စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုး၊ မီးရှို့ဖျက်ဆီး၊ ဖမ်းဆီးသတ်ဖြတ်အကြမ်းဖက်ခြင်းများ ရင်ဆိုင်နေရသည့်စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင်တစ်ပူပေါ်နှစ်ပူဆင့်စေသည်မှာ မြွေဆိုးအန္တရာယ်ပင်ဖြစ်သည်။
ကန့်ဘလူခရိုင်အတွင်း စစ်ရှောင်ပြည်သူများ မြွေဆိုးကိုက်ခံရမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှ ၂၀၂၃ ခုနှစ် ဇွန်လဒုတိယပတ်အထိ မြွေဆိုးကိုက်ခံရသူ ၇၁ ဦးအထိ ရှိကြောင်း မြေပြင်၌ ကုသမှုများပေးနေသည့် ကျန်းမာရေးဝန်ထမ်းများစုဆောင်းထားသောအချက်အလက်များအရ သိရသည်။
မြွေဆိုးကိုက်ခံရသူများအနက် အချိန်မီကုသမှု ပေးနိုင်ခဲ့သည့်အတွက် အများစုအား အသက်ကယ်တင်ခဲ့နိုင်သော်လည်း အသက်မပြည့်သေးသည့် ကလေးငယ်နှစ်ဦး အပါအဝင် ခြောက်ဦးမှာမူ အသက်ဆုံးရှုံးခဲ့ရကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။
သို့သော်အထက်ပါ အချက်အလက်များသည် လက်လှမ်းမှီသမျှပြုစုထားသည့် အချက်အလက်များသာဖြစ်ပြီး ကန့်ဘလူခရိုင်အတွင်း၌ မြွေဆိုးကိုက်လူနာအရေအတွက်ယခုထက်ပငမ ပိုများနိုင်ကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

Public Service Announcement

ကန့်ဘလူခရိုင်အတွင်း ချပ်သင်း၊ကိုးထောင်ဘို့၊ထန်းကုန်း စသည့်ဒေသများသည် မြွေဆိုးအန္တရာယ်အများဆုံးကြုံတွေ့ရသည့် ဒေသများဖြစ်သည်။ မြွေဆိုးဆိုသည်မှာ အဆိပ်ပြင်းသောမြွေပွေးနှင့် မြွေဟောက်အများဆုံးအကိုက်ခံရလေ့ရှိသည်။
သေဆုံးခဲ့သည့် ကလေးငယ်နှစ်ဦးမှာ လျှော်ဖြူကုန်းကျေးရွာမှ အသက် ကိုးနှစ်အရွယ် မလှလှမျိုးနှင့် ဝက်သအင်းရွာမှ ရှစ်နှစ်အရွယ် မောင်မိုးဟိန်းတို့ ဖြစ်သည်။ ၎င်းတို့မှာ စစ်ကောင်စီ၏ စစ်ကြောင်းထိုးမှုများကြောင့် ဘေးကင်းရာ တောတိုက်များအတွင်း စစ်ရှောင်နေရင်း မြွေဆိုးကိုက်ခံရသဖြင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်။
သေဆုံးသူများအနက် ဆေးဝါးကုသခွင့်မရသည့်အတွက် သေဆုံးရသူ နှစ်ဦး ရှိကာ ကိုင်းရိုးရွာမှ အသက် ၆၁ နှစ်အရွယ် ဦးဝင်းညွန့်နှင့် မလည်တိုက်နယ်မှ အသက် ၅၃ နှစ်အရွယ် ဦးကျော်ညွန့်တို့ ဖြစ်သည်။
ဦးဝင်းညွန့်မှာ မြွေဆိုးကိုက်ခံရချိန်၌စစ်ကောင်စီတပ်ဖွဲ့များကညမထွက်ရအမိန့်ကန့်သတ်ထားချက်ကြောင့်လုံလောက်သည့် ဆေးဝါးကုသမှု မရသဖြင့်သေဆုံးခဲ့ရခြင်းဖြစ်ကြောင်းကူညီပေးခဲ့သူများက ပြောသည်။

