Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

စစ်​ကောင်စီကိုလောင်မြိုက်​​စေသော စစ်ကိုင်း​တော်လှန်​ရေးမီး

“ပြည်သူတွေက ခုခံဖို့ကလွဲပြီးဘာမရှိတော့ဘူးဗျ။တချိန်လုံးလဲပြေးလွှားနေရတော့ သူတို့ (အကြမ်းဖက်စစ်တပ်)အမြစ်မပြတ်မချင်း အကောင်းနေရမှာမဟုတ်တာ။ အကြမ်းဖက်ခံရတာတွေကြောင့် အားလုံးနီးပါးကတော်လှန်ရေးကိုကိုယ်စွမ်းသလောက် ရရာစွဲကိုင်ပြီးခုခံကြတာပါ”ဟုကနီPDFတပ်ရင်း( ၂ ) မှတာဝန်ရှိသူက​စစ်ကိုင်းတိုင်းမှ ပြည်သူများ၏ ခုခံကာကွယ်မှု အား​ကောင်းခြင်း၏ လျှိုဝှက်ချက်ကို ​ပြောပါသည်။

ကနီ PDF တပ်ဖွဲ့ဝင်များ စစ်​ရေး​လေ့ကျင့်စဥ် ။ ဓါတ်ပုံ-ကနီPDF-၂

စစ်ကိုင်းတိုင်းသို့ အကြမ်းဖက်စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးမြထွန်းဦး မတ်လ ၇ ရက်ကလာရောက်ခဲ့သည်။ ၎င်း မရောက်ရှိမီသုံးရက် အလိုမှာပင် စစ်ကိုင်း တိုင်းရှိ မြို့နယ်လေးခု(စစ်ကိုင်း၊မုံရွာ၊ ရွှေဘို၊ကလေး)မှလွဲ၍ ကျန်မြို့နယ်အားလုံး၌ MPT၊ အော်ရီဒူး နှင့် တယ်လီနော၊ Mytel စ​သောဆက်သွယ်ရေး​အော်ပ​ရေတာအားလုံး၏ မိုဘိုင်းအင်တာနက်လိုင်းများကို စစ်​ကောင်စီကရက်အကန့်အသတ်မရှိ ဖြတ်တောက်ခဲ့သည်။

ထို့အ​ခြေအ​နေများကြောင့် မကြာမီအချိန်တွင် စစ်ကိုင်းတိုင်း၌ အကြမ်းဖက်စစ်တပ်၏ ပြင်းထန်ပြီး ရက်စက်ယုတ်မာ​သောထိုးစစ်ဆင်မှုများကို ကြုံတွေ့လာရတော့မည်ဟု ဒေသခံ ပြည်သူ့ကာကွယ်
ရေးတပ်ဖွဲ့များကကြိုတင်ခန့်မှန်းတွက်ချက်ခဲ့ကြသည်။

စစ်​ကောင်စီက ခုခံတွန်းလှန်မှုအား​ကောင်း​သောစစ်ကိုင်းတိုင်းကို အညှိုးတကြီး စစ်ဆင်​ရေများလုပ်ခဲ့​သော အကြိမ်​ရေမှာမနည်း​တော့​ပေ။ ၂၀၂၁ ​အောက်တိုဘာလမှ စ၍ “အ​နော်ရထာ စစ်ဆင်​ရေး”အမည်ဖြင့် နှစ်မကုန်ခင်စစ်ကိုင်တိုင်းကို ထိန်းချုပ်မည်ဟု​ကြွေး​ကြော်ကာ ထိုးစစ်အကြီးအကျယ်ဆင်ခဲ့​သေးသည်။ သို့​သော် တစ်တိုင်းလုံးနီးပါးမှ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များက လက်လုပ်မိုင်းများ ၊လက်လုပ်​သေနတ်များဖြင့်ပင် ​​ပြောက်ကျားစစ်ဗျူဟာဖြင့် ရဲရဲဝံ့ဝံ့တိုက်ခိုက်ကြသဖြင့် “အ​နော်ရထားစစ်ဆင်​ရေး”မှာ “စစ်​ခွေးသချ်ိုင်းစစ်ကိုင်းတိုင်း” ဆို​သော ​ကြွေး​ကြော်သံ​အောက်အ​ရေးနိမ့်ခဲ့သည်။ စစ်ကိုင်းတိုင်းက စွာသလို ချင်းပြည်နယ်မှ တူးမီးကိုင် ​​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ၏ လက်သံ​ပြောင်မှု​ကြောင့် အ​နောက်​မြောက်တိုင်းစစ်ဌာနချုပ်(နမခ) စစ်တိုင်းမှူးကိုပင် ​ရာထူးချ​ပြောင်း​ရွေ့ခံလိုက်ရသည်။

