Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

အညာ​တော်လှန်​ရေးသမားများ၏လက်နက်တစ်ဆင့်မြင့်လာခြင်း

သပ်ရပ်သောကျည်ကုတ် ကလေးက ကျည်ဆန်များကို သပ်သပ်ရပ်ရပ် ဆွဲထုတ်ပေးနေသည်။ “ကောင်းလိုက်တဲ့ ကျည်ကုတ်ဟေ့” သြဘာသံတွေနဲ့အတူရဲဘော်တွေမျက်လုံးကဝင်းလက်နေပြီး သူတို့ အစွမ်းပြဖို့ လက်တစ်ပြင်ပြင်ဖြစ် နေကြတော့သည်။

ဓါတ်ပုံ-Reddy Simon
ဓါတ်ပုံ-Reddy Simon

■လက်နက်လုပ်သူ တွင်ခုံဆရာက PDF ရဲဘော်များ၏ ရှေ့တွင် သူတီထွင်ထားသော ကျည်ကုတ်အလန်းစားနှင့် သေနတ်ကို မောင်းတွေ တဖျောင်းဖျောင်းဆွဲပြနေသည်။ သပ်ရပ်သောကျည်ကုတ် ကလေးက ကျည်ဆန်များကို သပ်သပ်ရပ်ရပ် ဆွဲထုတ်ပေးနေသည်။ “ကောင်းလိုက်တဲ့ ကျည်ကုတ်ဟေ့” သြဘာသံတွေနဲ့အတူရဲဘော်တွေမျက်လုံးကဝင်းလက်နေပြီး သူတို့ အစွမ်းပြဖို့ လက်တစ်ပြင်ပြင်ဖြစ် နေကြတော့သည်။

Reddy Simon

ကန်သင်းရိုးများအောက်တွင် ရုပ်အလောင်းတို့ ပြန့်ကျဲနေကြသည်။ သွေးသံရဲရဲ မြင်ကွင်း နှင့်အတူ ခြောက်သွေ့သည့် လေပြင်းက ညီစို့နေသည့် သွေးနံ့ကို သယ်ဆောင်လာလေသည် ။ စုစုပေါင်း ၁၂ ဦးတိတိ။ အားလုံးကချောင်းဦးမြို့နယ် PDF တပ်သားတွေချည်းပဲဖြစ်၏ ။ ၂၀ ကျော်အရွယ် ၆ ဦးပါဝင်သည်။ ၁၈ နှစ်အရွယ် တစ်ဦးနှင့် ကျန်သူတွေကသက်လတ်ပိုင်းအရွယ်များဖြစ်ကြသည်။

“ကျည်ကုတ်ပါတဲ့ သေနတ်နဲ့ ရဲဘော်၄ ယောက်ကဆုတ်ပစ် ပစ်ပြီးထွက်ပြေးချိန်ရသွားတယ်။ ဒီကျသွားတဲ့ ရဲဘော်တွေ အားလုံးက တစ်တောင့် ထိုးနဲ့ ကန်သင်းရိုးက ခံပစ်နေတာဗျာ” ဟုချောင်းဦး PDF ရဲဘော် ကိုထွန်းတောက်ကပြောသည်။ သူကလွန်ခဲ့သည့် ၆ လခန့်၊ ဖေဖေဝါရီ လအတွင်း ချောင်းဦးမြို့နယ်အတွင်းရင်ကွဲစရာတိုက်ပွဲအကြောင်းကို မချိတင်ကဲ ပြန်လည်ပုံဖော်ပြောပြနေခြင်းဖြစ်သည်။