ကျန်သေဆုံးသူနှစ်ဦးမှာ အသက် ၅၄ နှစ်အရွယ်ဦးဌေးမြင့်နှင့် အလယ်ခုံရွာမှ အသက် ၂၇ နှစ်အရွယ် ကိုရဲလင်းတို့ ဖြစ်ပြီး ဆေးကုသမှုပေးခဲ့သော်လည်း အသက်ဆုံးပါးခဲ့ရခြင်း ဖြစ်သည်။
မြွေဆိုးကိုက်ခံရသူ ၇၁ ဦးအနက် ၅၂ ဦးမှာ အမျိုးသားများဖြစ်ကာ ကျန် ၁၉ ဦးမှာ အမျိုးသမီးများဖြစ်သည်။
မြွေဆိုးကိုက်ခံရမှု အများဆုံးဖြစ်ပွားသည့်ကျေးရွာမှာအလယ်ခုံရွာ၌ ဖြစ်ကာ ယင်းတစ်ရွာတည်း၌ ခုနစ်ကြိမ်အထိပိုးထိခဲ့သည်။
ကန့်ဘလူခရိုင်အတွင်း ရာသီဥတုပူပြင်းလာမှုနှင့်အတူ မြွေဆိုးကိုက်ခံရမှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။
လက်ရှိတွင် ကန့်ဘလူခရိုင်အတွင်းအကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့များက ရွာစဉ်လှည့် စစ်ကြောင်းထိုးမှုများကြောင့် ဒေသခံစစ်ရှောင်ပြည်သူများမှာ စားဝတ်နေရေး၊ လုံခြုံရေး၊ ကျန်းမာရေးပြဿနာများအပြင် မြွေဆိုးကိုက်ခံရမှု အန္တရာယ်များဖြင့်ပါ ရင်ဆိုင်နေကြရကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က ပြောသည်။


နွေဦးတော်လှန်ရေးတွင် စစ်ကောင်စီတပ်ကို ခုခံတော်လှန်မှုအားကောင်းသောဒေသများကို စစ်တပ်က ပို၍အကြမ်းဖက်ဖျက်ဆီးလေ့ရှိရာ စစ်ကိုင်းတိုင်းရှိ ကျန်ဒေသများနည်းတူ မီးရှို့ဖျက်ဆီးခံရမှုမှာကန့်ဘလူမြို့နယ်မှာလည်းများသည်။စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှ ၂၀၂၃ ဖေဖော်ဝါရီလကုန်အထိ့ကန့်ဘလူမြို့နယ်မှာပင် မီးရှို့ဖျက်ဆီးခံရသောနေအိမ်ပေါင်း ၃၀၀၀ ရှိကြောင်းData For Myanmar ၏ အချက်အလက်များအရသိရသည်။ထိုမျှမက ဧပြီ ၁၁ ရက်တွင် စစ်ကောင်စီက ကန့်ဘလူမြို့နယ် ပဇီကြီးရွာကို တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးကျဲ ပြီး ရဟတ်ယာဥ်ပေါ်မှ ရက်ရက်စက်ပစ်သတ်၍ ပြည်သူ ၁၆၈ ဦးသေဆုံးခဲ့သည်။ထို့နောက်ပိုင်းတွင်လည်းအကြမ်းဖက်မှုများ လျော့မသွားဘဲ တိုးလုပ်နေ၍ ပြည်သူများမှ နေအိမ်တွင်မနေရဘဲ ထွက်ပြေးတိမ်းရှောင်နေကြရသူများစွာရှိနေသည်။
“ဒီကာလမှာပိုများတာ။လူများတော့ တောထဲတောင်ထဲရောက်ကြတာ။ လူတွေကလည်း တိမ်းရရှောင်ရတာဆိုတော့ မြွေရှိတဲ့နေရာသွားရတဲ့အတိုင်းပါပဲ။”ဟု ထန်းကုန်းတိုက်နယ် စစ်ရှောင်များ ကူညီနေသူကိုစိုးကပြောသည်။
