ဝါကျင့်ကျင့်ဆန်ကြမ်းများကို ချက်ပြုတ်ပြီး နေ့လယ်စာ စားသောက်ရန် မခင်လေး(အမည်လွှဲ)တို့ မိသားစု ပြင်ဆင်နေကြသည်။
မခင်လေး၏ခင်ပွန်းသည် ယနေ့မနက်ပိုင်းတွင် နေ့ဝက်ခန့်လမ်းလျောက်သွားရသည့်ရွာမှ ဆန်သုံးပြည်ကိုဝယ်လာနိုင်ခဲ့ ၍သာအခုလို့ ထမင်းချက်နိုင်ခြင်းဖြစ်သည်။
“ဒီနေရာမှာ ဆန်ဆိုတာ ငွေရှိတိုင်းဝယ်မရဘူး။”ဟု မခင်လေးကပြောပါသည်။
မခင်လေးတို့ မိသားစု မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိကျေးရွာတစ်ရွာမှ စစ်ဘေး ရှောင်လာခြင်းဖြစ်သည်။ သူမတို့နေထိုင်ရာရွာသည် စစ်ကောင်စီတပ် စစ်လက်နက်ပစ္စည်း ထုတ်စက်ရုံ (ကပစ)ထိပ်တွင်ရှိပြီး စစ်တပ် ရိက္ခာသယ်ရာ လမ်းကြောင်းပေါ်တွင် တည်ရှိသည်။

စစ်ကောင်စီတပ်များသည် စစ်လက်နက်စက်ရုံအနီးအနားတွင်ရှိသည့် လယ်ကွက်များတွင်ကျေးရွာသားများကို လယ်ယာလုပ်ခွင့်မပေးဘဲ ကန့်သတ်ထားသည်။ ကျေးရွာအတွင်းကိုလည်း မထင်လျှင်မထင်သလို ရိက္ခာအတွက် ဝင်ရောက်လုယက်တတ်သေးသည်။ရွာထဲရှိ ကြက်၊ဝက်၊ နွားများကို ထင်သလို သတ်ဖြတ်စားသောက်တတ်ကြသည်။
“နောက်ဆုံးဗျာ။ ရွာထဲမှ ဟင်းခတ်အချို့မှုန့်တို့၊ ငပိတို့တောင် မချန်ဘူး အကုန်ယူသွားကြတာ”ဟုဒေသခံကျေးရွာသားတစ်ဦးကပြောသည်။
ယမန့်နှစ်က စက်ရုံအနီးအရဲစွန့်၍ တောင်ယာလုပ်ခဲ့သည့် ဒေသခံ ၈ ဦးကို ဖမ်းဆီးခဲ့ရပြီး ၆ ဦးကိုနှစ်ရှည်ထောင်ဒဏ်များချမှတ်ခံရသည်။ သက်ကြီးရွယ်အိုနှစ်ဦးကိုမသေရုံတမယ်ရိုက်နှက်ပြီး ပြန်လွှတ်ပေးခဲ့ ပြီး သူတို့နှစ်ဦးမှာလက်ရှိတွင် နာတာရှည်ရောဂါများအဖြစ် အိပ်ယာထက်၌လှဲနေရလေသည်။

ထိုနောက်ဒေသခံများသည် ကျေးရွာကို စွ့န်ခွာပြီး တောထဲတွင် ပုန်းခို၍ ဖြစ်သလိုနေထိုင်ကြရသည်။ထိုကြောင့်အလုပ်အကိုင်လည်းရှားပါးလာပြီး စားဝတ်နေရေးခက်ခဲနေသည်။
“ဒီသရက်ညွ့န်ကို စားရတယ်ဆိုတာ ဒီနေရာမှ သိတယ်”ဟု မခင်လေးက ညစာအတွက် ငှက်ပျောအူများပြုတ်ရန် ပြင်ဆင်နေရင်း တဲထိပ်ရှိ နီညိုရောင် အညွန့်များဖျာထွက်နေသည့် သရက်ပင်ကို လက်ညှိုးထိုးပြသည်။
ထိုအပြင် စစ်ကောင်စီနှင့် ၎င်းတို့လက်ပါးစေ ပြည်သူ့စစ်ခေါ်သည့်ပျူစောထီးများက ကျေးရွာသားများကို ဆန်သယ်ခွင့်ကိုလည်း ပိတ်ပင်ထားသေးသည်။
လူတစ်ဦးကို ဆန် သုံး ပြည်နှင့် ပိုသယ်ခွင့်မပေးပေ။ ဆန်ကို အိတ်လိုက် သယ်ယူပါက သိမ်းဆည်းခံရသည်။
ထိုကျေးရွာနည်းတူတော်လှန်ရေးအားကောင်းသည့်စစ်ကိုင်းနှင့် မကွေးတိုင်းတို့ကို ဆန်သယ်ယူခွင့်ကို စစ်ကောင်စီက တင်းတင်းကြပ်ကြပ် ပိတ်ပင်ကန့်သတ်ထားသည်။

