Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

​ဝေဖန်မှုများကြုံ​​နေသည့် ဖက်ဒရယ်ယူနစ် ကြားကာလအစီအမံရေးဆွဲရေး ကနဦးခြေလှမ်း

အထူးသဖြင့် နိုင်ငံရေးအရ စုပေါင်းအင်အားစုများကို တည်ဆောက်ရာတွင် သက်ဆိုင်ရာ နိုင်ငံရေး အင်အားစုများနှင့် အကျယ်ပြန့်ဆုံး ပေါင်းစပ် လုပ်ဆောင်ကြရန် အထူးအရေးကြီးကြောင်း NUG ယာယီသမ္မတက တိုက်တွန်းသည်။

(တနသာ်ရီ ၊စစ်ကိုင်းနှင့် မ​ကွေးမှ သပိတ်အင်အားစုများ ကစစ်​ကောင်စီကို ဆန္ဒပြ​နေကြစဥ်။ဓါတ်ပုံ-သပိတ်​ကော်မတီများ)
(တနသာ်ရီ ၊စစ်ကိုင်းနှင့် မ​ကွေးမှ သပိတ်အင်အားစုများ ကစစ်​ကောင်စီကို ဆန္ဒပြ​နေကြစဥ်။ဓါတ်ပုံ-သပိတ်​ကော်မတီများ)

▪︎နိုင်ငံရေးဖြစ်စဥ်(political process)ဖြစ်သဖြင့် လွှတ်တော်တစ်ခုတည်းသာမက အခြားသော တော်လှန်ရေးအင်အားစုများ၏ ပါဝင်မှု နှင့် အသံကို ထည့်သွင်းဆောင်ရွက်သည့် ဖြစ်စဥ်မျိုးဖြစ်သင့်ဟု ဝေဖန်သူများ​ထောက်ပြ

ကိုမာယု/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ နိုင်ငံတဝန်းစစ်ရေးမျက်နှာစာ အမြင့်ဆုံးရှိနေချိန်တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အနိုင်ရပါတီ အမျိုးသားဒီမိိုကရေစီအဖွဲ့ချုပ်(NLD)က ဖက်ဒရယ်ယူနစ် ကြားကာလအစီအမံရေးဆွဲရေးအတွက် ကနဦးခြေလှမ်းသည် ​ဝေဖန်မှုများစွာကြုံလိုက်ရသည်။

NLD ပါတီက တိိုင်းလုံးကျွတ်အနိုင်ရခဲဲ့သည့် မကွေးတိုင်း၊ တနင်္သာရီတိိုင်းနှင့် တိုင်းလုံးကျွတ်နီးပါး(၉၈ ရာခိုင်နှုန်း)အနိုင်ရခဲ့သည့် စစ်ကိုင်းတိုင်းတို့၌ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး(သို့မဟုတ်) ကြားကာလအစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိိုင်ရာ ဥပဒေများကို နိုဝင်ဘာ ၁၇ ရက်တွင် တညီိတညွတ်တည်း အတည်ပြုပြဌာန်းခဲ့ခြင်းဖြစ်သည်။ အဆိိုပါတိုင်းသုံးတိုင်းမှ ထွက်ပေါ်လာသော ဥပဒေသုံးခုမှာ ဥပဒေအမည် နှင့် ဥပဒေပါ ပြဌာန်းချက်အချို့သာ အနည်းငယ် ကွဲလွဲသော်လည်း ရည်ရွယ်ချက်များမှာ ထပ်တူပင်ဖြစ်သည်။

တနင်္သာရီတိုင်းလွှတ်တော်(တနင်္သာရီတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ)ကတနင်္သာရီဖက်ဒရယ်ယူနစ် ကြားကာလအစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဥပဒေ အမည်ဖြင့်လည်း​ကောင်း ၊ စစ်ကိုင်းတိုင်းလွှတ်တော်(စစ်ကိုင်းတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ)က စစ်ကိုင်းဖက်ဒရယ်ယူနစ်၏ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဥပဒေ အမည်ဖြင့်လည်း ၊ မကွေးတိုင်းလွှတ်တော်(မကွေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ)ကမကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဥပဒေ အမည်ဖြင့်လည်း​ကောင်းနိုဝင်ဘာ ၁၇ တွင်ပြဌာန်းခဲ့သည်။ ထိုတိုင်းသုံးတိုင်းမှလွှတ်တော်(လွှတ်တော်ကိုယ်စားပြုကော်မတီ)များမှာ ၂၀၂၀ ​ရွေး​ကောက်ပွဲအနိုင်ရ ဒီချုပ်အမတ်များဖြင့်ဖွဲ့စည်းထားခြင်းဖြစ်သည်။