ဓါတ်ပုံ-Reddy Simon
ဓါတ်ပုံ-Reddy Simon

ကျဆုံးရဲ​ဘော်များ၏ရုပ်အလောင်းတွေနဲ့အတူ ဘေးဘီမှာလည်း သေနတ်အချို့ပြန့်ကျဲနေကြသည်။ သံပိုက်လုံးတွေကို လက်ကိုင်တပ်ပြီးဟိုဆက်၊ဒီဆက် လုပ်ထားသည့် ဘုရားစူးသေနတ်တွေ၊ သစ်သားဒင်မှာပရိတ်ကြို စည်းထားသည့် ဘုရားစူး လက်နက်တွေလေ။သေနတ် ပိုင်ရှင်များကတော့ မြေပြင်ပေါ်မှာ မလှုပ်မရှပ် ငြိမ်သက်နေကြပြီဖြစ်၏ ။

Public Service Announcement

Public Service Announcement

မကြာခင်၎င်းတို့သည် အမိန့်ပြန်တမ်းနှင့် အတူ အမိမြေဝသုန်၏ ရင်ခွင်တွင်းသို့ တိတ်ဆိတ်စွာ တိုးဝင်ပျောက်ကွယ်သွားကြရ​တော့မည်ဖြစ်၏။

ကိုထွန်းတောက်နှင့် စကားစမြည်ပြောပြီးနောက်ကျွန်တော်သည် ငေးငိုင်ရင်း သေဆုံးသူများ အကြောင်း စဉ်းစားနေမိသည်။ တစ်တောင့်ထိုးနှင့်တိုက်ပွဲဝင်သည့်လူများကိုသွေးရဲလွန်းသည် ပြောရမလား၊ မိုက်မဲသည်ပြောရမလား၊ ကျဆုံးသူရဲ​ကောင်းများ၏အသက်စွန့်သွားရသည်ကရောထိုက်တန်ပါရဲ့လားစသဖြင့် ​တစ်​ယောက်တည်းမေးခွန်း​တွေထုတ်​နေမိသည်။

ထို့အပြင် PDF ရဲဘော်ထွန်းတောက် ပြောခဲ့သည့် “ကျည်ကုတ်ကလေး ” ဆိုသည့် အကြောင်းကို ခေါင်းကရောက်လာသည်။ “ ကျည်ကုတ်နဲ့ သေနတ်ကြောင့် လွတ်သွားသတဲ့လား ၊ ကျည်ကုတ်မပါ သူများကသေသွားကြသတဲ့လား” “ကျည်ကုတ်သည် အသက်ကိုဆုံးဖြတ်သည်အထိ အရေးကြီးသည်လား” ကျွန်တော်၏အတွေးများသည် အညာလွင်ပြင်၏လေပူများလို ဦးခေါင်းအတွင်းပြေးလွှားနေပါသည်။

ဓါတ်ပုံ-Reddy Simon
ဓါတ်ပုံ-Reddy Simon

တကယ်တမ်း စစ်အာဏာရှင်ကိုပုန်ကန်ဆန့်ကျင်သည့် နွေဦးတော်လှန်ရေးတွင်အညာသူ၊အညာသား၊တောင်သူလယ်သမားတို့၏ လက်နက်ရရှိရေးကြိုးပမ်းမှုသည် ကြီးကျယ် ခမ်းနား စွာမှတ်တမ်းတင်ရမည့်သမိုင်းတစ်ခုအဖြစ် ကျွန်တော်မှတ်ယူပါသည်။