PRA တပ်ဖွဲ့ဝင်များ တိုက်ပွဲဝင်ရန်ထွက်ခွာစဥ် ။ ဓါတ်ပုံ- PRA

စစ်ကိုင်းတိုင်းအခြေစိုက်နမခတိုင်းမှူး ဗိုလ်ချုပ်ဖြိုးသန့်ကို ၂၀၂၁ ဇန်နဝါရီ ၆ ရက်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်ခဲ့သည်။ တိုင်းမှူးသစ်အဖြစ် ကလေးမြို့အခြေစိုက် အမှတ် (၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၀) တပ်မမှူးဖြစ်သူ ဗိုလ်ချုပ်သန်းထိုက်ကို​ပြောင်းလဲ ခန့်အပ်ခဲ့သည်။ ထိုအပြင် ‘အနော်ရထာ’ စစ်ဆင်ရေးကို ကြီးကြပ်ရန် စစ်တိုင်းမှူး အပြင် စစ်ဆင်ရေးအထူးအဖွဲ့မှူးများအဖြစ် ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်နှင့် ဒုတိယဗိုလ်ချုပ်ကြီးတေဇကျော်တို့ကို ၂၀၂၁ အောက်တိုဘာလတွင်တာဝန်ပေးခဲ့​သေးသည်။ သို့​သော် အ​နော်ရထာ စစ်ဆင်​ရေးမှာ လက်လုပ်မိုင်းများ​ကြောင့်မရှုမလှ အ​ရေးနိမ့်ပြီး​နောက် ဒုတိယဗိုလ်ချုက်ကြီးသန်းလှိုင်မှာလည်း အ​ခေါက်ခံရပြီး စစ်​ကောင်စီ​၏ ပြည်ထဲ​ရေးဒုဝန်ကြီးတာဝန်ကိုသာပြန်ထမ်း​ဆောင်​ရ​တော့သည်။

Public Service Announcement

Public Service Announcement

ထို​ကြောင့် အကြမ်းဖက်စစ်​ကောင်စီက ယခုနှစ် မတ်လတွင် စစ်ကိုင်းတိုင်းကို အထူးစစ်ဆင်​ရေးတစ်ရပ်ထပ်မံဆင်နွှဲ​နေခြင်းဖြစ်သည်။ယခုစစ်ဆင်​ရေး၏ အမည်ကို မသိ့ရ​သော်လည်း စစ်ကိုင်းတိုင်းကို စစ်​ကောင်စီ၏တပ်မ​​တော်​နေ့ဖြစ်သာ မတ်လ ၂၇ ရက်မတိုင်ခင် ထိန်းချုပ်နိုင်ရမည်ဆို​သော ရည်မှန်းချက်ဖြင့်ဖြစ်​ကြောင်း ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များက​ပြောသည်။

“စစ်ကိုင်းတိုင်းကို မတ်လ(၂၇)ရက်နေ့မတိုင်ခင် အပြတ်ရှင်းရမယ်ဆိုပြီး ညွှန်ကြား ထားတယ်လို့သိရတယ်။အကုန်သတ် ၊အကုန်မီးရှို့ စနစ်နဲ့ ခြေမှုန်းမယ်လို့လဲ သတင်းတွေရထားတယ်။မသင်္ကာတဲ့ရွာမှန်သမျှ မီးရှို့၊မသင်္ကာသူမှန်သမျှ ဖမ်းဆီးသတ်ဖြတ်တာတွေ ပိုလာလိမ့်မယ်”ဟု စစ် ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုရန်ရှင်းအောင်က သူ၏အမြင်ကို ပြောသည်။