ဥပဒေများ၏ ရည်ရွယ်ချက်မှာ တော်လှန်ရေးအင်အားစုအားလုံးပါဝင်သည့် ကော်မရှင်တစ်ရပ်ဖွဲ့စည်းကာ သက်ဆိုင်ရာဖက်ဒရယ်ယူနစ်(သက်ဆိုင်ရာ တိုင်း)တစ်ခုချင်းစီိအတွက် စီမံအုပ်ချုပ်ရေးကိစ္စများကို ဖက်ဒရယ်ဒီမိုကရေစီစံနှုန်းများနှင့်အညီ ဆောင်ရွက်နိိုင်ရန် ဥပဒေကြမ်းတစ်ရပ် ရေးဆွဲရန်ဖြစ်သည်။

Public Service Announcement

Public Service Announcement

(တနသာ်ရီ ၊စစ်ကိုင်းနှင့် မ​ကွေးမှ သပိတ်အင်အားစုများ ကစစ်​ကောင်စီကို ဆန္ဒပြ​နေကြစဥ်။ဓါတ်ပုံ-သပိတ်​ကော်မတီများ)
(တနသာ်ရီ ၊စစ်ကိုင်းနှင့် မ​ကွေးမှ သပိတ်အင်အားစုများ ကစစ်​ကောင်စီကို ဆန္ဒပြ​နေကြစဥ်။ဓါတ်ပုံ-သပိတ်​ကော်မတီများ)

သို့ရာတွင် အထက်ပါဥပဒေများကို NLD အမတ်အများစုပါဝင်သော လွှတ်တော်များက သက်ဆိုင်ရာတိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစုများနှင့် ကျယ်ပြန့်စွာ ချပြဆွေးနွေးခဲ့ခြင်း မရှိိဘဲ လွှတ်တော်များက တဖက်သတ် အတည်ပြုပြဌာန်းခဲ့ကြောင်း တိုင်းသုံးတိုင်းစလုံးရှိ တော်လှန်ရေးအင်အားစုများက တခဲနက် ကန့်ကွက်ခဲ့ကြသည်။

“အဲဒီဥပဒေရေးဆွဲစဥ်ကာလကတည်းက အတည်ပြုတဲ့ကာလအထိ လွှတ်တော်ဟာ ကဏ္ဍစုံက တော်လှန်ရေး အင်အားစုတွေကို စစ်မှန်တဲ့ ပူးပေါင်းပါဝင်မှုတွေ ဖြစ်လာစေဖို့ အားလုံးအကျေအလည် ဆွေးနွေးထားတဲ့ political process ဖန်တီးမှုမရှိခဲ့တာ၊ ပွင့်လင်းမြင်သာမှုနဲ့ ရိုးသားမှု အားနည်းခဲ့တာတွေ အများကြီးတွေ့ရတာဖြစ်ပါတယ်” ဟု မကွေးလူထုတိုက်ပွဲကော်မတီမှ ကိုချစ်ဝင်းမောင်က ပြောသည်။

မကွေးတိုင်းလွှတ်တော်(မကွေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ)သည် ‘မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဥပဒေ’ ရေးဆွဲပြင်ဆင်စဥ် ကာလ တလျှောက်လုံး၌ မကွေးဒေသအတွင်းရှိ တော်လှန်ရေးအင်အားစုအချို့နှင့် မည်ကာမတ္တတွေ့ဆုံမှုအချိို့ကိုသာ ဟန်ပြဆောင်ရွက်ခဲ့ပြီး တော်လှန်ရေးအင်အားစုများက ယင်းဥပဒေကြမ်းကို လွတ်လပ်ပွင့်လင်းစွာ ဖတ်ရှု၊ လေ့လာ၊ ဝေဖန်၌ အကြံပြုနိုင်သည့် အခင်းအကျင်းမျိုး ဖန်တီးခဲ့ခြင်း လုံးဝမရှိခဲ့ကြောင်း နိုဝင်ဘာ ၂၁ ရက်တွင် မကွေးဒေသအတွင်းရှိ တော်လှန်ရေးအင်အားစုများက သဘောထား ထုတ်ပြန်သည်။ အဆိုပါ သဘောထားကြေညာချက်ကို မကွေးတိုင်းကို လွှမ်းခြုံမှုရှိသည့် တော်လှန်ရေးအစုအဖွဲ့များအားလုံးနီးပါး ပါဝင်သည်ကိုတွေ့ရသည်။