ဆန်ကုန်သည်များပင်ဆန်ကို တစ်နေရာမှ တစ်နေရာကိုအရေအတွက်များများ သယ်ယူလိုပါက ဒဏ်ကြေးပေးသယ်ရသည်။ထို့အပြင် ထိုသို့သယ်ယူရင်း မကြာခဏဆန်အိတ်များသိမ်းဆည်းခံရသည်။
“ကုန်ကားတစ်စီးကိုဆန်လေး၊ငါးအိတ်ပဲသယ်လို့ရတယ်။ ဒါတောင် တအိတ်ကို ၅၀၀၀ (ကျပ်) ပေးရတယ်။ တခါတလေ သူတို့ လိုချင်ရင် ဘာမပြော ညာမပြောနဲ့ သိမ်းထားလိုက်တာပဲ”ဟု ကုန်ကားသမားတစ်ဦးကပြောသည်။
စစ်ကိုင်းနှင့် မကွေးတိုင်းအတွက် ဆန်ကိုဧရာဝတီမြစ်အရှေ့ဘက်ခြမ်းမှ သယ်ယူမည်ဆိုလျှင် စစ်ကောင်စီက ဆန်ကုန်သည်ကြီးများအသင်း၏ ထောက်ခံချက်ဖြင့်သာ သယ်ရမည်ဟု ကန့်သတ်ထားသည်။
ထိုသို့ ကန့်သတ်ထားခြင်းကြောင့် စစ်ကိုင်းနှင့်မကွေးတိုင်းတွင် ဆန်ချော တအိတ်ကို ကျပ် တစ်သိန်းဝန်းကျင်ရှိလာသည်။ ထိုဈေးနှုန်းသည် မိုခါမုန်တိုင်းမဝင်ခင်ထက် ကျပ် ၂၀၀၀၀ ခန့်ဈေးပိုကြီးလာခြင်းဖြစ်သည်။ မုန်တိုင်းမတိုင်ခင် မေလဆန်းပိုင်းက ဆန်ချောတအိတ်ကို ကျပ်ရှစ်သောင်းဝန်းကျင်သာရှိခဲ့သည်။

စစ်ကိုင်းနှင့်မကွေးတိုင်းတွင်လည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဖျက်ဆီးမှုများကြောင့်ယာမြေများတွင်ကောက်ပဲသီးနှံများမစိုက်ပျိုးနိုင်သည့် အပြင်မိုခါမုန်တိုင်းကြောင့် စိုက်ခင်းများပျက်စီးခဲ့ရသည်။ ကျွဲနွားများလည်း ကောင်ရေ သိန်းချီသေဆုံးခဲ့ကြောင်းလည်းဒေသခံများကပြောသည်။
ထိုအပြင်ကုန်စည်စီးဆင်းမှုနှောင့်နှေးနေသဖြင့် ဆန်သာမက အခြေခံစားသောက်ကုန်ဈေးနှုန်းများလည်းမြင့်တက်နေသည်ဟု ဒေသခံများကပြောသည်။
လက်ရှိတွင်ရွှေဘိုပေါ်ဆန်းမွှေးတစ်အိန်ကို ကျပ် ၁၂၀,၀၀၀၊ ဆန်ချော တစ်အိတ်လျှင် ကျပ် ၁၀၀,၀၀၀နှင့် ဆန်ကြမ်းတအိတ်လျှင် ကျပ် ၈,၀၀၀၀ အထိ မြင့်တက်နေသည်ဟု ပခုက္ကူခရိုင်အတွင်းရှိ ဆန်ကုန်သည်များကပြောသည်။
“အခုချိန်မှာတောင်သူတွေလည်းစစ်ကောင်စီကြောင့်တောင်ယာမလုပ်နိုင်၊ စပါးမစိုက်နိုင် ဘူး။ စစ်ကြောင်းထိုးလို့ထွက်ပြေးနေရတယ်။ အိမ်တွေလည်း မီးရှို့ခံရပြီး စိုက်ပျိုးရေး အသုံးအဆောင်တွေလည်း မီးရှို့တဲ့ အထဲပါသွားတော့မစိုက်နိုင်ကြဘူး”ဟု မကွေးတိုင်း၊ ထီးလင်းဒေသခံတစ်ဦးကပြောသည်။
စစ်ကောင်စီက ခုခံတွန်းလှန်မှုအားကောင်းသည့်မကွေးနှင့်စစ်ကိုင်းတိုင်းတို့တွင်ဆန်ကန့်သတ်ပြီးတော်လှန်ရေးကို ဦးချိုးရန် ပြင်ဆင်နေကြောင်း တော်လှန်ရေးအဖွဲ့များပြောသည်။ စစ်တပ်၏ နာမည်ကျော်ဖြတ်လေးဖြတ်ထဲတွင် ရိက္ခာဖြတ်တောက်ခြင်းကို စစ်ကောင်စီကလက်နက်အဖြစ် အသုံးပြုနေသည်ဟု တော်လှန်ရေးအဖွဲ့များကပြောသည်။
“ကျွန်တော်တိုယောထဲကပြည်သူတွေမှာဆန်ရှားပါးတဲ့ ပြဿနာကြုံနေရတယ်ဗျာ ပြီးတော့စျေးတွေကလဲ ယောနယ်မှာ မကြားဖူးတဲ့စျေးတွေ ဖြစ်နေပြီ။အခုအချိန်မှာကာကွယ်ရေးအဖွဲတွေကို ကူဖိုမပြောသေးနဲ့ဦးကိုယ့်ဘာသာစားဖိုပါရုန်းကန်နေရသလိုဖြစ်နေကြပြီ ”ဟုယောဒေသခံတစ်ဦးကပြောသည်။

