မြန်မာနိုင်ငံရှိ ဟိုတယ်လုပ်ငန်းများတွင် ရင်းနှီးမြှပ်နှံမှုအားလုံးနှုတ်ထွက်မည်ဖြစ်ကြောင်း စင်ကာပူမြေယာကုမ္ပဏီ Keppel က ယနေ့ ထုတ်ပြန်လိုက်သည်။
ဒေါ်လာ ၅၇သန်းကျော် ရင်းနှီးမြှပ်နှံထားသည့် ရန်ကုန်မြို့လယ်ရှိ Junction City စီမံကိန်းတွင် Keppel ကော်ပိုရေးရှင်း၏ လက်အောက်ခံကုမ္ပဏီ Double Peak ကုမ္ပဏီကရှယ်ယာဝင်ထားခြင်းကို ၂၀၂၃ခုနှစ် နှစ်ဝက်အတွင်း အပြီးသတ်နှုတ်ထွက်မည်ဖြစ်သည်။
ထိုသို့နှုတ်ထွက်ပြီးပါက Green Development နှင့် Straits Greenfieldနှစ်ခုလုံးတို့သည် Keppel၏လုပ်ငန်းခွဲများမဟုတ်တော့ကြောင်း အဆိုပါကုမ္ပဏီ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Junction Cityစီမံကိန်းသည် ရန်ကုန်မြို့တွင်တည်ရှိပြီး ဈေးဝယ်စင်တာများ၊ Pan Pacific ဟိုတယ်နှင့်လူနေအိမ်ယာများပါဝင်ဖွဲ့စည်းထားခြင်းဖြစ်သည်။

Public Service Announcement
စင်ကာပူအိမ်ယာမြေနှင့်အခြေခံအဆောက်အအုံဖော်ဆောင်သူကုမ္ပဏီ Keppel Land သည် ပြည်တွင်းမှ ရွှေတောင်လုပ်ငန်းစုနှင့် သဘောတူညီမှုရယူပြီး ရန်ကုန်မြို့လယ်ရှိ Junction Cityစီမံကိန်း ဒုတိယအဆင့်နှင့်လူနေအိမ်ယာ၊ ရုံးခန်းများတည်ဆောက်ရန် ၂၀၁၆ခုနှစ် စက်တင်ဘာ ၉ ရက်က သဘောတူရင်းနှီးမြှပ်နှံခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံမှနိုင်ငံခြားကုမ္ပဏီများ ဆက်တိုက်နှုတ်ထွက်နေခြင်းမှာ စစ်တပ်အာဏာသိမ်းမှု၏ ဆိုးကျိုးတစ်ခုဖြစ်ပြီးနိုင်ငံအတွက် ကြီးမားသည့် ဆုံးရှုံးမှုတစ်ခုဖြစ်ကြောင်း ရင်းနှီးမြှပ်နှံမှအကြံပေးကုမ္ပဏီတစ်ခုမှ အကြီးတန်းအရာရှိတစ်ဦးကပြောသည်။
“ဆယ်စုနှစ်တခုကြာရရှိခဲ့တဲ့စီးပွားရေးတိုးတက်မှုတွေ စစ်တပ်အာဏာသိမ်းတဲ့ နှစ်နှစ်အတွင်းမှာ အကုန်လုံးပြန်ဆုံးရှုံးသွားတာ”ဟု၎င်းကဆက်ပြောသည်။
အလားတူဆွစ်ဇာလန် အစားအသောက်ထုတ်လုပ်ရေးကုမ္ပဏီ Nestle သည် မြန်မာနိုင်ငံတွင် ထုတ်လုပ်မှုအားလုံးကို ရပ်ဆိုင်းပြီးနိုင်ငံအတွင်းမှာ ထွက်ခွာတော့မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၇ ရက်ကကုမ္ပဏီဘက်ကထုတ်ပြန်ခဲ့သည်။
စစ်တပ်အာဏာသိမ်းပြီးနောက် နော်ဝေးတယ်လီကွန်းကုမ္ပဏီ Telenor၊ အမေရိကန်ရေနံကုမ္ပဏီစွမ်းအင်ကုမ္ပဏီ Chevron ၊ ပြင်သစ်ရေနံကုမ္ပဏီ Total၊ ဩစတြေးလျရေနံကုမ္ပဏီ Woodside စသည့် ကမ္ဘာကျော်ကုမ္ပဏီများ ပြည်တွင်းမှဆက်တိုက်ထွက်ခွာခဲ့သည်။


















