NLD အမတ်များ အတည်ပြုခဲ့သော ကြားကာလအစီအမံရေးဆွဲရေး ဥပဒေကို ပထမဆုံး ပြင်းထန်စွာ၊ ကျယ်လောင်စွာ ကန့်ကွက်ခဲ့သည်မှာ တနင်္သာရီတိုင်းဖြစ်ပြီး တနင်္သာရီဒေသအတွင်း အစုအဖွဲ့များ၏ ဆန္ဒသဘောထား၊ သဘောတူညီချက်များ မရရှိဘဲ ဥပဒေကြမ်းရေးဆွဲခြင်း၊​ အတည်ပြုခြင်းသည် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ်ကို ပြောင်းပြောင်းတင်းတင်းချိုးဖောက်ခြင်းဖြစ်ကြောင်း ယင်းဒေသအတွင်း အင်အားစုများက သဘောထားထုတ်ပြန်သည်။

(တနသာ်ရီ ၊စစ်ကိုင်းနှင့် မ​ကွေးမှ သပိတ်အင်အားစုများ ကစစ်​ကောင်စီကို ဆန္ဒပြ​နေကြစဥ်။ဓါတ်ပုံ-သပိတ်​ကော်မတီများ)
(တနသာ်ရီ ၊စစ်ကိုင်းနှင့် မ​ကွေးမှ သပိတ်အင်အားစုများ ကစစ်​ကောင်စီကို ဆန္ဒပြ​နေကြစဥ်။ဓါတ်ပုံ-သပိတ်​ကော်မတီများ)

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်(Federal Democracy Charter)သည် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တွင် ပါဝင်သော တော်လှန်ရေးအင်အားစုများ၏ ဘုံနိုင်ငံရေးသဘောတူညီချက် ဖြစ်သည်။ ယင်းးပဋိညာဉ်ပါ မျှော်ရည်ချက်နှင့် စံတန်ဖိုးများကို အလေးအနက်ခံယူလျက် အားလုံး သဘောတူ ချမှတ်ထားသော “နိုင်ငံရေးလမ်းပြမြေပုံ”ကို NUCC နှင့် NUG တွင် ပါဝင်သော တော်လှန်ရေးအင်အားစုများက စု‌ပေါင်း ခေါင်းဆောင်မှု၊ စုပေါင်းတာဝန်ယူမှု၊ ခိုင်မာသော ကတိကဝတ်ပြုမှုများဖြင့် တညီတညွတ်တည်း လက်တွဲပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ကြရန် သန္နိဋ္ဌာန်ချမှတ်ထားပြီးဖြစ်ကြောင်း NUCC နှင့် NUG တို့က ယခု ၂၀၂၃ နှစ်သစ်ကူး ပူးတွဲကြေညာထားသည်။

ထို့အပြင်း လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုကို အာမခံပြီး ငြိမ်းချမ်းသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ရောက်ရှိသည်အထိ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် လမ်းပြမြေပုံအတိုင်း ဦးလည်မသုန် ဆက်လက်လျှောက်လှမ်းသွားမည်ဟု အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့က ပဋိညာဉ် (၂) နှစ်ပြည့် ၂၀၂၃ မတ်လ ၃၁ ရက်တွင် ပူးတွဲ ထုတ်ပြန်ခဲ့သည်။