လက်နက်အင်အားတစ်ဖက်သတ်သာလွန်းသည့်အာဏာသိမ်းစစ်တပ်ကို အညာသူ၊အညာသားတို့သည် ထမ်းပိုးကလွဲပြီး ဘာမှမရှိသည့်အခြေအနေမှ စ၍ တွန်းလှန်တိုက်ခိုက်ခဲ့ကြသည်မှာ မည်မျှအား​ကောင်ပြင်းထန်ခဲ့သည်မှာတစ်နိုင်ငံလုံးအသိဖြစ်၏ ။ တော်လှန်ရေးအစကာလတွင်အညာသားတို့သည် လေသေနတ်၊ တူမီးသေနတ်၊ တစ်တောင့်ထိုး စသည် အမွဲစားလက်နက်များဖြင့်အာဏာသိမ်းမှုကိုဆန့်ကျင်ခဲ့ကြသည်။ အချို့ကစစ်ကိုင်းတိုင်မြောက်ပိုင်း တစ်လျှောက် ဖြတ်ပြီးမြန်မာပြည်​မြောက်ပိုင်းအထိဆိုင်ကယ်တစ်လှည့် ခြေကျင်တစ်လှည့် တောလမ်း ခရီးကြမ်းနှင်သွားကာ လက်နက်ရရှိ​ရေးကြိုးပမ်းကြ၏ ။ ဒီထဲမှာအများစုကတော့ ရွာရှိအိမ်ဝိုင်းအတွင်းမှာပင် တောင်ယာစိုက်​နေရာမှ​နေချင်းညချင်း လက်နက်အမျိုးမျိုး တီထွင်ထုတ်သူများဖြစ်လာလုပ်ခဲ့ကြသည်။

တော်လှန်ရေးကာလတစ်နှစ်ကျော်လာပြီးလက်ရှိအချိန် ၂၀၂၂ နှစ်လယ်ပိုင်း တွင်တော့ အညာအိမ်ဝိုင်း များ၏တစ်ပိုင်တစ်နိုင် လက်နက်ထုတ်လုပ်ရေးစခန်းများသည် အံ့အားသင့်စရာကောင်းလောက်အောင်ပင် တိုးတက်လာခဲ့ပါသည်။စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေး အရှိန်ကောင်းသော မြို့နယ်များတွင် ပုခုံးထမ်း၊ အဝေးပစ်၊ ၄၀ မမ ဗုံးသီးလောင်ချာ စသည့် လက်နက်ကြီး မျိုးအစားများပြင် ပျောက်ကျားစစ်အတွက် အရေးကြီးသည့် လက်နက်ငယ်ဖြစ်သော စနိုက်ပါ၊ ကာဘိုင်၊ ၉ လုံးကျည်သေနတ်နှင့် မောင်းပြန်အဆင့်အထိပင် ထွန်းပေါက် အောင်မြင်လာခဲ့ကြသည်ကို​တွေ့ရသည်။

ဤနေရာတွင်ကျည်ကုတ်(extractor)၏သေးငယ်သော်လည်း အရေးပါသည့် အခန်းကဏ္ဍာကို ဖော်ထုတ်ရေး သားလိုပါသည်။ အချို့အကြောင်းတရားများသည် သေးနှုတ်သည်ဟုထင်ရသော်လည်းစက်သွားသဖွယ် ချိတ်ဆက်နေပြီးကြီးမားကျယ်ပြန့်သော သမိုင်းတစ်ခုကို ရေးထိုးနိုင်သည်ကို ကျည်ကုတ် ကလေးက သာဓကအဖြစ် ကျွန်တော့်၏ အတွေးထဲခိုင်မာစွာစွဲမြဲနေသောကြောင့်ဖြစ်သည်။

ဓါတ်ပုံ-Reddy Simon
ဓါတ်ပုံ-Reddy Simon

ကျည်ကုတ် ဆိုသည်မှာ ကျည်တစ်တောင့် ပစ်ပြီးတိုင်း ကျည်ခွံကို ကို ပြောင်းအတွင်းမှပြန်လည် ဆွဲထုတ်ပေးနိုင် ရန် မောင်းတုံးတွင် အရစ်ဖော်ထားပြီး သည့် “ ဒစ်ကလေး” တစ်ခုဖြစ်သည်။