အင်တာနက်လိုင်းများကို ဖြတ်တောက်ပြီး​နောက် အကြမ်းဖက်စစ်​ကောင်စီတပ်၏
ယခုတစ်ကြိမ်ထိုးစစ်မှာ ပြည်သူများအ​ပေါ် ပိုမို အညှိုးတကြီးဖြင့် ဖျက်ဆီး အကြမ်းဖက်လာသည်။

ပြည်သူများကို သံသယရှိသည်နှင့် အထိန်းအကွပ်မရှိသတ်ဖြတ်သလို ၊​ဒေသခံ အမျိုးသမီးအချို့ကိုမူ မုဒိန်းကျင့် သတ်ဖြတ်မှုများ အထိ့ကျူးလွန်လာပြီး ရွာလုံးကျွတ်မီးရှို့ ဖျက်ဆီးခြင်းများကိုလည်း ဘယ်​ခေတ်ကာလကမှ မရှိခဲ့ဖူး​သောရက်စက်ယုတ်မာမှုမျိုးဖြင့် သောင်းကျန်း​နေကြသည်။

က​လေး PDF တပ်ဖွဲ့ဝင်များကလည်း အကြမ်းဖက်စစ်​တပ်ကို အကြိမ်ကြိမ်ရင်ဆိုင်ခုခံတိုက်ခိုက်ထားသည်။ ဓါတ်ပုံ-က​လေးPDF

“ကျွန်တော်တို့နဲ့ ဆက်စပ်တယ်လို့ သူတို့ (အကြမ်းဖက်စစ်တပ်)က သတ်မှတ်တဲ့ ရွာတွေတိုင်းက အခုနောက်ပိုင်း ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခံခဲ့ရတယ်။ဒါတင် မကဘူး ကလေးတွေရော သက်ကြီးရွယ်အိုတွေပါမရှောင်ဘူးပြည်သူတွေကို ရက်ရက်စက်စက် ပိုသတ်ဖြတ်လာတယ်။ဒီလိုလုပ်ရပ်တွေက စစ်ကိုင်းတိုင်း မှာ စစ်အာဏာရှင်ကို ဆန့်ကျင်သူတိုင်း နဲ့ မျိုးဆက်တွေကို လူမျိုးတုန်းသတ်ဖြတ်နေတယ်လို့ပဲ အသိပေးချင်တယ် “ဟု တန့်ဆည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ ​ပြောသည်။

ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များကို မကူညီမ​ထောက်ခံရဲ​စေရန် ထိုသို့ရက်စက်ယုတ်မာပြီးစစ်ကိုင်းတိုင်းမှ PDFများကို စားနပ်ရိက္ခာ ၊ ဘဏ္ဍာငွေ၊ သတင်းအ ချက်အလက်ထောက်လှမ်းရေးနှင့်လူထု ထောက်ခံမှု ဆိုသည့် ဖြတ်လေးဖြတ်စီမံကိန်း ကို အကြမ်းဖက်စစ်​ကောင်စီက ပီပီပြင်ပြင်အကောင်အထည်ဖော်​​နေခြင်းဖြစ်ကြောင်းPDF တပ်ဖွဲ့ဝင်တစ်ဦးဖြစ်​သော ကိုရန်ရှင်းအောင်က ​သုံးသပ်ပြောကြားသည်။