“နွေဦးတော်လှန်ရေးမှာ တော်လှန်ရေးအင်အားစုအားလုံး သဘောတူလက်ခံထားတဲ့ ချာတာ(ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ်)ကို ဆန့်ကျင်ပြီး ငါတို့က ရွေးကောက်ခံတွေပဲ၊ ငါတို့ လုပ်ပိုင်ခွင့်ရှိတယ်၊ ငါတို့ လုပ်နိုင်တယ်ဆိုပြီး တဖက်သတ်လုပ်သွားလို့ အခုလို ပြင်းပြင်းထန်ထန် ကန့်ကွက်မှုတွေနဲ့ ကြုံရတာ။ ဒီဥပဒေကို ကျွန်တော်တို့တိုင်းက NLD အမတ် ငါးဦးထက် မပိုတဲ့ အရေအတွက်နဲဲ့ CWC (NLD ဗဟို အလုပ်ကော်မတီ)က ဇွတ်အတင်း လုပ်သွားလို့ အခုလို ဖြစ်တာ” ဟု တနင်္သာရီတိုင်းမှ နိုင်ငံရေးစောင့်ကြည့်သူ ကိုညိုထွန်းက မှတ်ချက်ပြုသည်။

ထို့အပြင် အဆိုပါ ဥပဒေပြဌာန်းခြင်းသည် ဖျက်သိမ်းပြီးဖြစ်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေပြုကာ တစ်ပါတီ၊ တစ်စု၊ တစ်ဖွဲ့မှ ယခုကဲ့သို့ ပြည်နယ်ဆိုင်ရာ ပြဌာန်းခွင့်ကို ကျော်လွန် ဆောင်ရွက်ခြင်းသည် အစုအဖွဲ့တစ်ခုအနေဖြင့် ဒေသအတွင်းနိုင်ငံရေးကို လက်ဝါးကြီးအုပ်ခြင်းပင် ဖြစ်ကြောင်း တနင်္သာရီဒေသအတွင်း အင်အားစုများက ဖော်ပြသည်။

သို့​သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကို ကိုင်စွဲရပ်တည်သည့် မူရှိပြီး သက်ဆိုင်ရာ တိုင်းများရှိ လွှတ်တော်ကိုယ်စားလှယ်များသည် ၎င်းတို့ လွှတ်တော်ကိုယ်စားပြုကော်မတီမှတဆင့် လွှတ်တော်ခေါ်ယူခြင်းသည် လွှတ်တော်၏ လုပ်ငန်းတာ၀န်ကို ထမ်းဆောင်ခြင်းဖြစ်ကြောင်း NLD ဗဟိုအလုပ်ကော်မတီဝင် ဦးထွန်းမြင့်က ပြောသည်။

(တနသာ်ရီ ၊စစ်ကိုင်းနှင့် မ​ကွေးမှ သပိတ်အင်အားစုများ ကစစ်​ကောင်စီကို ဆန္ဒပြ​နေကြစဥ်။ဓါတ်ပုံ-သပိတ်​ကော်မတီများ)
(တနသာ်ရီ ၊စစ်ကိုင်းနှင့် မ​ကွေးမှ သပိတ်အင်အားစုများ ကစစ်​ကောင်စီကို ဆန္ဒပြ​နေကြစဥ်။ဓါတ်ပုံ-သပိတ်​ကော်မတီများ)

“NLD ပါတီအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကိို ကိုင်စွဲရပ်တည်ခြင်းဟာ တစ်ဦးတစ်ယောက်၊ တစ်ပါတီ၊ တစ်သင်းတစ်ဖွဲ့ ပြန်လည် အာဏာရရှိရေးအတွက်မဟုတ်ပါဘူး။ နွေဦိးတော်လှန်ရေးမှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးအတွက် အမျိုးသားဒီမိိုကရေစီအဖွဲ့ချုပ်က ပြည်သူထဲက ပေါက်ဖွားလာတဲ့ ပြည်သူက ဆင့်လွှဲအာဏာပေးအပ်ထားတဲ့ ပါတီကြီးတစ်ခု ဖြစ်တာနဲ့အညီ အားလုံး နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင် ပြုတ်ကျရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ပေါက်ရေးအတွက်ပဲ အတူတကွ လက်တွဲလုပ်ဆောင်နေတာပဲ ဖြစ်တယ်” လို့ CWC အဖွဲ့ဝင် ဦးထွန်းမြင့်က ရှင်းပြသည်။

