Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

FAFT က မြန်မာကို နာမည်ပျက် စာရင်းသွင်းလိုက်တဲ့နောက် ရှေ့ဆက် အလားအလာများ

ဒီတော့ မြန်မာနိုင်ငံကသာ မြောက်ကိုရီးယား၊ အီရန်တို့နဲ့အတူ FATFရဲ့ နာမည်ပျက် စာရင်းထဲ ပြန်လည် ရောက်ရှိသွားတာ ဖြစ်ပါတယ်။

ဒီတစ်ပတ် ပြောပြဦးမယ်အစီစဥ်ကနေ ပြောပြချင်တဲ့အကြောင်းရာကတော့ ဒီရက်ထဲ လူပြောသူပြောအများဆုံးအကြောင်းအရာဖြစ်ပါတယ်။ မြန်မာကို နာမည်ပျက် စာရင်းသွင်းလိုက်တဲ့ FAFT က ဘယ်လိုအဖွဲ့အစည်းလဲ၊ နိုင်ငံနဲ့ နိုင်ငံသားတွေအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိမလဲ၊ နောက်ဆက်တွဲ အကျိုးဆက်တွေကရော ဘာတွေဖြစ်နိုင်လဲဆိုတာ Nikkei Asia သတင်းဌာနက ရေးသားထားတဲ့ သတင်းဆောင်းပါးကိုပဲ ဘာသာပြန် တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

နိုင်ငံတကာ ယုံကြည်မှု အကြွင်းအကျန်လေးလောက်သာ ရရှိထားတဲ့ အာဏာသိမ်း မြန်မာစစ်တပ်အတွက် နောက်ထပ် ထိုးနှက်ချက် တစ်ခုအဖြစ် နိုင်ငံတကာ ငွေကြေး စောင့်ကြည့် အဖွဲ့တစ်ခုရဲ့ နာမည်ပျက် စာရင်း သွင်းခြင်းကို ခံလိုက်ရပါတယ်။ Financial Action Task Force (FATF)က အကြမ်းဖက်မှုတွေကို ငွေကြေးအရ အားပေးအားမြှောက်ရာ ရောက်တယ်ဆိုပြီး အီရန်၊ မြောက်ကိုရီးယားတို့နဲ့အတူ မြန်မာကို နာမည်ပျက် စာရင်းထဲ ထည့်သွင်းလိုက်ပါတယ်။

FATF ကို ၁၉၈၉ ခုနှစ်မှာ စီးပွားရေး ဖွံ့ဖြိုးပြီး နိုင်ငံကြီး ၇ ခု စုစည်းထားတဲ့ G7 အဖွဲ့က စတင် ထူထောင်ပါတယ်။ အဖွဲ့ရဲ့ မူလ ရည်ရွယ်ချက်ကတော့ ငွေကြေး ခဝါချမှုတွေကို တိုက်ဖျက်ဖို့ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အကြမ်းဖက်မှုကို ငွေရေးကြေးရေး ထောက်ပံ့တာတွေ၊ အကြီးအကျယ် ဖျက်ဆီးနိုင်တဲ့ စစ်လက်နက်တွေ တည်ဆောက်တာတွေကို တားဆီးဖို့ အတွက်ပါ အဖွဲ့ရဲ့ ရည်မှန်းချက်နဲ့ လုပ်ထုံးလုပ်နည်းတွေကို ချဲ့ထွင်လာခဲ့တယ်။ FATFက မြန်မာကို နာမည်ပျက် စာရင်းသွင်းရေးကိစ္စ ချက်ချင်း အကောင်အထည်ဖော် ဆောင်ရွက်ဖို့ အဖွဲ့ဝင် နိုင်ငံတွေနဲ့ သက်ဆိုင်ရာ ဥပဒေရေးရာ အဖွဲ့အစည်းတွေကို တိုက်တွန်း ထောက်ခံခဲ့ပါတယ်။ ပါရီမြို့က အစည်းအဝေးမှာ ချမှတ်တဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ နီးစပ်သူ တစ်ဦးကတော့ အခုလို နာမည်ပျက် စာရင်းသွင်းမှုဟာ မြန်မာနိုင်ငံရဲ့ နယ်စပ်ဒေသတွေက ကာစီနိုတွေရယ်၊ တရားမဝင် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုတွေရယ်နဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ အပေါ်မှာလည်း အဓိက အခြေခံတယ်လို့ ပြောပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ မြန်မာစစ်တပ်က ရွေးကောက်ခံ အရပ်သား အစိုးရကို ဖယ်ရှားပြီး အာဏာသိမ်းလိုက်တဲ့နောက် အခြေအနေတွေက ပိုပြီး ဆိုးရွားလာပါတယ်။ တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေ၊ အွန်လိုင်း လောင်းကစား ကိစ္စတွေ အပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေလည်း ပိုပြီး ထူပြောလာပါတယ်။