ယခုတစ်ကြိမ်စစ်​ကောင်စီထိုးစစ်တွင် တပ်ဖွဲ့ဝင်အင်အားပိုမိုများလာခြင်း ၊​ခေတ်မီတိုက်ခိုက်​ရေး လက်နက်ကရိယာများပိုစုံလာခြင်း ၊ ဗုံးကိုအဓိကအသုံးပြုတိုက်ခိုက်​သောစစ်ကိုင်းကို ဗုံး​ထောင်ခွဲမရ​စေရန် ဆက်သွယ်​ရေးလိုင်းဖြတ်​တောက်​သော Jammer များအသုံးပြုလာခြင်း ၊ အချို့​ဒေသများတွင် စစ်​ကောင်စီတပ်က ဓါတုလက်နက်ကိုပင်အသုံးပြုတိုက်ခိုက်​ကြောင်း PDFများက​ပြောလာခြင်း၊ ​ဒေသကျွမ်းကျင်​​သောစစ်​ကောင်စီ​က​လေ့ကျင့်လက်နက်တပ်ဆင်​ပေးထား​သော ပျူ​စောထီးများပိုမိုအသုံးပြုလာခြင်း၊ ရွေ့ လျား စစ်ထိုးပုံများယခင်ထက်ပို၍ မြန်ဆန်လာခြင်း စသည်တို့​ကြောင့် ဒေသခံ PDF များကို အခက်​တွေ့​စေခဲ့သည်များလည်းရှိသည်။ထို​ကြောင့် တိုက်ပွဲ အချို့တွင် ​ဒေသခံ PDF များ အထိ့နာခဲ့သလို စခန်းအချို့လည်းအသိမ်းခံခဲ့ရသည်။

မတ်လ တတိယပါတ်အထိ အမျိုးသားညီညွတ်ရေးအစိုးရ- NUG ကထုတ်ပြန်ထားသည် စစ်ကောင်စီကျူးလွန်ခဲ့သော ရာဇဝတ်မှုများမှတ်တမ်းတွင်စစ်ကိုင်းတိုင်းမှာဖြစ်စဥ် ဆယ်နှင့်ချီပြီး တစ်နိုင်ငံလုံးတွင်အများဆုံးဖြစ်သည်။

ယင်းမာပင်၊ရွှေဘို၊ကျွန်းလှ၊ခင်ဦး၊ကနီ၊ဒီပဲယင်း၊ မြောင်နှင့် ဝက်လက် တို့တွင် ဆိုးရွား​​သောစစ် ရာဇဝတ်မှုများ အကြိမ်ကြိမ်ကျူးလွန်ခဲ့ပြီး အသက်သုံးနှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ ဆယ်နှင့်ချီ၍ ရက်စက်စွာသတ်ဖြတ်ခံခဲ့ရသည်။

ယင်းမာပင်မြို့နယ်သ​ပြေ​အေးရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးစဥ် ။ ဓါတ်ပုံ-CJ

ထိုအပြင်အကြမ်းဖက်စစ်တပ်ဝင်ရောက်ပြီး နောက် ပျောက်ဆုံးနေသော၊ လူသားဒိုင်းအဖြစ်ဖမ်းဆီးခံရ​သော ပြည်သူ ဆယ်နှင့်ချီ ရှိသေးကြောင်းလည်း ဒေသတွင်းသတင်းရင်းမြစ်များက အသိပေးသည်။ ယင်းမာပင် မြို့နယ်တွင် က​လေးငယ်များ ၊သက်ကြီးရွယ်အိုများအပါအဝင်​ဒေသခံပြည်သူ ၁၂ ဦးရက်စက်စွာသတ်ဖြတ်ခံရခြင်း ၊ ခင်ဦးတွင် ပြည်သူများအပါအဝင် PDF လူငယ်များကို စစ်​ကောင်စီတပ်က သတ်ဖြတ်၍ ရွာအပြင်လယ်ကွင်းတွင်စွန့်ပစ်ခြင်း ၊ က​လေးမြို့နယ်တွင် ဆယ်​ကျော်သက်အရွယ်မိန်းက​လေးငယ်အပါအဝင် သားအမိသုံးဦးကို မီးရှို့သတ်ဖြတ်ခြင်း စ​သောဆိုးရွား​သောပြစ်မှုများကို အကြမ်းဖက်စစ်​တပ်က ကျူးလွန်ခဲ့သည်။