စစ်ဘေးရှောင်များမှာ စစ်ကောင်စီတပ်စစ်ကြောင်းလာသည်နှင့် တပြိုက်နက် အသက်ဘေးလွတ်အောင်အဝတ်တစ်ထည်ကိုယ်တစ်ခုနှင့် ပြေးရသည်ဖြစ်၍ မြွေအန္တရာယ်ကို ဂရုမစိုက်နိုင်တော့ကြောင်း ဒေသခံများက ပြောသည်။


မြွေအန္တရာယ်အား ကာကွယ်ရန်မှာ လည်ရှည်ဖိနပ်တို့စွပ်ဖိနပ်တို့ စီးရမည်ဖြစ်သည်။ သို့သော် စစ်ဘေးရှောင်များမစီးနိုင်ပါ။ မစီးရဲကြပါ။ အဘယ့်ကြောင့်ဆိုသော်…
“ပွိုင်ဖိနပ်စီးတာတို့ဘာတို့ဆိုရင် စကစစစ်ကြောင်းနဲ့တွေ့ရင် ဒီထဲမှာ(တော်လှန်ရေးထဲမှာ)ပါတယ်ဆိုပြီးနှိပ်စက်သတ်ဖြတ်ခံရမှာပဲ။ စီးလည်းမစီးရဲကြဘူး ပြည်သူက။”ဟု ကိုစိုးက ပြောပြသည်။
ကန့်ဘလူခရိုင်ရှိ ပြည်သူများမှာ အမြဲစစ်ရှောင်နေရသူများလည်းရှိသလို စစ်ကြောင်းထိုးမှ အနီးကပ်ရှောင်ရသည့် ကျေးရွာများလည်းရှိသည်။ တချို့ကျေးရွာများမှာစစ်တပ်၊ပျူအထိုင်စခန်းတို့နှင့် နီးကပ်သဖြင့် ရွာထဲတွင် မနေရဲကြတော့ဘဲ နီးစပ်ရာတောထဲတဲတိုက်များတွင် အမြဲနေထိုင်နေကြသည်မှာ တစ်နှစ်ကျော်ခန့်ရှိနေပြီဖြစ်ကြောင်း ဒေသများက ပြောသည်။
စစ်ရှောင်ပြည်သူများမှာ နီးစပ်ရာတောထဲတဲတိုက်များတွင် ယာယီတဲထိုးကာ နေထိုင်နေရင်း မြွေဆိုးအန္တရာယ် ရင်ဆိုင်ကြရသည်။ မြွေကိုက်လူနာများလာသည်နှင့်အမျှ မြွေဆိပ်ဖြေဆေးလိုအပ်ချက်မှာ မြင့်တက်လာခဲ့သည်။

ဖြစ်သည့်နေရာအကွာအဝေးပေါ်မူတည်၍ သွားလာရပြီး၊ မြို့များအား အဝင်အထွက်ပိတ်ဆို့ထားခြင်း၊ စစ်ကြောင်းပိတ် လမ်းကြောင်းပိတ်၍ မြို့ပေါ်တက်ကုသရန်မလွယ်ကူဘဲ၊ CDM ကျန်းမာရေးဝန်ထမ်းများနှင့် ကြုံကြိုက်လျှင်ကြုံကြိုက်သလို ကုသနေရပြီး ဆေးကုသရာဌာနမှာ နေရာအတည်အတကျမရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ထိုအပြင်မြွေဆိပ်ဖြေဆေး၊ ဆလိုင်းချိတ်ရန်ဆေးနှင့် စမ်းသပ်ကိရိယာများလိုအပ်နေသည်။
“မြွေဆိပ်ဖြေဆေးက ကျွန်တော်တို့မှာ အလွယ်တကူမရှိဘူး။တစ်ရွာမှ မြွေဆေးလေးတွေ သုံးလေးလုံးပိုင်ဆိုင်ထားတာ။ ကျွန်တော်တို့မှာ မြွေဆေးကိုအရင်စုရတယ်။ ခဲရာခဲဆစ်နဲ့ဖြေရှင်းနေရတယ်။ အကုန်လုံးတော့မျှသုံးနေရတယ်။”ဟု ကန့်ဘလူခရိုင်ရှိ မြွေကိုက်လူနာများအား ကုသပေးနေသည့် CDM ဆရာဝန်တစ်ဦးက ပြောကြားသည်။