မြန်မာနိုင်ငံဟာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး၊ အကြမ်းဖက်မှုတွေအတွက် ငွေကြေးထောက်ပံ့ သုံးစွဲနေမှုတွေကို တားဆီးရေးဆိုင်ရာ ကတိကဝတ်တွေမှာ မဟာဗျူဟာ လစ်ဟာချက်တွေ ကြီးကြီးမားမား ရှိနေခဲ့တယ်လို့ FATFက သုံးသပ်တယ်။ အကျိုးဆက်ကတော့ FATFက မြန်မာနိုင်ငံက စီးပွားရေးဆိုင်ရာ ဆက်နွှယ်မှုတွေ၊ ငွေကြေး အလွှဲအပြောင်း ကိစ္စတွေနဲ့ ဆက်နွှယ်ပြီး အရေးယူ တင်းကျပ်မှုတွေ ပိုမို တိုးမြှင့်ဖို့ အဖွဲ့ဝင် နိုင်ငံတွေဆီ ထောက်ခံ အဆိုပြုလိုက်တာပဲလို့ ဇူလိုင် ၁ ရက်မှာ FATFရဲ့ ဥက္ကဋ္ဌ တာဝန်ကို ရယူထားတဲ့ စင်ကာပူ အရာရှိ ရာဂျာကူးမားက ပြောပါတယ်။ ဒါပေမဲ့ အဲဒီ အရေးယူ တင်းကျပ်မှုတွေဟာ လူသားချင်း စာနာမှု အထောက်အပံ့တွေ အပေါ်မှာတော့ သက်ရောက်မှု ရှိစေမှာ မဟုတ်ကြောင်း သူက ဆိုတယ်။ အရေးယူ တင်းကျပ်မှုမှာ ပါဝင်လုပ်ဆောင်တဲ့ နိုင်ငံတွေက လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့တွေနဲ့ ငွေကြေး လွှဲပြောင်းမှုတွေ၊ တရားဝင် ဖွဲ့စည်းထားတဲ့ အကျိုးအမြတ် မယူတဲ့ အဖွဲ့အစည်း (NPO) တွေဆီ ရန်ပုံငွေ ပံ့ပိုးမှုတွေကို မထိခိုက်အောင်တော့ သတိကြီးကြီး လုပ်ဆောင်ရမယ်လို့လည်း ကူးမားက ဆက်ပြောပါတယ်။

Public Service Announcement

Public Service Announcement

FATF ရဲ့ နာမည်ပျက်စာရင်း၊ တစ်နည်းအားဖြင့် အမည်မည်း စာရင်းမှာ ထည့်သွင်း ခံလိုက်ရတယ် ဆိုတာက မြန်မာစစ်တပ်ဟာ နိုင်ငံကို ဘယ်လောက်တောင် နောက်ပြန်ဆွဲနေသလဲ ဆိုတာကို မြင်သာစေခဲ့ပါတယ်။ အရင်က စစ်အစိုးရ အုပ်စိုးခဲ့တဲ့ ကာလတလျှောက် မြန်မာဟာ FATFရဲ့ အမည်မည်း စာရင်းမှာ ပါဝင်နေရာက ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလမှာတော့ မီးခိုးရောင်စာရင်း၊ တစ်နည်းအားဖြင့် စောင့်ကြည့် စာရင်းထဲ ရွှေ့ပြောင်းခံခဲ့ရပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ အရပ်သားတစ်ပိုင်း အစိုးရက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရွေးကောက်ပွဲ အနိုင်ရ အစိုးရဆီ အာဏာ လွှဲပြောင်းပေးတဲ့ နှစ်မှာပဲ FATF ကလည်း မြန်မာဟာ ရာဇဝတ်မှုမြောက်တဲ့ အကြမ်းဖက် ငွေကြေးထောက်ပံ့မှုတွေကို တိုက်ဖျက်ရာမှာ တိုးတက်မှုတွေ ရှိလာကြောင်း အသိအမှတ်ပြုပြီး အခုလို ဖြေလျှော့ပေးခဲ့တာပါ။