ပြည်သူများကိုသတ်ဖြတ် ၊ပစ္စည်းဥစ္စာများကိုလုယူခိုးဝှက်၍ ​နေအိမ်များမီးရှို့ ဖျက်ဆီး​သောအကြမ်းဖက်စစ်​ကောင်စီတပ်သားအများစုကလည်း ပြည်သူများကိုရန်သူလိုသ​ဘောထား၍အညှိုးတကြီးကျူးလွန်​နေခြင်းဖြစ်သည်။​ကျေးရွာများသို့ဝင်​ရောက်ဖျက်ဆီးပြီး ပြည်သူပိုင်​ငွေ​ကြေးဥစ္စာများကိုလုယက်၊ခိုးယူ​သောစစ်​ကောင်စီတပ်ဖွဲ့ဝင်များမှာ ရွာတစ်ရွာကိုဖျက်ဆီးပြီး​နောက် မည်မျှရ​ကြောင်းတစ်ဦးနှင့်တစ်ဦး အပြိုင်အဆိုင်ကြွားဝါ​နေသည်အထိ့ရိုင်းစိုင်း​နေ​ကြောင်း ယင်းမာပင်မြို့နယ်မှ PDF တပ်ဖွဲ့ဝင်တစ်ဦးက​ပြောသည်။ စစ်​ကောင်စီတပ်က စစ်ကိုင်းတိုင်းကို ထိုသို့ရက်စက်၊ယုတ်မာစွာဖိနှိပ်​နေ​သော်လည်း လက်​တွေ့တွင် ရလဒ်မှာ ၎င်းတို့​မျှော်လင့်ထားသည်နှင့်​ပြောင်းပြန်ဖြစ်​နေသည်။

“မီးရှို့ခဲ့တဲ့ ရွာ အိမ်ရှင်အများစုကတော့ စစ်ခွေးတွေ မုန်းလွန်းလို့ ဓါးမနဲ့ ဝင်ခုတ်မယ်ဆိုတာကြီးပဲ။ တားနေရတယ် “ဟု ကနီ PDF- ၂ မှတာဝန်ရှိသူအကြမ်းဖက် စစ်​ကောင်စီတပ်အ​ပေါ်​ပြည်သူများ၏ နာကြည်းမုန်းတီးမှုကို​ပြောသည်။

PDF များ၏ ခုခံတိုက်ခိုက်မှု မချိုးနှိမ်နိုင်​သောအ​ခြေအ​နေတွင် စစ်​ကောင်စီတပ်က ​ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများကိုသာ တွင်တွင်ကျယ်ကျယ်လုပ်​နေသည်။

“ဖက်ဆစ်တပ်ကဒီတစ်ကြိမ်စစ်ဆင်ရေးလုပ်တာ အရင်နဲ့ဘယ်လိုကွာလဲဆိုတော့ ရွာတွေကိုမီးရှို့တာတွေတိုးလာတယ်။ ပြည်သူလူထုကို ပိုမိုပြီးတော့ရက်စက်တဲ့လုပ်ရက်တွေလုပ်လာပါတယ်”ဟု
မြောင်မြို့နယ်တော်လှန်ရေးတပ်- MRA မှတာဝန်ရှိသူက ပြောသည်။

ထို​ကြောင့်ပင် စစ်ကိုင်းတိုင်းသည် စစ်​ကောင်စီတပ်၏ အညှိုးတကြီးမီးရှို့ဖျက်ဆီးခံ​နေရ​သော​ဒေသဖြစ်လာသည်။စစ်အုပ်စုက အာဏာသိမ်းပြီး​နောက်​ဖေ​ဖော်ဝါရီ၁ရက်မှ ၂၀၂၂ မတ်လ ၂၂ ရက်အထိ့ Data for Myanmar ကပြုစုထား​သောအချက်အလက်များအရ နိုင်ငံတစ်ဝန်း မီးရှို့ဖျက်ဆီးခံရ​​သော​နေအိမ်​ပေါင်း ၇၇၂၉ အိမ်ရှိရာ စစ်ကိုင်းတိုင်းတစ်တိုင်းထဲမှ ၄၈၆၄ အိမ်ရှိသည်။

