Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

တော်လှန်ရေးမှာ ရှုံးပွဲတွေစတွေ့လာတဲ့ စစ်တပ်

မြန်မာ စစ်တပ်ဖက်မှာကျတော့ ဘာတိုးတက်မှုမှ မရှိတဲ့အပြင် ခေတ်နောက်ပြန်ဆွဲပြီး ရက်စက် ကြမ်းကြုတ်တဲ့ နည်းလမ်းမျိုးတွေကိုပဲ သုံးစွဲနေခဲ့တယ်။ လူနေ ဧရိယာတွေကို ဗုံးကြဲပြီး အရပ်သားတွေကို သတ်ဖြတ်တယ်။ နိုင်ငံ အနှံ့မှာ မြို့ရွာတွေကို မီးတင်ရှို့ခဲ့တယ်။

KNDF
KNDF

-Joshua Kurlantzick ​

ဒါက ခပ်တိုတို Blog တစ်ခုသာ ဖြစ်ပါတယ်။ မြန်မာ စစ်တပ်ရဲ့ ဘက်ပေါင်းစုံက ယိုယွင်း ဆုတ်ယုတ်လာမှုတွေနဲ့ ပတ်သက်လို့ ဒုတိယမြောက် Postကျမှပဲ အကျယ်တဝင့် ဆက်ရေးပါ့မယ်။

ပြီးခဲ့တဲ့နှစ်က နိုင်ငံရဲ့ ပြည်သူလူထုကိုရော၊ စီးပွားရေးကိုရော၊ ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍကိုပါ ဖရိုဖရဲ ထိခိုက် ပျက်စီးသွားစေပြီး ကျရှုံးနိုင်ငံ ဘဝကို ဦးတည်နေစေတဲ့ အာဏာသိမ်းမှုကြီး ပြီးကတည်းက စစ်တပ်ဟာ မြန်မာနိုင်ငံကို ထိန်းချုပ်ထားခဲ့ပါတယ်။ အာဏာသိမ်းမှုအလွန် ကာလတွေကို စစ်တပ်ဟာ ဆန့်ကျင်ဖက် အင်အားစုတွေအပေါ် အကြီးအကျယ် အသာစီး အနေအထားမျိုးနဲ့ စတင်ခဲ့ဖူးတယ်။ နိုင်ငံအရှေ့မြောက်ပိုင်းမှာ အခြေစိုက်ပြီး တိုက်ပွဲတွေကို ရှောင်လွှဲနေတဲ့ ဝပြည် သွေးစည်းရေး တပ်မတော် (UWSA)ကလွဲရင် ကျန်တဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေဟာ မြန်မာစစ်တပ်ကို လူအား၊ လက်နက်အင်အားမှာ ထိပ်တိုက် မယှဉ်သာခဲ့ပါဘူး။ နောက်တော့ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေ လနဲ့ချီ ကြာမြင့်လာပြီးချိန်မှာ မြန်မာနိုင်ငံက တော်လှန်ရေး လှုပ်ရှားသူတွေဟာ တောခိုပြီး ခုခံရေး တပ်ဖွဲ့တွေအဖြစ် လေ့ကျင့်လာခဲ့ကြပါတယ်။ သူတို့ရဲ့ အကြမ်းမဖက် ဆန္ဒပြမှုတွေဟာ ရက်ရက်စက်စက်နဲ့ သွေးထွက်သံယိုဖြိုခွင်း ခံရတာကလွဲရင် ဘာမှ အကျိုးမထူးခဲ့ဘူး။ သူတို့က တော်လှန်ရေး တပ်သားတွေ ဖြစ်လာတယ် ဆိုပေမယ့် ခေတ်မီ စစ်လက်နက်တွေ ခေါင်းပါးသလို စစ်ရေး နည်းဗျူဟာတွေနဲ့လည်း ရင်းနှီးကျွမ်းဝင်တာမျိုး သိပ်မရှိခဲ့ဘူး။

ကော်ဘရာစစ်ကြောင်း
ကော်ဘရာစစ်ကြောင်း

ဒါပေမဲ့ မကြာသေးခင် လပိုင်းတွေမှာတော့ တော်လှန်ရေး ဒီရေဟာ သိသိသာသာ ဦးတည်ချက် ပြောင်းလဲလာတယ်။ အင်အား တောင့်တင်းလှပါတယ်ဆိုတဲ့ မြန်မာစစ်တပ်ဟာ လျော့တိလျော့ရဲ ပေါင်းစည်းထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ PDF တော်လှန်ရေး အဖွဲ့တွေကို စစ်ရေးအရ ရှုံးနိမ့်သွားနိုင်တဲ့ ဖြစ်နိုင်ခြေတွေ ပိုပြီး ထင်ရှားလာနေပါတယ်။ PDFတွေဟာ နိုင်ငံအနှံ့မှာ ဖြန့်ကျက် လှုပ်ရှားနေပြီး စစ်တပ်ရဲ့ အားနည်း ညံ့ဖျင်းမှုတွေကို သက်ဝင် နားလည်လာတာနဲ့အမျှ လူသစ်တွေကိုလည်း တိုးပွား စုစည်းလာနေနိုင်ခဲ့ပါတယ်။