သေနတ်မောင်းကို နောက်ပြန်ဆွဲလိုက်သည်နှင့် ကျည်ကုတ်က ကျည်ဆန်နောက်ဖင်ကအရစ်ကို ကုတ်ထုတ်ပြီးကျည်ပြန်ထွက်လာအောင်မောင်းတုံးက အလိုလိုအလုပ်လုပ်သွား မည်။ ပြီးလျှင် ကျည်နောက်တစ်တောင့်အသင့်ထိုးပြီပစ်ခတ်ရန်အသင့်ဖြစ်သွားသည်။ဒါ့ကြောင့်ခေတ်မှီသေနတ်များအတွက် Extractor မှာအရေးပါသော အစိတ်အပိုင်းငယ်ဖြစ်နေသည်။

ပြဿနာက ကျည်ကုတ်ပါသော မောင်းတုံးလုပ်ရန်ခက်ခဲနေခြင်းဖြစ်သည်။ အညာအိမ်ဝိုင်းအလုပ်ရုံများတွင် သာမာန်ကျောက်စက်၊ဖြတ်စက်၊ လွှများ၊ အခြေခံဂဟေဆော်နည်းများဖြင့်သာ လက်နက်ထုတ်နေရခြင်းဖြစ်သည်။ကျည်ကုတ်ကထိုသို့အလွယ်တကူလုပ်နိုင်သောအရာမဟုတ်။ အကယ်၍ လုပ်နိုင်သည်ထားဦး။ ကျည်ဆံဖင်ရှိသေးငယ်သောကြိုးမျှင်စာအရစ်လေးကို သပ်ရပ်စွာကုတ်ထုတ်နိုင်သည်အထိအလုပ်ဖြစ်ဖို့ မလွယ်ကူပေ။

လက်လုပ်သေနတ် အလက် ၁၀၀ ထုတ်နိုင်ပါမှကျည်ကုတ် ကောင်းကောင်းနှင့် တစ်လက်လောက် သာ ထွက်ရှိသည်ဟု မှန်းခြေပြောနိုင်သည်။ အဓိက အားဖြင့် ကျည်ကုတ်လုပ်ဖို့ရာ “တွင်ခုံ” လိုအပ်သည်၊ တွင်ခုံပညာရှင်လိုအပ်သည်။ တိကျသည့်ကျွမ်းကျင်မှုတိုင်းထွာချက်တွေလိုလာသည်။ ဤလိုအပ်ချက်များမှာ ဖြတ်လေးဖြတ်ခံထားရသော အညာကျေးရွာများ အတွင်းမှ လက်နက်ရုံများအတွက်အဓိကစိန်ခေါ်မှု တစ်ခု ဖြစ်နေသည်။

ထို့ကြောင့်အညာဒေသအတွင်းမြေပြင်တိုက်ပွဲဖော်ဆောင်သူများသည် သေနတ်အစစ်မရနိုင်သည့် အခြေအနေတွင် ကျည်ကုတ် ကောင်းကောင်း နှင့်သေနတ်ကိုအလွန်သဘောကျလိုချင်ကြသည်။ အလိုက်ပေး၍ လဲချင်ကြသည်။ ပြောမနာဆိုမနာ ရဲဘော်အချင်းချင်းဆိုလျှင်သေနတ်ခိုးသွား၊ ငှားသွားလုပ်တက်ကြသည်။

ကျည်ကုတ်မရှိသောလက်နက်ကိုကိုင်ဆောင်သူသည်ပစ်ပြီးသားကျည်ခွံကို သံချောင်းရှည်တစ်ခုဖြင့်ပြောင်းအတွင်းမှ ထိုးထုတ်ပြီး မှနောက်ထပ်ကျည်တစ်ခုကိုဖြည့်ရသည်။ အချိန်ကုန်သည်။ ကို့ယိုးကားယား နိုင်လွန်းသည် ။ စဉ်းစားကြည့်ပါဉီး – ဘကျားတစ်ပြန် ပစ်ခတ်နေရသည့် အကြမ်းဖက်စစ်တပ်နှင့် သူသေကိုယ်သေ ရင်ဆိုင်တိုက်ပွဲများ၊ စခန်းဝင်စီးခံရမှုများ၊ ရွာမီးရှို့မှုများကိုအညာလက်နက်ကိုင်များသည် တူမီး ထက် အနည်းငယ် သာတယ်ဆိုရုံ နှေးဖင့်စရာ လက်နက်ဖြင့် ခုခံနေရ၍အလွန်စွန့်စားရသူများဖြစ်၏ ။