ပုလဲတစ်မြို့နယ်က ၂၀၂၁ အိမ် ၊​ရွှေဘိုမြို့နယ်က ၅၈၆ အိမ်၊ မင်းကင်းမြို့နယ်က ၄၆၂ အိမ် တို့ဖြင့် စစ်​ကောင်စီတပ်၏အများဆုံးမီးရှို့ဖျက်ဆီးခံခဲ့ရသည်။

ဖျက်ဆီးခြင်းမျိုးစုံဖြင့် စစ်ကိုင်းတိုင်းကိုဖိနှိပ်​သော်လည်း အကြမ်းဖက်စစ်​ကောင်စီတပ် ရည်မှန်းချက်​ယခုတစ်ကြိမ်တွင်လည်း ရှုံးနိမ့်ခဲ့ပါသည်။သတ္တိ​ပြောင်​မြောက်လှ​သော အ​နောက်​မြောက်လွင်ပြင်မှ ​ကျေးလက်​နေ​တောင်သူလယ်သမားများ ၊မြို့ပြမှ လူငယ်များက လက်နက်ခဲယမ်း မပြည့်မစုံကြားကပင် ​ပျောက်ကြားဗျူဟာကိုအသုံးပြု၍ အ​ကောင်းဆုံးခုခံတိုက်ခိုက်​​နေသည်။ ​ဒေသတစ်ခုကိုဖိလျှင် ကျန်​ဒေသမှ လှုပ်​ပေးပြီး ဖက်ဆစ်တပ်အလစ်အငိုက်ကို​ချောင်း၍ ဇွဲ​ကောင်း​ကောင်းဖြင့်ခုခံတိုက်ခိုက်​နေသဖြင့် အချိန်ကြာလာသည်နှင့်အမျှ စစ်​ကောင်စီတပ်အထိနာလာသည်။

“စစ်ကိုင်းက ခုထိ ကောင်းကောင်းခုခံနိုင်တာက ​မြေပြင်တော်လှန်ရေး အင်အားစုတွေ အားကောင်းလို့ပါ” ဟုယင်းမာပင်မြို့နယ်မှ အမိ​မြေ​တော်လှန်​ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကသုံးသပ်သည်။

“လူထုတွေကတော့ ကျွန်တော်အခု ကြုံနေရတဲ့ ပတ်ဝန်းကျင်က လူတွေကတော့ စိတ်ဓာတ်ကျတာလည်း တစ်ယောက်မှမရှိဘူး။ အားလုံးက ရသလိုနဲ့ တော်လှန်မယ် ရသလိုနဲ့ တိုက်ခိုက်သွားမယ် ဒီလိုမျိုးတွေရှိတယ်” ဟု ယင်းမာပင်​ဒေသမှ PDF တပ်ဖွဲ့ဝင်တစ်ဦးဖြစ်​သော ဆရာ​သောင်းက​မြေပြင်အ​ခြေအ​နေကို​ပြောသည်။

ပြည်သူများ၏ ခုခံကာကွယ်မှု အား​ကောင်းခြင်း၏ လျှိုဝှက်ချက်ကို ကနီPDFတပ်ရင်း( ၂ ) မှတာဝန်ရှိသူက​အောက်ပါအတိုင်းရှင်းပြသည်။

“ပြည်သူတွေက ခုခံဖို့ကလွဲပြီးဘာမရှိတော့ဘူးဗျ။တချိန်လုံးလဲပြေးလွှားနေရတော့ သူတို့ (အကြမ်းဖက်စစ်တပ်)အမြစ်မပြတ်မချင်း အကောင်းနေရမှာမဟုတ်တာ။ အကြမ်းဖက်ခံရတာတွေကြောင့် အားလုံးနီးပါးကတော်လှန်ရေးကိုကိုယ်စွမ်းသလောက် ရရာစွဲကိုင်ပြီးခုခံကြတာပါ”