အောက်တိုဘာ ၂၁ ရက်က အစည်းအဝေးမှာတော့ FATF ဟာ ပါကစ္စတန်ကို မီးခိုးရောင် စာရင်းထဲ ထည့်သွင်းထားရာကနေ ဖယ်ရှားပေးလိုက်ပါပြီ။ ဒါဟာ အာရှတောင်ပိုင်း နိုင်ငံအတွက်တော့ အသက်ရှူ ချောင်စရာ အခြေအနေ တစ်ခုလို့ ဆိုနိုင်ပါတယ်။ ပါကစ္စတန် အနေနဲ့ သူတို့ရဲ့ မဟာဗျူဟာ လစ်ဟာမှုတွေကို ပြင်ဆင် ဖြည့်ဆည်းမယ့် လှုပ်ရှားမှု အစီအမံတွေအတိုင်း ပြည့်မီအောင် အကောင်အထည် ဖော်နိုင်ခဲ့တယ်လို့ FATF က ထုတ်ပြန်ပါတယ်။

ဒီတော့ မြန်မာနိုင်ငံကသာ မြောက်ကိုရီးယား၊ အီရန်တို့နဲ့အတူ FATFရဲ့ နာမည်ပျက် စာရင်းထဲ ပြန်လည် ရောက်ရှိသွားတာ ဖြစ်ပါတယ်။ အကျိုးဆက်အဖြစ် ပဋိပက္ခတွေ၊ အရှုပ်အထွေးတွေ တပုံတပင်နဲ့ ရုန်းကန်နေရတဲ့ နိုင်ငံကို ငွေကြေး လွှဲပြောင်းမှုဆိုင်ရာ မူဝါဒတွေနဲ့ ပတ်သက်လို့ ဘဏ်အသီးသီးက ပိုမို တင်းကျပ်လာကြပါမယ်။ မြန်မာနိုင်ငံက ငွေကြေး သုတေသီ တစ်ယောက်ကတော့ အခုလို နောက်ပြန်ရွေ့သွားတဲ့ ကိစ္စဟာ နိုင်ငံတစ်နိုင်ငံနဲ့ စီးပွားရေး ကဏ္ဍကို စီမံ အုပ်ချုပ်တဲ့ အဖွဲ့အစည်း တစ်ခုအပေါ် ယုံကြည်မှုက ဘယ်လောက် အရေးပါသလဲ ဆိုတာနဲ့ စစ်ဗိုလ်ချုပ်တွေက ဗဟိုဘဏ်နဲ့ ပတ်သက်ပြီး ဘယ်လောက်တောင် စီမံခန့်ခွဲမှု လွဲမှားနေသလဲ ဆိုတာကို ညွှန်ပြနေကြောင်း ပြောပါတယ်။

FATFရဲ့ အရေးယူမှုဟာ မြန်မာမှာ နိုင်ငံတကာ အထောက်အပံ့တွေ ဖြန့်ဝေရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့ ပိုမို ရှုပ်ထွေးသွားမှာဖြစ်ပြီး ပြည်တွင်းမှာ ပုံမှန် လည်ပတ်ဖို့ ရုန်းကန်နေရတဲ့ ကုမ္ပဏီတွေကိုလည်း ပိုပြီး ဝန်ပိစေပါလိမ့်မယ်။ ပြည်တွင်း စီးပွားရေး အသိုက်အဝန်းဟာ ထင်ရှားတဲ့ စီးပွားရေး တက်ကြွ လှုပ်ရှားသူ တစ်ဦးလည်းဖြစ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်းနဲ့ လူသိများတဲ့ အနုပညာရှင် တစ်ဦးဖြစ်သူ ခင်ပွန်းသည် ဦးထိန်လင်းတို့ကို ဖမ်းဆီး ထောင်ချလိုက်တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ တုန်လှုပ်နေကြဆဲပါ။
မြန်မာဟာ ကမ္ဘာကြီးကို ခြိမ်းခြောက်လာနိုင်တဲ့ ငွေကြေး ခဝါချမှု၊ အကြမ်းဖက် ငွေကြေးထောက်ပံ့မှုတွေမှာ မြောက်ကိုရီးယား၊ အီရန်တို့နဲ့ တန်းတူ အဆင့်မျိုး ရောက်သွားပြီလို့ သတ်မှတ်နိုင်ကြောင်း ဟောင်ကောင်-မြန်မာ ဆက်ဆံရေးဌာနမှာ ဟောင်ကောင် အစိုးရ ကိုယ်စားပြု လက်ထောက် ညွှန်ကြားရေး တာဝန်ယူဖူးတဲ့ မိုက်ကယ်နွမ်က ပြောပါတယ်။ FATFရဲ့ နာမည်ပျက် စာရင်းသွင်းတာ ခံလိုက်ရတာက စစ်ဗိုလ်ချုပ်တွေရဲ့ နိုင်ငံခြားငွေ လဲလှယ်ရေးဆိုင်ရာ ထိန်းချုပ်မှုတွေကို အရင်ဆုံး ထိခိုက်ပြီး နိုင်ငံခြား ကုမ္ပဏီတွေ၊ ရင်းနှီးမြှုပ်နှံသူတွေ လုပ်ငန်းလာလုပ်ဖို့ ကိစ္စမှာလည်း အခက်ကြုံသွားစေမယ်လို့ သူက ဆိုတယ်။