၎င်းကဲ့သို့ ကျည်ကုတ်နည်းပညာကို မသိခဲ့သော၊ လက်တွေ့အသုံးမချနိုင်ခဲ့သောကြောင့်​တော်လှန်သူ သူရဲ​ကောင်းတောင်သူကြီးများ စွာမှာ တစ်တောင့်ထိုးကိုင်ရင်း​နွေဦး​တော်လှန်​ရေးတွင်အသက် ပေးလှူခဲ့ကြရသည်မှာ မနည်းမနောပင်ဖြစ်သည်။ပြီးခဲ့သည့် နှစ် ၂၀၂၁ ခုနှစ်အတွင်း ယင်းမာပင် သပြေအေးတိုက်ပွဲ၊ အရာတော်မလဲသာတိုက်ပွဲ၊ပုလဲနယ်တိုက်ပွဲ စသည့် တိုက်ပွဲများ ကစလို့ ယခုနှစ် ဖေဖော် ဝါရီလ ဒုတိယ အပတ်အတွင်း ချောင်းဦးမြို့နယ်တိုက်ပွဲများ၊ ဒီပဲယင်းရွာ တိုက်ပွဲများနှင့် မကြာသေးမှီက ရေဦးတိုက်ပွဲများ၊ မြင်းမူတိုက်ပွဲများတွင်လက်လုပ်သေနတ်များနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) ရုပ်အလောင်းများကို တစ်တိုင်းပြည်လုံး ရင့်နှင့်စွာ မြင့်တွေ့ခဲ့ကြရပါသည်။

၎င်းတို့နှင့်အတူ သံချောင်းသာသာတစ်တောင့်ထိုးလက်နက် များကို စုတ်တစ်သပ်သပ် နှင့်တွေ့ခဲ့ကြရပါသည်။၎င်းတို့ထံတွင် ​ခေတ်မီ​မောင်းပြန်​သေနတ်များရှိပါက အဆိုပါတိုက်ပွဲများတွင် အကြီးအကျယ်အထိ့နာမည်သူများမှာ အကြမ်းဖက် ဖက်ဆစ်တပ်များဖြစ်​နေပါလိမ့်မည်။

ယခုနှစ်ဦးပိုင်းအတွင်းတွင် အညာဒေသကို လှည့်လည်သွားရင်း ဒီပဲယင်းမြို့နယ်အစွန်ရှိတော်လှန်ရေးအားကောင်းလွန်းသောဒီပဲယင်း PDF အဖွဲ့ဆီရောက်ဖြစ်ခဲ့သည်။ ထိုအဖွဲ့သည် အရာတော်မြို့နယ်အတွင်းမှ လက်နက်ထုတ်လုပ်ရေးအဖွဲ့တစ်ခုနှင့် ပူးပေါင်း၍ “တွင်ခုံ” ပညာရှင်တစ်ဦးခေါ်ယူကာ ကျည်ကုတ်ပါသော သေနတ်များကို စနစ်တကျထုတ်လုပ်၍ နေသည်ကို အားတက်ဖွယ် မျက်မြင်တွေ့ခဲ့ရသည်။

ထိုဒီပဲယင်း PDF အဖွဲ့၏ ခေါင်းဆောင်သည် ၎င်းပိုင်ခြံနှင့်မြေများရောင်းချပြီး လက်နက်ထုတ်လုပ်ရေးကို အားသွန်စိုက်နေသော အမျှော်အမြင်ရှိသူဖြစ်သည်။ ဤတွင်- ဆက်စပ်နေ၍ ဖြတ်ရေးစရာပေါ်လာပါသည် ။