ပခုက္ကူခရိုင်တပ်ရင်းတစ်ခုမှ တပ်ခွဲမှုးကလည်း တပ်ခွဲတခုအတွက် နှစ်ရက်ကို ဆန်တအိတ်ခန့်ကုန်ကျပြီး ပြည်သူများကလည်း လှူဒါန်းမှုအားလည်း လျော့ကျလာသည်ဟု ပြောသည်။
“စစ်ကောင်စီဘက်ကလည်း PDFထိန်းချုပ်ရွာတွေကို ဆန်ဖြတ်တယ်။ ရိက္ခာဖြတ်တယ်။ ကျတော်တို့ကလည်း သူတို့ကိုထောက်ခံတဲ့ ပျူစောထီးတွေ၊ သူတို့ စစ်စခန်းတွေကို ရိက္ခာဖြတ်တောက်တာမျိုးလုပ်ကြပါတယ်။ နှစ်ဖက်အပြန်အလှန်ပေါ့။ ဘယ်သူက တောင့်ခံနိုင်မလဲ စောင့်ကြည့်ရဦးမယ်”ဟု မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကမှတ်ချက်ပေးသည်။
မခင်လေးတို့ရွာသည် စစ်ဘေးရှောင်နေရသော်လည်း စာသင်ကျောင်းကို အထက်တန်းအထိ ဖွင့်လှစ်ထားပြီး စစ်ဘေးရှောင်များအပြင် အနီးနားရှိ ကျေးရွာများက ကလေးများ လာရောက်စာသင်နေကြသည်။
ထိုစာသင်ကျောင်းတွင် ဖတ်စာအုပ်၊ ဗလာစာအုပ်၊ စာရေးကရိယာများ လိုအပ်ချက်များရှိနေသော်လည်း စာသင်သံ၊ စာအံ့သံများက တောတောင်အတွင်း ပြန်နှံနေသည်။ စာသင်ကျောင်းဆောင်ဘေးတွင် အတော်အတန်ခိုင်ခံသည့် ဗုံးခိုကျင်းများတူးထားရသည်။
ထိုအရာကလည်း ယခုနှစ်အတွင်း စာသင်ကျောင်းနှင့်ဆေးရုံများကို ဦးတည်တိုက်ခိုက်တတ်သည့် စစ်ကောင်စလေကြောင်းရန်ကာကွယ်ရန်ဖြစ်သည်ဟု စခန်းတာဝန်ခံက ပြောသည်။
“ခက်ခဲလည်းအတူရုန်းကန်ကြပြီးတောင့်ခံဖို့ခံယူထားပါတယ်။ကလေးတွေရဲ့လည်း ပညာရေးကိုမပြတ်လပ်စေချင်ဘူး”ဟု မခင်လေးကပြောပါသည်။