ကြည့်ရသလောက်တော့ မြန်မာစစ်တပ်ဟာ PDFတွေ သင်တန်းသား အဆင့်လောက်ပဲ ရှိသေးတဲ့ ၂၀၂၁ တုန်းက တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေကိုရော၊ PDFတွေကိုပါ ချိုးနှိမ်နိုင်မယ်လို့ ပေါ့ပေါ့တန်တန် ယူဆခဲ့ပုံ ရပါတယ်။ နောက်တော့ PDFနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေက တကယ့် တိုက်ခိုက်ရေး အင်အားစု တစ်ခုအဖြစ် ပီပီပြင်ပြင် ပေါင်းစည်းလာသလို ခေတ်မီ စစ်လက်နက်တွေလည်း စုဆောင်းလာနိုင်တယ်။ မြန်မာ စစ်တပ်ဖက်မှာကျတော့ ဘာတိုးတက်မှုမှ မရှိတဲ့အပြင် ခေတ်နောက်ပြန်ဆွဲပြီး ရက်စက် ကြမ်းကြုတ်တဲ့ နည်းလမ်းမျိုးတွေကိုပဲ သုံးစွဲနေခဲ့တယ်။ လူနေ ဧရိယာတွေကို ဗုံးကြဲပြီး အရပ်သားတွေကို သတ်ဖြတ်တယ်။ နိုင်ငံ အနှံ့မှာ မြို့ရွာတွေကို မီးတင်ရှို့ခဲ့တယ်။ စစ်တပ်ဟာ ဒီလိုမျိုး ရက်စက် ကြမ်းကြုတ်ပြီး ခက်ထန်လှတဲ့ နည်းဗျူဟာတွေကို ဆက်တိုက် သုံးခဲ့သလို PDFတွေ ခိုအောင်းနေမယ်လို့ ယုံကြည်တဲ့ မြို့ရွာတွေကို လေကြောင်းက တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်ခဲ့တယ်။ တကယ်တမ်းကျတော့ ဒီလိုမျိုး စည်းလွတ်ဝါးလွတ် အကြမ်းနည်းတွေ သုံးတာဟာ တော်လှန်ရေး အင်အားစုတွေကို မရပ်တန့်နိုင်ခဲ့ပါဘူး။ အခွင့်အရေး ရတုန်းမှာ အနိုင်ပိုင်းဖို့ စစ်တပ်ရဲ့ ပျက်ကွက်မှုကပဲ PDFတွေအတွက် အနာဂတ် မျှော်လင့်ချက်တွေ ရှင်သန်လာစေခဲ့ပါတယ်။