သူမတိုင်ခင်အဆိုပါဒီပဲယင်း PDFအဖွဲ့ကို“နွားကျောင်းသား” ဟု အမည်ရသည့် CDM ကျောင်းဆရာမြဝင်းကို ကဦးဆောင်ခဲ့သည်။ ၂၀၂၁ ဒီဇင်ဘာ ၃ ရက်နေ့တွင် စစ်ကောင်စီ၏ အရိပ်မဲ့စစ်ဆင်ရေးဟု အမည်ပေးထားသော စစ်ကြောင်းနှင့် နွားကျောင်းသားတို့အဖွဲ့ ပက်ပင်းတိုးမိကြသည်။နွားကျောင်းသားက လက်နက်မပြည့်စုံသောတစ်တောင့်ထိုးနှင့် သူ့အဖွဲ့သားများကို ထွက်ပြေးစေပြီး သူတစ်ဉီးတည်း မောင်းပြန် သေနတ်ဖြင့် နောက်ချန်နေရစ်ပြီးအသေခံတိုက်ခိုက်ခဲ့​လေသည်။

“ အဲ့တုန်းကသာ ကျုပ်တို့မှာ အခုလောက်လက်နက်ပြည့်စုံခဲ့ရင် ကျုပ်တို့ဆရာ သေမှာမ ဟုတ်ဘူး” ဟု အဖွဲ့ဝင်တစ်ဦးကပူဆွေးစွာပြော၏ ။ သူတို့အဖွဲ့ဝင်များသည် ၎င်းတို့ ပိုင်ဆိုင်သမျှအများအပြားကို ထုခွဲရောင်းချရင်း ၊ တီထွင်ကြံဆရင်း လက်နက်အင်အားကြီးထွား ရေးကိုသာ ခေါင်းထဲတွေးနေကြသည်။ လက်နက်ထုတ်လုပ်ရေးကိုလည်း နေ့မနားညမအားဆောင်ရွက်နေကြ၏။

“ ကျွန်တော်တို့မှာငွေသိန်းတစ်ရာရှိရင်အစစ်တစ်လက်ဝယ်ကိုင်မယ့်အစား၊ ထုတ်လုပ်ရေးဘက်မှာ ပိုပြီးရင်းချင်တယ်။ အဓိကကိုယ့်ဆီမှာလူအင်အား၊စိတ်ဓါတ်အင်အားသာလွန်နေတော့ ကို့ရဲဘော်တွေအားလုံးကိုအသင့်အတင့်လက်နက်တပ်ဆင်ပေးပြီးသူတို့ရဲ့စိတ်ဓါတ်ကိုပိုမြှင့်ပေးချင်တယ်” ဟု ဒီပဲယင်းPDF အဖွဲ့ဝင်တစ်ဦးကပြောသည်။

“ အစပိုင်းကတော့ဒီပစ္စည်းတွေကိုဘယ်သူမှဟုတ်တိပတ်တိ ဘယ်လုပ်တက်ကြမလဲဗျ၊ အကုန်လုံးက လယ်သမား၊တောင်သူတွေပဲကိုး ၊ ဒါပေမယ့် ကျွန်တော်တို့ကို မင်းအောင်လှိုင် သင်ပေးသွားတာပဲဗျ။ မခံချင်စိတ်၊ နာကျည်းစိတ်နဲ့ ပိုပြီးကြိုးစားတာပေါ့၊ ဆက်ပြီးလည်း ကြိုးစားနေရဦးမှာ ” ဟု ၎င်းက အညာဒေသလက်နက် ထုတ်လုပ်ရေးများ၏အဆင့်မြင့်လာပုံကို ခြုံငုံ၍ပြောပါသည်။