ကမ္ဘာ့ဘဏ်ကတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ၂၀၂၁ ခုနှစ်အတွင်း ၂၀ ရာခိုင်နှုန်း ဝန်းကျင်လောက် ဆုတ်ယုတ်သွားတဲ့နောက် ဒီနှစ်မှာတော့ အခြေအနေ ငြိမ်သက်နေမယ်လို့ ခန့်မှန်းထားဖူးပါတယ်။ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ ရုတ်တရက် မြင့်တက်လာတဲ့ ကုန်စျေးနှုန်းဟာ စီးပွားရေး လုပ်ငန်းအားလုံးရဲ့ လည်ပတ်မှုတွေကို ထိခိုက် သက်ရောက်စေလိမ့်မယ်လို့ ကမ္ဘာ့ဘဏ်က သတိပေးထားဖူးပါတယ်။ မေလတုန်းက အခြေအနေတွေအရ မြန်မာနိုင်ငံမှာ ကုန်စျေးနှုူန်းတွေဟာ နှစ်အလိုက် နှိုင်းယှဉ်မှုအရ ၁၈.၂ ရာခိုင်နှုန်း တက်လာတယ်။ တစ်ကမ္ဘာလုံးမှာ လောင်စာဆီစျေး မြင့်တက်လာတာတွေ၊ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းတာတွေ၊ ကုန်သွယ်လမ်းကြောင်းတွေမှာ အနှောင့်အယှက် ကြုံတာတွေ အားလုံးဟာ အရင်ကတည်းက အမြတ်ပမာဏ ပါးလျလာတဲ့ သွင်းကုန်ကဏ္ဍမှာ ကျယ်ကျယ်ပြန့်ပြန့် ထိခိုက် နစ်နာမှုတွေ ကြုံလာစေတယ်လို့ ကမ္ဘာ့ဘဏ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီကို အံတုရပ်တည်နေတဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ကတော့ FATFရဲ့ နာမည်ပျက် စာရင်းသွင်း ခံလိုက်ရခြင်းက နိုင်ငံတကာ အလယ်မှာ စစ်ဗိုလ်ချုပ်တွေရဲ့ လူရာမဝင်မှုကို ပိုမို နက်ရှိုင်း မြင်သာလာစေခဲ့တယ်လို့ သုံးသပ်ပါတယ်။ ဒီပဋိပက္ခကြီး ရှည်ကြာနေသမျှ ကာလပတ်လုံး မြန်မာဟာ စီးပွားရေးလုပ်ဖို့ သင့်တော်တဲ့ နေရာမျိုး မဟုတ်ဘူးလို့ ခိုင်မာအားကောင်းတဲ့ သတင်းစကားတစ်ခု ပေးပို့လိုက်တဲ့ အဓိပ္ပါယ်ပဲလို့ NUGရဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးလည်းဖြစ်၊ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဒေါက်တာ ဆာဆာက မှတ်ချက် ပေးပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ စစ်တပ်အုပ်စိုးမှုအောက်မှာ ဘယ်အရာမှ ပုံမှန် လည်ပတ်နိုင်မှာ မဟုတ်ဘူး ဆိုတာကို နားလည် သိမြင်သင့်တယ်လို့လည်း သူက ဆိုတယ်။

