွေကိုပါ ရိုက်ခတ်လာပါတယ်။

Lvie လွှင့်ပြီး ဈေးရောင်းချ ဖေ့ဘွတ်ခ်ပေ့ချ် အများစုမှာ ” မီးပြတ်နေလို့ နောက်ကျသွားပါတယ်ရှင့်” ဆိုတဲ့တောင်းပန်စကားကို အခုနောက်ပိုင်းတော်တော်များများတွေ့ရပါတယ်။

လက်ရှိ လျှပ်စစ်မီးအခြေအနေက ရန်ကုန်ကို အုပ်စုတွေခွဲ အလှည့်ကျမီးပေးရတဲ့ ၂၀၀၀ ပြည့်လွန် ကာလတွေကို ပြန်ရောက်တော့မယ့် ကိန်းဆိုက်နေပြီလို့ သမ္မတ ဦးသိန်းစိန်လက်ထက်မှာပြန်ကြားရေးဝန်ကြီးတာဝန်ထမ်းဆောင်ခဲ့သူ ဦးရဲထွဋ်က ဖေ့ဘွတ်ခ်မှာရေးသားလာပါတယ်။

NLD အစိုးရလက်ထက်အစောပိုင်းကာလမှာ အရင်အစိုးရတွေလိုပဲ မီးခဏခဏပြတ်လို့ ဝေဖန်ခဲ့ရာကနေ မီးပျက်တာအနည်းဆုံးလို့ ဆိုနိုင်တဲ့ ၂၀၁၉ ၊၂၀၂၀ ကာလတွေရောက်တဲ့အခါ အားနာရတယ်လို့ ဦးရဲထွဋ်က ဝန်ခံထားပါသေးတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၆ ခုနှစ်အထိ လျှပ်စစ်မီး သုံးစွဲနိုင်တဲ့ အိမ်ထောင်စုဦးရေဟာ ၂၀၁၆ အထိ ၃၄ ရာခိုင်နှုန်းသာရှိရာကနေ NLD လက်ထက်မှာ ၅၄ ရာခိုင်နှုန်းအထိ ရှိခဲ့တာပါ။

၂၀၃၀ အရောက်မှာ တစ်နိုင်ငံလုံးမီးလင်းဖို့ကိုလည်း NLD အစိုးရ ကရည်မှန်းခဲ့ပါတယ်။ ပွင့်လင်းရာသီနဲ့နွေရာသီမှာ မီးမပြတ်ရအောင် LNG ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ စီမံကိန်းတွေနဲ့မီးပေးခဲ့ပါသေးတယ်။

အခုတော့ အဲဒီ LNG ဓာတ်ငွေ့ဟာ နိုင်ငံခြားက တင်သွင်းရပြီး ဈေး ၄ ဆလောက်တက်နေလို့ စက်ရုံတွေပိတ်ထားရတယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။

လျှပ်စစ်မီးကို ဖူလုံအောင်မပေးနိုင်တဲ့ စစ်ကောင်စီဟာ အရင်စစ်အစိုးရလိုပဲ သတင်းစာကနေ လူထုကို လျှပ်စစ်ဓာတ်အားချွေတာဖို့ ဆော်သြပါတယ်။

မီးအားဆွဲတက်သာတဲ့ LED မီးသီးတွေ လဲတပ်ကြဖို့ စစ်ကောင်စီက တိုက်တွန်းနေပါတယ်။

ဒါပေမယ့် ဘယ်အချိန်မှာ မီးပုံမှန်ပြန်ပေးနိုင်မယ်ဆိုတာကိုတော့ နှုတ်ဆိတ်နေဆဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ကသာမြို့နယ်တွင် တော်လှန်ပြည်သူများက စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ကြရန် ယနေ့(အောက်တိုဘာ ၇) နံနက်က လှုံ့ဆော်ဆန္ဒပြခဲ့သည်။

သတင်း

ရွှေကျင်တိုက်ပွဲ စစ်ကောင်စီလက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရ

သတင်း

ဖားကန့်မြို့၊ အေးမြသာယာရပ်ကွက်အတွင်းသို့ စစ်ကောင်စီက ယနေ့(အောက်တိုဘာလ ၇ရက်) နံနက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ရာ​ဒေသခံ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်ကောင်စီ ကောက်ယူမယ့် သန်းခေါင်စာရင်းကို ဆန့်ကျင်ကြဖို့ ယနေ့ (အောက်တိုဘာ ၆) မှာ အသီးသီး လှုံ့ဆော်ဆန္ဒပြခဲ့ပါတယ်။

Facebook