ညပိုင်းတွင်ကျွန်တော်သည် ဒီပဲယင်း PDFစခန်းတွင်မီးစက်မောင်း၍ လည်ပတ်နေသော တွင်ခုံ၏ဘေးနားရပ်နေရင်း ၎င်းတို့၏ လုပ်နည်းလုပ်ဟန်ကို ငေးကြည့်နေမိသည်။ ကျည်ကုတ်ကလေး ဟန်ကျသွားသောအခါ လက်လုပ်သေနတ်များ သည် တစ်မဟုတ်ချင်းအဆင့်မြင့်သွားပါတော့သည်။ အကြောင်းမှာ- ကျည်ကတ် (Magazine ) ကို တစ်ပါတည်း တပ်ဆင်နိုင်လာသောကြောင့် ဖြစ်သည်။ (ကျည်ခွံ ပြောင်းအတွင်းမှ အလိုလျောက်ထွက်သွားပြီဆိုလျှင် ကျည်ကပ်တပ်ဆင်ပစ်ဖို့ငှာ အခက်အခဲမရှိတော့ချေ) ဒါ့အပြင်ကျည်ကုတ်ရှိလာ ခြင်းကြောင့် မောင်းပြန်အနေဖြင့် အတွဲလိုက်ပစ်ခတ်နိုင်ဖို့ကပိုပြီးနီးစပ်လာနေပြီဖြစ်သည်။

လက်နက်လုပ်သူ တွင်ခုံဆရာက PDF ရဲဘော်များ၏ရှေ့တွင် သူတီထွင်ထားသော ကျည်ကုတ်အလန်းစားနှင့်သေနတ်ကို မောင်းတွေ တဖျောင်းဖျောင်းဆွဲပြနေသည်။သပ်ရပ်​နေသောကျည်ကုတ်ကလေးကကျည်ဆန်များကို သပ်သပ်ရပ်ရပ် ဆွဲထုတ်ပေးနေသည်။ “ ကောင်းလိုက်တဲ့ ကျည်ကုတ်ဟေ့” သြဘာသံတွေနဲ့အတူ ရဲဘော်တွေ မျက်လုံးကဝင်းလက်နေပြီး သူတို့ အစွမ်းပြဖို့ လက်တစ်ပြင်ပြင်ဖြစ် နေကြတော့သည်။

ဒီပဲယင်း PDFသည်ဤတွင်ခုံ၏ကျေးဇူးကြောင့်နောက်ပိုင်းတွင် ကျည်ကတ်ပါဝင်ပြီး လျှင်မြန်စွာပစ်ခတ်နိုင်သောစနိုက်ဘာသေနတ်များကိုပါ ဆန်းသစ်တီထွင်လာနိုင်သည်။ထိုလက်နက်များ​ကြောင့်အကျအရှုံးနည်းနည်းဖြင့် တိုက်ပွဲများပုံဖော်လာနိုင်သည်။

ပြီးခဲ့သည့် မေလ ၁၇ ရက်နေ့ကတော့ ဒီပဲယင်းPDF အဖွဲ့ဝင်တွေအတွက် ၎င်းတို့၏လက်လုပ်သေနတ်များအစွမ်းကို ကောင်းကောင်းပြသနိုင်ခဲ့သည့် နေ့ဖြစ်သလို ခေါင်းဆောင်ဟောင်း နွားကျောင်းသားအတွက် သွေးကြွေးပြန်လည်ရယူသည့် ရက်စွဲလည်းဖြစ်ခဲ့သည်။ စစ်ကိုင်းတိုင်းအတွင်းရွာစဉ်ရွာဆက် မီးလိုက်ရှို့နေသည့် စစ်ကောင်စီစစ်ကြောင်းကို ဒီပဲယင်းအဖွဲ့များအပြင် မဟာမိတ်တပ်ပေါင်းစုများပူးပေါင်း၍ အရာတော်မြို့နယ် ထန်းတောကုန်းကျေးရွာအနီး တွင် ဝိုင်းဝန်းပူးညပ်တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီအင်အား ၈၀ ခန့်ကို သုံးနာရီ ကျော် အနားမပေးဘဲဖိညှပ်တိုက်ခဲ့သည်။