ဆက်လက်ပြီး ဦးထွန်းမြင့်က “ဒါက ၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ တိုင်းဒေသကြီးတွေကနေပြီးတော့ သူတို့ တိုင်းဒေသကြီးတွေရဲ့ လွှတ်တော်ကို ခေါ်ယူပြီးတော့ သူတို့အလုပ်ကိုပဲ သူတို့လုပ်တာဖြစ်တယ်။ အုပ်ချုပ်ရေးအဖွဲ့တွေကို သူတိို့ ဖွဲ့စည်းနေတာမဟုတ်ဘူးလို့ နားလည်တယ်။ ရှင်းရှင်းပြောရရင် အုပ်ချုပ်ရေးအဖွဲ့တွေကို ဖွဲ့စည်းတာမဟုတ်ဘဲနဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ သူ့ဒေသဆိုင်ရာ လွှတ်တော်တွေကနေ သူ့လွှတ်တော်ရဲ့ အခန်းကဏ္ဍမြှင့်တင်ရေးအတွက်၊ လွှတ်တော်ရဲ့ လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်တာလိို့ ကျွန်တော်အနေနဲ့ မြင်ပါတယ်” ဟု ပြောသည်။

NLD လွှတ်တော်များက ကြားကာလအစီအမံရေးဆွဲရေး ဥပဒေပြဌာန်းမှုသည် သက်ဆိုင်ရာ တိုင်းများအတွင်း စစ်ရေး၊ နိုင်ငံရေး ပေါင်းစပ်ပေးရန်၊ တော်လှန်ရေးကို အရှိန်အဟုန်မြှင့်စေရန်အတွက် ရည်ရွယ်ချက်များ ပါဝင်ကောင်း ပါဝင်နိုင်ပြီး ယင်းရည်ရွယ်ချက်များ စစ်စစ်မှန်မှန် အားကောင်းစေလိုပါက ဒေသတွင်းရှိ တော်လှန်ရေးအင်အားစုအသီးသီးနှင့် အပြန်အလှန်၊ အကျေအလည် ဆွေးနွေးငြင်းခုံသည့် နိုင်ငံရေးဖြစ်စဥ်/လုပ်ငန်းစဥ်ကို ဖြတ်သန်းပြီးမှ တည်ဆောက်သင့်ကြောင်း မကွေးလူထုတိုက်ပွဲကော်မတီမှ ကိုချစ်ဝင်းမောင်က ထောက်ပြသည်။

“အခုဟာက အဲဒီလို မတည်ဆောက်ဘဲနဲ့ ရုတ်တရက် ပေါ်ထွက်လာတာက အင်မတန်မှ အလောသုံးဆယ် နိိုင်တဲ့၊ အင်မတန်မှ လက်ရှိတော်လှန်ရေး အခင်းအကျင်းထဲမှာ ဖြစ်ပေါ်နေတဲ့၊ တော်လှန်ရေးကဏ္ဍတွေကို ထည့်သွင်း မစဥ်းစားရာ ရောက်တယ်လို့ မြင်ပါတယ်။ သူတို့ လုပ်ဆောင်လာမှုတွေက ကျွန်တော်တို့ မျှော်လင့်ခဲ့တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဥ်ကိို အလေးအမြတ်ပြု၊ စံတန်ဖိုးတွေကို ဂရုစိုက်ပြီး ချီတက်လာတဲ့ ပုံစံတော့ လုံးဝမဆောင်ရွက်ဘူး၊ အားနည်းခဲ့တယ်လို့ ပြောရမှာဖြစ်ပါတယ်” ဟု ၎င်းက သုံးသပ်သည်။