ယခင်က ရွာတိုင်းအား မြွေဆိပ်ဖြေဆေးများဆောင်ထားရန် တိုက်တွန်းခဲ့ကြသည်။ တစ်ရွာမရှိလျှင် ရှိသည့်အခြားရွာက ချေးငှားသုံးစွဲခဲ့ကြသည်။ယခုအခါ ရွာတော်တော်များများ မီးရှို့ဖျက်ဆီးခံရပြီး ထွက်ပြေးတိမ်းရှောင်နေရ၍ ဆောင်ထားနိုင်ခြင်းမရှိတော့ကြောင်းကိုဇေယျာစိုးကပြောသည်။
မြွေဆိပ်ဖြေဆေးအတွက် ပြည်တွင်းBPI ထုတ်နှင့်အိန္ဒိယဆေးများကိုသုံးစွဲကာကုသပေးလေ့ရှိပြီး ယခုအခါ ရန်ပုံငွေရှားပါးခြင်း၊ သွားရေးလာရေးခက်ခဲခြင်းများကြောင့်ထိုဆေးဝါးနှစ်မျိုးလုံး ရှားပါးနေကြောင်း ဒေသတွင်း စစ်ဘေးရှောင်ကူညီနေသူများက ပြောသည်။
ယခုဆောင်းပါးရေးနေချိန် ဇွန်လ ၁၃ ရက်နေ့တွင် ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ကကိုးတောင်ဘို့တိုက်နယ်တွင် စစ်ရှောင်အမျိုးသမီးတစ်ဦး မြွေကိုက်ခံရကြောင်း ထပ်မံသတင်းထုတ်ပြန်လာသည်။
ဇွန်လ ၁၁ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်ခန့်ကကန့်ဘလူခရိုင်၊ကိုးတောင်ဘို့တိုက်နယ်အတွင်းရှိ စစ်ရှောင်တဲ၌ နေထိုင်သည့် အသက် ၃၂ နှစ်အရွယ်စစ်ရှောင်အမျိုးသမီးသည် အပေါ့အပါးသွားရင်း မြွေကိုက်ခံခဲ့ရခြင်းဖြစ်သည်။
၎င်းအား မြန်မာနိုင်ငံထုတ် BPI မြွေဆိပ်ဖြေဆေး ၄ လုံးနှင့် အိန္ဒိယနိုင်ငံထုတ်မြွေဆိပ်ဖြေဆေး ၁၀ လုံးထိထိုးပေးရပြီး အခြေအနေဆက်လက်စောင့်ကြည့်နေဆဲ ဖြစ်ကြောင်း မြေပြင်ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ကျန်းမာရေးအဖွဲ့များထံမှ သိရသည်။
ကန့်ဘလူခရိုင်၊ကိုးတောင်ဘို့တိုက်နယ်တွင် ဇွန်လ ၁ ရက်နေ့မှ ၁၁ ရက်နေ့အထိ စစ်ရှောင်ပြည်သူ သုံးဦးထိ မြွေကိုက်ခံရပြီး ယခု စောင့်ကြည့်နေသည့်အမျိုးသမီးကလွဲ၍ ကျန်လူနာနှစ်ဦးမှာ ကျန်းမာရေးစောင့်ရှောက်မှုအချိန်မှီပေးနိုင်သဖြင့် အသက်အန္တရာယ်မစိုးရိမ်ရတော့ကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။
BPI မြွေဆိပ်ဖြေဆေးမှာ တစ်လုံးလျှင်တစ်သိန်းမှတစ်သိန်းသုံးသောင်းကြား၊ အိန္ဒိယထုတ်မြွေဆိပ်ဖြေဆေးမှာ သုံးသောင်းခွဲမှ ငါးသောင်းကြား စျေးရှိနေပြီး ဝယ်ရခက်ခဲနေကြောင်း ဒေသတွင်းမြေပြင်သတင်းတာဝန်ခံ ကိုညီက ပြောသည်။
“မြွေဆိပ်ဖြေဆေးရှားပါးသွားတာရယ်၊ စျေးကြီးသွားတာရယ် တစ်ခုပါပဲ။ စစ်ကြောင်းကခဏခဏထိုးတော့ တောထဲတောင်ထဲနေရတော့ အလုပ်အကိုင်အဆင်မပြေတော့ ရှားပါးတာပဲ။”ဟု ချပ်သင်းတိုက်နယ် ပအဖတာဝန်ခံ ကိုဇေယျာစိုးက ပြောလေသည်။