“ အဲ့ဒီအပတ်ထဲမှာတင်တိုက်ပွဲတွေရက်ဆက်တာဒီကောင်တွေ (စစ်ကောင်စီတပ်သား) ၃၀လောက်ကျသွားတယ်။ တို့ဘက်က လက်လုပ် သေနတ်တွေဆိုပေမယ့်အရင်လိုမဟုတ်တော့ဘူး၊ စနိုက်ဘာတွေပါလာပြီ၊ ကျည်ကတ်တွေနဲ့ ဖြစ်ကုန်ပြီ” ဟု အဖွဲ့၏ ဦးဆောင်သူတစ်ဦးက​တိုက်ပွဲအ​တွေ့အကြုံကိုပြန်​ပြောင်းပြောပြသည်။

“အသက်ပေးတဲ့လူက ပေးခဲ့ပြီ,တို့က ဒီအကြွေးကိုကျိန်းသေပြန်တောင်းရမှာပဲ” ဟု၎င်းကပြတ်သားစွာဆိုပါသည်။

နိဂုံးချုပ်ဆိုချင်ပါသည်။ -စစ်အာဏာရှင်အားဆန်ကျင်တော်လှန်နေသည့် သမိုင်းအတွင်း မြင့်မြတ်စွာ ကျဆုံသွားသူတိုင်းသည် တော်လှန်ရေး၏သင်ရိုးများဖြစ်ခဲ့ကြပါသည်။ အညာကန်သင်းရိုး အောက်မှ အညတရ ရဲဘော်များ၏ အသက်တိုင်းသည်အချည်းနှီးဟူ၍မရှိပါ။ သေးငယ်သော ကျည်ကုတ်ကလေး ၏ အားသာချက်ကို အညာတောင်သူ​တော်လှန်သူများသည်အသက်များစွာရင်းပြီးမှ ထိရောက်စွာ အသုံးချနိုင်ခဲ့သလိုပင် တော်လှန်ရေးအဆင့်ဆင့်တိုင်းအ

တွက် အသက်ပေးဆပ်သူတိုင်း၏ သွေး၊ချွေးစက်များသည် ပင်လယ်လှိုင်းသဖွယ် အင်အားကောင်း သော တွန်းအားများအဖြစ်တည်ရှိကြောင်းနှင့် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း …..။ ။

ဓါတ်ပုံ-Reddy Simon

ဆက်စပ်သတင်းများ

သတင်း

သင်္ဃန်းညီနောင် အပါအဝင် မြ၀တီရှိ စစ်ကောင်စီတပ်စခန်းအားလုံး ရရိရေး ရည်မှန်း ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟုသိရသည်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အနေဖြင့်လည်း စစ်ကောင်စီတပ် တိုက်လေယာဉ် တစ်စီးကို ယခုနှစ် ဇန်နဝါရီ လလယ်တွင် ရှမ်းမြောက် နမ့်ဖက်ကာတိုက်ပွဲ၌ ပစ်ချခဲ့ပြီး လေယာဉ် အပျက်အစီးကိုလည်း ပြသခဲ့သည်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် မြန်မာစစ်တပ်သည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရကို ဖယ်ရှားခဲ့ပြီး ဆယ်စုနှစ်တစ်ခုစာ တိုးတက်ပြောင်းလဲမှုကို ဆိတ်သုဉ်းစေခဲ့ကြောင်း ဖော်ပြသည်။

သတင်း

အလင်းဝင်လာသည့် ပျူစောထီးအဖွဲ့ဝင်သည် တော်လှန်ရေး၌ ဆက်လက်ပါဝင်နေပြီး ၎င်း၏ မိသားစုဝင်များကို လုံခြုံသည့်နေရာတွင် စားသောက်နေထိုင်ရေးစီစဥ်ပေးထားကြောင်း အထက်ပါတာဝန်ခံက ရှင်းပြသည်။