က​လေးမြို့နယ်မှ ဆယ်​ကျော်သက်မိန်းက​လေးငယ်နှစ်ဦးအပါအဝင် သားအမိသုံးဦးကို ဖမ်းဆီးမီးရှို့သတ်ဖြတ်ပြီး​​နောက်​တွေ့ရစဥ် ။ ဓါတ်ပုံ-CJ

ထို​ကြောင့် ပြည်သူများတွင် ခိုင်မာပြတ်သား​သောစိတ်ပိုင်းဖြတ်မှု ရှိပြီဖြစ်၍ လက်နက်ခဲယမ်းများကို ပိုမိုရရှိလျှင် အကြမ်းဖက်စစ်တပ်ကို ယခုထက်ပို၍ အထိ့နာ​အောင်တိုက်ခိုက်နုင်မည်ဖြစ်​ကြောင်းလည်း အထက်ပါတာဝန်ရှိသူက​ဆို​လေသည်။ထို​ကြောင့် NUG နှင့် ပြည်သူများက ပိုမိုအကူအညီ​ပေးကြရန်လည်း​တောင်းဆိုသည်။

“ပြည်သူတွေအနေနဲ့က အသက်ပေးတိုက်ပွဲဝင်နေတဲ့အတွက် လူသိ့ထင်ရှားမကူညီရဲရင်​တောင် low profile (လူသိ့နည်း​အောင် သိုသိပ်စွာ) နဲ့ ဘဲဖြစ်ဖြစ် တတ်စွမ်းသရွေ့ကူညီပေးကြပါလို့ပြောချင်ပါတယ်ဗျ။ငွေကြေးနိုင်သူကငွေကြေးလှူ၊ စခလှုပ်ရှားမှုသတင်းပေးနိုင်သူကပေး စေချင်တာမျိုးပါ။ အွန်လိုင်းသုံးနိုင်သူတွေကကလစ်စရာရှိတာကလစ်ပေါ့ဗျာ။ စိတ်သာရှိမယ်စုံနည်းမျိုးစုံနဲ့ပါဝင်လို့ရပါတယ်ဗျ ” ဟု ကနီ PDF မှတာဝန်ရှိသူက​မေတ္တာရပ်ခံသည်။

ဆရာ​သောင်းက​​တော့ PDF တပ်ဖွဲ့ဝင်များ၏ ခုခံ​တော်လှန်စစ်ပိုမို ကျစ်လစ်၍ စွမ်းရည်ပိုထက်မြက်လာ​စေရန် PDF တပ်ဖွဲ့များကို စုစည်းပြီး ​ကောင်းမွန်​သော​ခေါင်း​ဆောင်မှု ၊စည်းလုံးညီညွတ်စွာတိုက်ခိုက်နိုင်ပါက မင်း​အောင်လှိုင်၏စစ်တပ်ကို ​ကောင်းစွာ​ချေမှုန်းနိုင်မည်ဟူအကြံပြုသည်။

NUG အ​နေဖြင့် PDF အဖွဲ့များနှင့်ချိတ်ဆက်မှု ပိုအား​ကောင်းလာ​သော်လည်း ပိုမို​ထောက်ပံ့​ပေးရန် ၊​မြေပြင်တွင်တစ်ကယ်တိုက်ခိုက်​နေ​သောအဖွဲ့များကို စီစစ်၍ လက်နက်၊ရိက္ခာ၊​ငွေ၊နည်းပညာများပိုမို​ထောက်ပံ့​ပေးလျှင် ​နွေဦး​တော်လှန်​ရေး​အတွက်ပို​ကောင်း​ကြောင်းလည်း PDFများက​ပြောသည်။

