Connect with us

Hi, what are you looking for?

ဆောင်းပါး

▪︎တမင်မီးဖြတ်​နေတဲ့စစ်​ကောင်စီ

အာဏာသိမ်းစစ်​ကောင်စီက အလှည့်ကျစနစ်ဖြင့်မီးပေးသည်ဆို​သော်လည်း ဓါတ်အားကို ​ပေးချင်သလို​ပေး၊ဖြတ်ချင်သလိုဖြတ်ကာ မီးပျက်ချိန်ပိုများလာ​သောအခါ ​နွေ​နေပူပူတွင်မီးမလာ​သောအခါပြည်သူများခံစား​နေရ​သောဒုက္ခဖြစ်သည်။

(လမ်းမီးလင်းထိန်​နေပြီး ပြည်သူများ​၏ ​နေအိမ်များကို မီးဖြတ်ထား​သည်ကို ဧပြီလတတိယပါတ်ကရန်ကုန်မြို့ညတစ်ညကိုမြင်​တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)
(လမ်းမီးလင်းထိန်​နေပြီး ပြည်သူများ​၏ ​နေအိမ်များကို မီးဖြတ်ထား​သည်ကို ဧပြီလတတိယပါတ်ကရန်ကုန်မြို့ညတစ်ညကိုမြင်​တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)
-သတိုး/ People’s Spring

“ပူတယ်ဟေ့”

ဧပြီလလယ်ပိုင်းရန်ကုန်ညတစ်ည။ ညည့်နက်သန်းခေါင်အချိန် အမျိုးသမီးတစ်ဦးအာခေါင်ခြစ်အော်လိုက်​သောအသံက မဲ​မှောင်တိတ်ဆိတ်​နေ​ချိန်တွင်ဟိန်းထွက်လာသည်။

ထိုခံစားချက်သည် လက်ရှိရန်ကုန်မြို့နေ ပြည်သူအများစုခံစားနေရသည့်တူညီ​သောအရာပင်။

အာဏာသိမ်းစစ်​ကောင်စီက အလှည့်ကျစနစ်ဖြင့်မီးပေးသည်ဆို​သော်လည်း ဓါတ်အားကို ​ပေးချင်သလို​ပေး၊ဖြတ်ချင်သလိုဖြတ်ကာ မီးပျက်ချိန်ပိုများလာ​သောအခါ ​နွေ​နေပူပူတွင်မီးမလာ​သောအခါပြည်သူများခံစား​နေရ​သောဒုက္ခဖြစ်သည်။

အထက်ပါအမျိုးသမီးနေထိုင်သည့် ရပ်ကွက်တွင် လူနေအိမ်များတွင်သာမီးမလာသော်လည်း စစ်​အုပ်စုကအချိန်အကန့်အသတ်ဖြင့် ညမထွက်ရအမိန့်ထုတ်ထားပြီး လမ်းသွားလမ်းလာမရှိသ​လောက်နည်း​သော လမ်း‌မများပေါ်တွင်မူ ထူးဆန်းစွာလျှပ်စစ်မီး ထိန်ထိန်ညည်းနေသည်။

Public Service Announcement

Public Service Announcement

“လမ်းမီး​တွေ​ပေးထားတယ် ညလည်းထွက်လို့ရတာမဟုတ်ဘဲနဲ့။ တိုက်ခန်း​တွေကိုဖြတ်ထားတာ တမင်ကြီး”ဟုရန်ကုန်မြို့​နေ ပြည်သူတစ်ဦးက​ပြောသည်။ရန်ကုန်တွင် စစ်အုပ်စုက ည ၁၂ နာရီ မှ ၄ နာရီအတွင်းညမထွက်ရအမိန့်ထုတ်ထားသလို ၊စစ်​ကောင်စီလက်ထက် ဒုစရိုက်မှုများထူ​ပြောလွန်းလှသဖြင့်ပြည်သူအများစုည ၉ နာရီ​နောက်ပိုင်းအပြင်ထွက်သူနည်းလှပါသည်။

(လမ်းမီးလင်းထိန်​နေပြီး ပြည်သူများ​၏ ​နေအိမ်များကို မီးဖြတ်ထား​သည်ကို ဧပြီလတတိယပါတ်ကရန်ကုန်မြို့ညတစ်ညကိုမြင်​တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)
(လမ်းမီးလင်းထိန်​နေပြီး ပြည်သူများ​၏ ​နေအိမ်များကို မီးဖြတ်ထား​သည်ကို ဧပြီလတတိယပါတ်ကရန်ကုန်မြို့ညတစ်ညကိုမြင်​တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)

စစ်အုပ်စုအာဏာသိမ်းသည့်ကာလတွင် ပြည်သူများ ဆိုးဆိုးဝါးဝါးကြုံတွေ့ရသည့် အရာများထဲ၌ လျှပ်စစ်မီးပြတ်ခြင်းသည်တစ်ခုအပါအဝင်ဖြစ်သည်။