KNDF
KNDF

ဒါ့အပြင် အကြမ်းပတမ်း နည်းလမ်းတွေ သုံးခဲ့ခြင်းက ဒေါသထွက်နေတဲ့ ပြည်သူလူထုကို PDFတွေနဲ့ ပိုပြီး ပေါင်းစည်းသွားစေရုံသာ မကဘဲ မြန်မာစစ်သား တချို့ကိုပါ တပ်ကနေ စွန့်ခွာ ထွက်ပြေးစေခဲ့တယ်။ မြန်မာနိုင်ငံမှာ အသိတရားရှိတဲ့ စစ်သားတွေအနေနဲ့ ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်တဲ့ စစ်တပ်ကို စွန့်ခွာကြဖို့ အွန်လိုင်းနဲ့ တခြားနည်းလမ်းပေါင်းစုံသုံးပြီး တက်ကြွ လှုပ်ရှားသူတွေက ဆက်တိုက် ဖိအားပေးနေကြပြန်တယ်။ ဒီလှုပ်ရှားမှုတွေက တကယ်လည်း အလုပ်ဖြစ်နေပုံ ပေါ်ပါတယ်။ စစ်တပ်ဟာ လူသစ်တွေ စုဆောင်းဖို့ အကြီးအကျယ် အခက်ကြုံနေတယ်။ သူတို့ရဲ့ ကာကွယ်ရေး အကယ်ဒမီမှာ တန်းခွဲတွေ လူပြည့်အောင်တောင် မဖြည့်နိုင်တဲ့အပြင် စစ်မြေပြင်မှာလည်း ဘက်ပြောင်း ခိုလှုံမှုတွေ သိသိသာသာ များပြားလာတဲ့ဒဏ်ကို အလူးအလဲ ခံနေရတယ်။ ဒီအခြေအနေ အားလုံးက စစ်တပ်ကို အားလျော့သထက် လျော့စေပြီး ဘယ်တုန်းကမှနဲ့ မတူတဲ့ အားပျော့ချိနဲ့တဲ့ အနေအထား တစ်ခုဆီ ရောက်သွားစေပါတယ်။ နောက်ပြီး စစ်တပ်ဟာ ပါကစ္စတန်နဲ့ ရုရှားတို့ဆီက လက်နက် အထောက်အပံ့တွေ ရနေနိုင်တာတောင်မှ လက်ရှိ အသုံးပြုနေတဲ့ လက်နက် အများစုရဲ့ သက်တမ်း အိုဟောင်းပြီး အရည်အသွေး မပြည့်မီတော့တဲ့ ပြဿနာကိုလည်း ရင်ဆိုင်နေရပြန်တယ်။ စစ်ပွဲကြောင့် ရုရှားရဲ့ စစ်လက်နက်တွေ မြန်မာဆီ ရောက်မလာတော့တာကလည်း အာဏာသိမ်း စစ်တပ်အတွက် နောက်ထပ် ခေါင်းခဲစရာ စိန်ခေါ်မှု တစ်ခုပါပဲ။ CSISရဲ့ မိုက်ကယ် မာတင် မှတ်ချက် ပေးခဲ့သလိုပဲ စစ်သည်အင်အား နည်းလာတဲ့ မြန်မာ စစ်တပ်ဟာ တချို့ တပ်ခွဲတွေ၊ တပ်စိတ်တွေမှာ လူမပြည့်ပြည့်အောင် ရဲတွေကို အတင်း ခေါ်ထည့်နေရပါတယ်။ ဒီလုပ်ရပ်က အောင်မြင်မှု မဆိုစလောက်လေးသာ ရခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ စစ်တပ်ဟာ စစ်ဆင်ရေးတွေမှာ သူတို့ရဲ့ အကျိုးမရှိဘဲ အစွယ်တုံးနေတဲ့ နည်းဗျူဟာတွေကို ဆက်သုံးနေပြီး စစ်သားတွေ ဆက်တိုက် ပြုန်းတီးနေတယ်။ တစ်ဖက်မှာတော့ တော်လှန်ရေး အင်အားစုတွေက လေ့ကျင့်သား ပိုပြည့်ဝလာပြီး လက်နက် တပ်ဆင်မှု ပိုကောင်းလာတယ်။ ကွပ်ကဲမှုနဲ့ ထိန်းချုပ်မှု ကွန်ရက်တွေလည်း တိုးတက်လာတယ်။ PDFနဲ့ တော်လှန်ရေး အဖွဲ့တွေက သူတို့ဟာ မြန်မာစစ်တပ်နဲ့ ရေရှည် ယှဉ်ပြိုင် တိုက်ခိုက်နိုင်ကြောင်း လက်တွေ့ ပြသလာပြီး တချို့ တိုက်ပွဲတွေမှာ ထင်သာမြင်သာ အောင်ပွဲခံလာတယ်။ Asia Timesမှာ ဖော်ပြထားတာက မြန်မာ စစ်တပ်ဟာ ကရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ တော်လှန်ရေး အင်အားစုတွေကို အရေးနိမ့်ပြီး စစ်အခြေစိုက် စခန်းနှစ်ခု လက်လွှတ်ထားရပြီလို့ ဆိုပါတယ်။ နောက်ပြီး တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ PDFတွေဟာ ပြည်သူလူထုရဲ့ ထောက်ခံမှုကို တစ်ခဲနက် ရရှိနေတယ် ဆိုတာက တခုပ်တရ ပြောနေဖို့တောင် မလိုတော့ပါဘူး။ ဒီအချက်က သူတို့ဟာ ပြောက်ကျားစနစ်အတွက် ကိုယ်ရောင်ဖျောက်ဖို့ ပိုလွယ်ပြီး ဒေသခံ ကျေးရွာတွေကနေ ရိက္ခာ ထောက်ပံ့မှုတွေ၊ စိတ်ဓာတ်ရေးရာ အားပေးမှုတွေ ရရှိစေတယ်။