နွမ်ကတော့ အခုလို နာမည်ပျက် စာရင်းသွင်း ခံရတဲ့အတွက် အာရှနဲ့ အနောက်နိုင်ငံတွေက ရင်းနှီးမြှုပ်နှံသူတွေဟာ မြန်မာအပေါ် ပိုပြီး အယုံအကြည် မဲ့လာနိုင်ပေမယ့် တရုတ်ကိုတော့ ခြွင်းချက်ထား စဉ်းစားရလိမ့်မယ်လို့ ထောက်ပြပါတယ်။ လက်ရှိ တရုတ်-အမေရိကန် တင်းမာမှုတွေရယ်၊ ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့တဲ့ ကိစ္စရယ်ကို အကြောင်းပြုပြီး တရုတ်ရဲ့ ဘဏ္ဍာရေး အဖွဲ့အစည်းတွေနဲ့ အစိုးရ ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ ရင်းနှီးမြှုပ်နှံသူတွေဟာ နိုင်ငံတကာ ငွေကြေးဆိုင်ရာ ကျင့်ဝတ်စည်းမျဉ်းတွေကနေ ပိုမိုဖယ်ခွာလာဖို့ အသင့်ရှိနေကြောင်း သူက ဆိုတယ်။ ဒီတော့ FATFရဲ့ အရေးယူ ဆောင်ရွက်မှုတွေဟာ တရုတ်က ရင်းနှီးမြှုပ်နှံသူတွေ အပေါ်မှာတော့ သက်ရောက်မှု နည်းနည်းလောက်သာ ရှိမှာဖြစ်ပြီး အိန္ဒိယ သမုဒ္ဒရာဆီ ဆက်သွယ်နိုင်ဖို့ မြန်မာ စစ်ကောင်စီနဲ့ ပူးပေါင်း အကောင်အထည်ဖော်မယ့် တရုတ်ရဲ့ အခြေခံ အဆောက်အအုံ စီမံကိန်းတွေဟာ ဦးစားပေး အဆင့်မှာ ဆက်ရှိနေမယ်လို့ သူက သုံးသပ်တယ်။

စစ်တပ် အာဏာမသိမ်းခင် ကတည်းက စီမံကိန်း ရေးဆွဲထားတဲ့ အခြေခံ အဆောက်အအုံ ပရောဂျက်တွေကို မနှစ်ကစပြီး တရုတ်က တဖြည်းဖြည်းချင်း ပြန်လည် အကောင်အထည် ဖော်လာခဲ့ပါတယ်။ တခြား ကုမ္ပဏီတွေ ထွက်ခွာသွားတဲ့ အချိန်မှာ တရုတ်ရဲ့ ကုမ္ပဏီတွေကတော့ မြန်မာ့ စွမ်းအင် စျေးကွက်ထဲမှာ ကျန်နေဆဲ ဖြစ်ပါတယ်။ ပြီးတော့ ကျောက်ဖြူက ရေနက်ဆိပ်ကမ်း စီမံကိန်း အဆိုပြုချက်နဲ့ ပတ်သက်လို့လည်း ပိုပြီး တွန်းအားပေးနေကြတယ်။ ဒီစီမံကိန်းဟာ တရုတ် သမ္မတ ရှီကျင့်ဖျင်ရဲ့ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု ‘Belt and Road’ စီးပွားရေး မဟာဗျူဟာ အခင်းအကျင်းမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

မြန်မာကနေ တစ်သုတ်ပြီးတစ်သုတ် ထွက်ခွာနေတဲ့ နိုင်ငံတကာ ကုမ္ပဏီတွေထဲမှာ Nivea အလှကုန် အမှတ်တံဆိပ်ကို ဖြန့်ဖြူးရောင်းချနေတဲ့ ဂျာမန် လုပ်ငန်းစုကြီး Beiersdorfနဲ့ ကာတာ အခြေစိုက် ဆက်သွယ်ရေး လုပ်ငန်းစု Ooredooတို့လည်း ပါဝင်ပါတယ်။ Niveaကတော့ လက်ရှိ စျေးကွက် အခြေအနေတွေအရ ရှေ့ဆက် လုပ်ငန်းလည်ပတ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ကြောင်း ဩဂုတ်လတုန်းက ပြောကြားခဲ့ဖူးပါတယ်။