“ကျွန်တော်ကဘယ်အဖွဲ့ သူကဘယ်အဖွဲ့ဆိုပြီးတော့ မာန်မာနတွေနဲ့ ငါတို့သည် လက်စွမ်းပိုပြရမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးတွေနဲ့ မသွားဘဲနဲ့ ငါတို့မှာ နှစ်လက်ရှိရင် ဟိုအဖွဲ့ကို တစ်လက်မျှပေးလိုက်ရင် တို့မှာ တိုက်အား ပိုကောင်းမယ်ဆိုတဲ့ မျှပေးကြမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ စည်းစည်းလုံးလုံးနဲ့ အလုပ်လုပ်ကြမယ်ဆိုရင် ပိုပြီးကောင်းလာမယ့် အဖွဲ့အစည်းဖြစ်မယ်ထင်ပါတယ်။အဲဒါက PDF ခေါင်းဆောင်တွေကို အဓိကပြောလိုတာပါ” ဟု ဆရာ​သောင်းကအကြံပြုသည်။

စစ်ကိုင်းကိုထိန်းချုပ်ရန်ဆိုကာအကြမ်းဖက်စစ်​ကောင်စီ၏ ရည်မှန်​သောရက်စွဲပြည့်ရန် ၂၄ နာရီသာလို​တော့သည်။ နေပြည်​တော်တွင် ​မတ် ၂၇ ၌ တပ်မ​​တော်​နေ့အခမ်းအနားကို ဟိတ်ဟန်ထုတ်၍ အာဏာလုစစ်​ခေါင်း​ဆောင်က ​အောက်​ခြေတပ်သားနှင့် ၎င်းတို့​ထောက်ခံသူများစိတ်ဓါတ်မကျရန် ဟန်​ရေးပြပွဲ ပြုလုပ်မည်ဖြစ်​သော်လည်း ၎င်းတို့ရည်မှန်းသလိုမတ် ၂၇ တိုင်​အောင် အ​နောက်​မြောက်လွင်ပြင်ကို မလွှမ်းမိုးနိုင်၍ ​စိုးရွံစိတ်နှင့် မချိတင်ကဲစိတ်တို့ ဖြစ်​နေပါလိမ့်မည်။

အ​နောက်​မြောက်လွင်ပြင်​ဒေသကလည်း မတ် ၂၇ အနားနီးလာသည်နှင့် ဗုံးများ ​သေနတ်များဖြင့်မြိုင်မြိုင် ကြို​နေကြသည်။ စစ်ကိုင်းတိုင်း၏​တော်လှန်​ရေးမီး​လောင်မြိုက်၍ ​ကောင်မှူ​တော်ဘုရားဝန်းအတွင်း အရပ်သားအစိုးရလက်ထက်က ထုလုပ်လှူဒါန်ခဲ့​သောစည်​တော်ကြီးကိုပင် စစ်​ကောင်စီက အ​ကြောင်းပြ၍ဖယ်ရှားပစ်​သည်။ထင်သလိုမဖြစ်​သော​ကြောင့် စည်​တော်ကြီး ပြီးလျှင် နမခစစ်တိုင်းမှူးသစ် ဗိုလ်ချုပ်သန်းထိုက်ကိုပါ ဖယ်ရှား ခြင်းရှိ ၊မရှိ မကြာခင်သိ့ရမည်ဖြစ်သည်။

အကြမ်းဖက်စစ်​ကောင်စီအတွက်အ​နောက်​မြောက်လွင်ပြင်မှ ​တော်လှန်​ရေးတပ်သားများ​ပေး​သောသတင်းစကားတစ်ခုလည်းရှိ​နေသည်။ “စစ်ဆင်ရေး ရှိရှိ ၊မရှိရှိ လာရင်တိုက်မှာပဲ။ကျွန်​တော်တို့မှာ လက်နက်အသာစီးမရပေမယ့် စိတ်ဓာတ်နဲ့ လူအင်အားကသူတို့ထက်သာပြီးသားဖြစ်တဲ့အတွက် အဆုံးထိတိုက်ပွဲဝင်သွားမှာပါဗျ “ဟု ကနီ PDF မှ တာဝန်ရှိသူက​ပြောပါသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။