​ရန်ကုန်မြို့၏ မြို့နယ်များတွင် လျှပ်စစ်မီးကို လေးနာရီခြားတစ်ကြိမ် အလှည့်ကျ စနစ်ဖြင့် မီးပေးနေသည်မှာ လအတော်ကြာပြီဖြစ်သည်။သို့သော်လည်း မီးပျက်ချိန်သာမှန်ပြီး မီးလာချိန်မှာ မရေရာပေ။

ရွေး​ကောက်ခံ အရပ်သားအစိုးရလက်ထက်တွင် မီးပြတ်တာနည်းပါးသ​လောက် ​အာဏာလုစစ်အုပ်စုရှိ​နေစဥ်ကာလမှာမီးမှန်သည်မှာနည်းပါးလှသည်။

သင်္ကြန်ကာလတွင်သာတူတူတန်တန် မီးပြတ်ချိန်နည်းခဲ့ သော်လည်း သင်္ကြန်ပြီးသည့် နှစ်ဆန်း နှစ်ရက် (ဧပြီ ၁၈) မှစတင်၍ မီးလာချိန်မှာ ယခင်ထက်ပိုမိုဆိုးရွားစွာ ကြုံတွေ့နေရသည်။

” အချိန်အများကြီးပေးဖို့ပြောတာမဟုတ်ဘူး။ မီးလာချိန် ပျက်ချိန်တော့ မှန်စေချင်တယ်။ အခုက မီးနဲ့ပတ်သက်ပြီး ဘာမှလုပ်မရဘူး” ဟု ထောက်ကြန့်မြို့တွင်နေထိုင်သူတစ်‌ဦးကပြောသည်။

မီးလာလျှင် ပျော်ရွှင်စွာ အော်ဟစ်ရသည့် လွန်ခဲ့သော ဆယ်စုနှစ်ကျော်ကာလကို ပြန်လည်ရောက်ရှိသွားခြင်းဖြစ်သည်ဟု သူကရင်ဖွင့်သည်။

“မီးကမလာရင် မလာဘူး။ လာချိန်ကျတော့လည်း ခဏခဏလာတယ်” ဟု မီးပေးရမည့် အချိန်တွင် ခဏခဏပျက်သည့် အကြောင်းကို ကမာရွတ်မြို့နယ်တွင်နေထိုင်သူတစ်ဦးကပြောသည်။

အပူချိန်မြင့်မားသည့် ကာလဖြစ်သောကြောင့် ညပိုင်းအချိန်များကို အချိန်ပြည့်မီးပေးစေလိုကြောင်း ၎င်းကပြောသည်။

“အလုပ်ကနေ မောမောပန်းပန်းပြန်လာပြီး ညဘက်လေးတော့ အေးအေးဆေးဆေးနေချင်တာ ။ အခုက ညနက်တဲ့ အချိန်ဆိုပျက်နေတာနေ့တိုင်းပဲ” ဟု လှိုင်မြို့တွင်နေထိုင်သူတစ်ဦးကလည်းပြောသည်။

အဆိုးဆုံးမှာ ပြည်သူများအိပ်​ကောင်းချိန် ညသန်း​ခေါင်အလွန် ၂ နာရီ ၃ နာရီတွင်မီးဖြတ်ခြင်းပင်ဖြစ်သည်။

“အိပ်ကောင်းပြီဆိုတဲ့ အချိန်ကို တမင်ဖြတ်တာ ။တစ်ရက်တည်းမဟုတ်ဘူး” ဟု ပြည်သူတစ်ဦးက​ပြောသည်။

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်မှ အသက် ၂၅ နှစ်အရွယ်အမျိုးသမီးတစ်ဦးကလည်း စစ်​ကောင်စီက မီးကိုတမင်ဖြတ်​နေခြင်းဖြစ်သည်ဟု​ပြောသည်။

“လုပ်လို့ ရလို့ လုပ်နေတာ။ ခံရမှာပေါ့။ ထမင်းဟင်းချက်ချိန်တောင် မီးမပေးဘူးဆိုတော့ စဉ်းစားကြည့်ပေါ့ဗျာ။ ကုန်ဈေးနှုန်း‌နဲ့ ဝင်ငွေနဲ့ မမျှရတဲ့ကြားထဲ မီးသွေးကို ဈေးကြီးပေးဝယ်သုံးရ။ ညသန်းခေါင် အောက်ရေလာချိန် တစ်မိသားစုလုံး ရေခံရနဲ့ ဒုက္ခတွေတော့ မပြောချင်ဘူးဗျာ”ဟု အခြားပြည်သူတဦးကလည်းခံစား​နေရ​သောဒုက္ခကိာ ရင်ဖွင့်သည်။