နယ်စပ်စီးပွားရေး ကဏ္ဍနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ဘဏ်တွေနဲ့ သူတို့ရဲ့ စည်းမျဉ်းစည်းကမ်းတွေက ဘယ်လိုဘယ်ပုံ သက်ရောက်မှု ရှိလာမလဲ ဆိုတာကို ခန့်မှန်းရ ခက်လွန်းနေကြောင်း မြန်မာနိုင်ငံရဲ့ အခြေအနေကို လေ့လာစောင့်ကြည့်နေတဲ့ အနောက်တိုင်း စီးပွားရေး ပညာရှင် တစ်ယောက်က မှတ်ချက် ပေးပါတယ်။ အခုလို FATFရဲ့ နာမည်ပျက် စာရင်းသွင်းတာ ခံလိုက်ရတဲ့အခါ ကုန်သွယ်ရေးနဲ့ ငွေအလွှဲအပြောင်း ကိစ္စတွေ အပါအဝင် ပြည်တွင်းပြည်ပ ငွေကြေး အဝင်အထွက် အားလုံးမှာ ပိုပြီး ခက်ခဲသွားလိမ့်မယ်လို့ အဲဒီ ပညာရှင်က ဆိုတယ်။

ဒီတော့ နိုင်ငံတကာ ငွေကြေးပေးချေမှုတွေနဲ့ ပတ်သက်ရင် အနာဂတ်မှာ တရားမဝင်တဲ့၊ ဒါမှမဟုတ် ပုံမှန်မဟုတ်တဲ့ လမ်းကြောင်းတွေကို ပြောင်းလဲ အသုံးပြုလာတာမျိုး၊ မြန်မာနိုင်ငံ ပြင်ပက ဘဏ်စာရင်းတွေ ပိုပြီး ဖွင့်လှစ်တာမျိုးတွေ လုပ်ဆောင်လာလိမ့်မယ်လို့လည်း သူက သုံးသပ်တယ်။ ကနဦး ခန့်မှန်းမှုတွေ အရကို ထိချက်က အတော်ပြင်းမယ့်သဘော ရှိတယ်လို့ ရန်ကုန်အခြေစိုက် နိုင်ငံခြား ထောက်ပံ့ရေး အသိုက်အဝန်းမှာ ပါဝင်နေတဲ့ အနောက်နိုင်ငံသား အရာရှိ တစ်ယောက်က ဆိုပါတယ်။ ထောက်ပံ့ရေး ကိစ္စတွေ ရှေ့ဆက် လည်ပတ်ဖို့ဆိုရင် ဘဏ္ဍာရေးနဲ့ လုပ်ထုံးလုပ်နည်းဆိုင်ရာ ပုံစံသစ်တွေ လိုအပ်လာတော့မယ်လို့လည်း သူက ပြောကြားသွားပါတယ်။

ပြောပြဦးမယ်အစီအစဥ်ကို အပတ်စဥ် တနင်္ဂနွေနေ့ ည ၈ နာရီတိုင်းမှာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

(Nikkei Asiaတွင် ဖော်ပြထားသည့် Myanmar blacklisted by FATF for terrorism and crime finance ဆောင်းပါးကို ဘာသာပြန်ဆိုသည်)

ဆက်စပ်သတင်းများ

သတင်း

တချို့နိုင်ငံခြားသားတွေကတော့ ကန့်သတ်ပိတ်ပင်ထားတဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်နေတာ မဟုတ်ပေမယ့် အလုပ်သမား စည်းမျဉ်းတွေကို မလိုက်နာလို့ အရေးယူ ခံရတာလို့လည်း ခါရွမ်က ပြောပါတယ်။

မေးမြန်းခန်း

ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကို ဗဟိုပြုနေတဲ့ ပထဝီဝင် နိုင်ငံရေး ရိုက်ခတ်မှုတွေ အကြောင်းကို ပြည့်ပြည့်စုံစုံ ပြောကြားခဲ့ပါတယ်။

သတင်း

▪︎ နယ်စပ်ဖြတ်​ကျော်အကူအညီ​ပေးတာမှာထိုင်းက KNU နဲ့ နယ်စပ်​ဒေသမှာအကူအညီ​ပေး​နေတဲ့အဖွဲ့​တွေကိုမတိုင်ပင်ပဲ စစ်​ကောင်စီသြဇာခံ ကြက်​ခြေနီအသင်းနဲ့​ပူး​ပေါင်းလုပ်မယ့်အစီအစဥ်ဟာလုပ်နည်းလုပ်ဟန်မှား​နေတယ်လို့ KNU​ပြော

သတင်း

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် ချင်းတိုင်းရင်းသား အနွယ်ဝင် ၃၀၀၀၀ လောက်ဟာ မီဇိုရမ် ပြည်နယ်ထဲကို စစ်ရှောင်တွေအဖြစ် ဝင်ရောက် ခိုလှုံနေခဲ့ကြရပြီး ဖြစ်ပါတယ်။