ကော်ဘရာစစ်ကြောင်း
ကော်ဘရာစစ်ကြောင်း

တကယ်တမ်းဆိုရင် PDFတွေဟာ နိုင်ငံရဲ့ အစိတ်အပိုင်းတချို့မှာ စစ်တပ်ဆီက ထိန်းချုပ် နယ်မြေတွေကို တတိတိနဲ့ သိမ်းယူစ ပြုနေပါပြီ။ အခုဆိုရင် မေးခွန်းက စစ်တပ်ဟာ ရှုံးနိမ့်သွားနိုင်သလား ဆိုတာမျိုး မဟုတ်တော့ဘူး။ တချို့ ကိစ္စတွေမှာ စစ်တပ်ရဲ့ အတွင်းပိုင်းက သူ့ဖာသာ ပြိုကျလာနိုင်ပါတယ်။ အထူးသဖြင့် ထိပ်တန်း စစ်ဦးစီး အရာရှိတွေက တပ်ထဲမှာ ဘက်ပြောင်း ခိုလှုံသွားတာတွေကို ပိုသိမြင်လာပြီး PDFနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေက ပိုမိုကျယ်ပြန့်တဲ့ အောင်ပွဲတွေ စတင် ရရှိလာတော့မယ်ဆိုရင် ဒါတွေက ပိုသိသာလာမှာပါ။ စစ်တပ်ကို တော်လှန်နေတဲ့ အင်အားစုတွေဟာ နိုင်ငံရဲ့ ကြီးမားတဲ့ အစိတ်အပိုင်း တစ်ရပ်ကို ထိန်းချုပ်ထားနိုင်ခဲ့ပါပြီ။ ပုံမှန်ဆိုရင် ခြောက်သွေ့တဲ့ နွေရာသီတွေဟာ မြန်မာစစ်တပ်ဟာ အတိုက်အခံ အင်အားစုတွေအပေါ် အသာစီးယူဖို့ အခွင့်အရေးကောင်း ဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ မိုးရာသီ စတင်ဝင်ရောက်ပြီး လပေါင်းအတော်ကြာ ကာလမှာတော့ အားသာချက် ချိန်ခွင်လျှာဟာ တော်လှန်ရေး အင်အားစုတွေဖက် ယိမ်းလာပါလိမ့်မယ်။ တော်လှန်ရေးဖက်က အနိုင်ရခဲ့ရင်တော့ မြန်မာ စစ်တပ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို တာဝန်ခံစေဖို့ အခွင့်အရေးမျိုး နောက်ဆုံးမှာ ရလာနိုင်ပါတယ်။ ပြောရရင်တော့ စစ်တပ်ဟာ ဖြစ်သင့် ဖြစ်ထိုက်တဲ့ ပြစ်ဒဏ်တွေကနေ ကင်းလွတ်တဲ့ အခွင့်အရေးမျိုးကို ဆယ်စုနှစ်တွေနဲ့ချီ အခွင့်ထူးခံ ရရှိနေခဲ့တဲ့ အဖွဲ့အစည်း တစ်ခုပါပဲ။

(Council on Foreign Relations -CFRတွင် ဖော်ပြထားသည့် Myanmar’s Military Losing Ground to Rebels and Ethnic Armies ဆောင်းပါး အပိုင်း ၁ ကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။​ဆောင်းပါးရှင်ရဲ့ အာ​​ဘော်သာဖြစ်ပြီး​တော့ People’s Spring ရဲ့အာ​ဘော်မဟုတ်ပါ)

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်၍ ပြည်သူ့ရင်ခွင်ခိုလှုံကြရန်လည်း တိုက်တွန်းထားသည်။

သတင်း

RPG တစ်လက်နှင့် RPG ဗုံးသီး ငါးခုကို ကျပ် သိန်း ၆၀ခန့်သာ ကုန်ကျခဲ့ကြောင်း၊ လိုအပ်ချက် အနည်းအငယ်ရှိသော်လည်း စစ်မြေပြင်၌ အဆင်ပြေစွာ အသုံးပြုနေကြောင်း ADPRA၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဗြိတိန်သည် စစ်တပ်နှင့် စစ်ကောင်စီ ခေါင်းဆောင်များ၊ စစ်အုပ်စုနှင့် ပတ်သက်ဆက်နွှယ်သူ လူပုဂ္ဂိုလ် ၂၅ ဦးနှင့် အဖွဲ့အစည်း ၃၃ ခုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သည်။

သတင်း

ဇန်နဝါရီ ၃၀ ရက်ကလည်း လောင်းလုံး PDF နှင့် ပူးပေါင်းအဖွဲ့များမှ မောင်းမကန်ရဲစခန်းအား ၄၀ မမ ခြောက်လုံး၊ ၇၉ ဗုံးသီး ၄၂ လုံးအသုံးပြုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ နှစ်ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့သေးသည်။