မီးပျက်ချိန်များသော်လည်း မီတာခများမှာ ယခင်အတိုင်းပုံမှန် ပမာဏသာ ဆောင်နေရကြောင်း ထောက်ကြန့်မြို့မှ အိမ်ရှင်မတစ်ဦးကပြောသည်။

“မီးလာမှာ မဟုတ်‌တဲ့အတူတူ မီးတာမဆောင်ပဲ မီးဖြတ်ခံထားရတာကမှ သက်သာဦးမယ်” ဟုသူကဆိုသည်။

သင်္ဃန်းကျွန်းမြို့နယ်မှ ရပ်ကွက်အချို့ တွင် ဧပြီ ၁၉ရက်မှ ၂၀ ရက်အတွင်း မီးလာချိန် ငါးနာရီခန့်သာရ​ကြောင်းပြည်သူအချို့က​ပြောသည်။

သို့​သော် စစ်​ကောင်စီ ဝန်ထမ်းအိမ်ယာများတွင်မူမီးမပြတ်​ဘဲ သင်္ဃန်းကျွန်း၊ လှိုင် စ​သောမြို့နယ်ရှိစစ်​ကောင်စီဝန်ထမ်းအိမ်ယာများမီးမပြတ်ဟု ​ဒေသခံအချို့က​ပြောသည်။

ထို့အပြင်စစ်​ကောင်စီက ယခုလပိုင်းအတွင်းမီးပျက်သည်မှာ PDF များ ၊​တော်လှန်​ရေးအင်အားစုများက ဓါတ်အားခွဲရုံများ၊ဓါတ်တိုင်များကို မိုင်းခွဲ၍ မီးပျက်ရခြင်းဖြစ်သည်ဟုဝါဒဖြန်ချီမှုပိုလုပ်လာသည်။

ဥပမာတစ်ခုပြပါမည်။” ၄.၄.၂၀၂၃ ရက်​နေ့ ( ၂၁:၂၁ )အချိန်တွင် ပဲခူးတိုင်း ၊ ကျောက်တံခါးမြို့နယ်ရှိ သာယာကုန်း ပင်မဓာတ်အားခွဲရုံအား အကြမ်းဖက် သောင်းကျန်းသူများမှ Drone ဖြင့် ဗုံး(၁၀)လုံးခန့် ပစ်ချဖေါက်ခွဲတိုက်ခိုက်မှုကြောင့် ဓာတ်အားခွဲရုံအတွင်းရှိ ဗို့အားမြင့် လျှပ်စစ်ပစ္စည်းများ ချို့ယွင်းပျက်စီးလျှက် ဓာတ်အားစနစ် တစ်ခုလုံး ဓာတ်အားပြတ်တောက်မှု (System Breakdown) ဖြစ်ပေါ်ခဲ့ပြီး တစ်နိုင်ငံလုံး ဓာတ်အားပြတ်သည့်အပြင် ဓာတ်အားခွဲရုံမှ ဝန်ထမ်းများပါ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်”ဟု စစ်​ကောင်စီ၏ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC) ကထုတ်ပြန်သည်။

သို့​သော်ပြည်သူအများစုကစစ်​ကောင်စီ​၏ထုတ်ပြန်ချက်မှာ​တော်လှန်​ရေးအင်အားစုများကို ပြည်သူများအထင်မှားစေရန်ပြုလုပ်ခြင်းဖြစ်​​ကြောင်းသ​ဘော​ပေါက်နားလည်းကြသည်။ YESC ၏ အဆိုပါပိုစ်ကို ပြည်သူ ၅၀၀၀​ကျော်က Ha Ha ​ပေးခဲ့သည်။

“Drone နဲ့ပစ်မချခင်က အမြဲလာတယ်လို့ ဆိုလိုချင်တာလား”ဟု ပြည်သူတစ်ဦးက​အချက်ကြစွာတန်ပြန်​မေးခွန်းထုတ်သည်။

“၄ ရက်နေ့ည ၉ နာရီ ဗုံးပစ်ခံရလို့မီးပြတ်တာတဲ့ မီးက ၄ရက်နေ့ မနက်ကထဲကမလာတာလေဟယ်”ဟုပြည်သူတစ်​ယောက်ကလည်း​ပြောသည်။

အာဏာသိမ်းစစ်ကောင်စီ အနေဖြင့် ပြည်သူများကို စိတ်ဒုက္ခပေးလိုသောကြောင့် လျှပ်စစ်မီးပေးသည့် အခြေအနေကို တမင်လုပ်နေခြင်းဖြစ်နိုင်သည်ဟု အသက်သုံးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦးကသုံးသပ်သည်။

“ဒီအခြေအနေကလွတ်ဖို့တစ်လမ်းပဲရှိတယ်။ ဒီကောင်တွေ(စစ်​ကောင်စီ)ပြုတ်ကျမှပဲလွတ်မှာ ” ဟု အထက်ပါအမျိုးသားက​ပြော​လေသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။