စစ်ကိုင်းဒေသ တော်လှန်ရေးအင်အားစုများကလည်း NLD လွှတ်တော်အမတ်များက ဥပဒေအတည်မပြုမီ ဥပဒေကြမ်းကာလတွင် ညှိနှိုင်းရေးအဖွဲ့နှင့် ကော်မရှင် ဖွဲ့စည်းမှုတို့အပေါ် အကြံပြုချက်များ၊ သဘောထားမှတ်ချက်များ ပေးခဲ့သော်လည်း ယင်းသဘောထားမှတ်ချက်များကို အလေးထားထည့်သွင်းစဥ်းစားခြင်းမပြုဘဲ လက်လွတ်စပယ်ပြုလုပ်ခဲ့သည်ကို တွေ့ရကြောင်း နိုဝင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ မြေပြင်ဒေသခံအဖွဲ့အစည်းများနှင့် ပြည်သူလူထု၏ အကြံပြုချက်များ၊ သဘောထားများကို ရယူဆောင်ရွက်ရမည့်အစား လွှတ်တော်ကော်မတီ တစုတဖွဲ့ဖြင့်သာ အတည်ပြုသည့် လုပ်ရပ်ကို စစ်ကိုင်းဒေသသပိတ်အင်အားစုများက ကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြသည်။

နိုင်ငံရေးဖြစ်စဥ်(political process)ဖြစ်သဖြင့် လွှတ်တော်တစ်ခုတည်းသာမက အခြားသော တော်လှန်ရေးအင်အားစုများ၏ ပါဝင်မှုနှင့်အသံကို ထည့်သွင်းဆောင်ရွက်သည့် ဖြစ်စဥ်မျိုးဆိုပါက ‘လူသာဓုခေါ်၊ နတ်သာဓုခေါ်’ ဖြစ်မည်ဟု အကြံပြုရင်း ဝေဖန်ထောက်ပြခြင်း ရှိကြောင်း စစ်ကိုင်းဒေသတော်လှန်ရေးအဖွဲ့များဖြင့် စုစည်းထားသော စစ်ကိုင်းဖိုရမ်ပြောရေးဆိုခွင့်ရှိသူ ကိုခန့်ဝေဖြိုးက ပြောသည်။

“ဥပဒေပြုတာ လွှတ်တော်အလုပ် လွှတ်တော်လုပ်တာ ဟုတ်ပါတယ်။ ဒါပေမဲ့ တစ်တိုင်းလုံးနဲ့ သက်ဆိုင်တဲ့ ကြားကာလ အစီအမံ ဖြစ်တာ ဖြစ်တဲ့အတွက် တော်လှန်ရေးအင်အားစုတွေရဲဲ့ အသံနဲ့ သဘောထားတွေကို ကျယ်ကျယ်ပြန့်ပြန့်၊ သေသေချာချာ ရယူပြီးတော့ အားလုံးညှိနှိုင်းတဲ့ ဖြစ်စဥ်မျိုးဆိုရင်တောာ့ ပိုပြီးကောင်းမွန်မှုရှိမယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက သာမာန်ဥပဒေမဟုတ်ဘူး။ တစ်တိုင်းလုံးရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးမယ့် ကြားကာလအစီအမံရေးဆွဲဖို့ ဖြစ်တဲ့ နိုင်ငံရေးဖြစ်စဥ် ဖြစ်လို့ ဖြစ်ပါတယ်” ဟု ကိုခန့်ဝေဖြိုးက မှတ်ချက်ပြုသည်။

ထို့အပြင် ၂၀၂၁ စစ်အာဏာသိမ်းမှု နောက်ပိုင်း ပေါ်ပေါက်လာသော နိုင်ငံရေးအခင်းအကျင်းသည် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ထက် ပိုမိုကျယ်ပြန့်လာသဖြင့် ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ဆိုသည်ထက် ပို၍ကျော်လွန်သော နိုင်ငံရေးအခင်းအကျင်းမျိုးကို ပိုမိုစဥ်းစားသင့်ကြောင်းနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပေးထားသည့် အခြေအနေ၊ မူဘောင် အထူးသဖြင့် ပြည်ထောင်စုဖွဲ့စည်းပုံ ပုံစံကို ကျော်လွန်သော စဥ်းစားချက်မျိုး ဖြစ်သင့်ကြောင်း နိုင်ငံရေးအကဲခတ်တစ်ဦးက ရှုမြင်သည်။

“ကျွန်တော်တို့ တော်လှန်ရေးက နှစ်ကာလအားဖြင့် နှစ်နဲ့ ချီ ကြာလာခဲ့ပြီ၊ နောက်ပြီး အရှိန်အဟုန် အတိုင်းအတာတစ်ခု ၊ စစ်ရေးမှာ တော်တော်လေးကောင်းလာနေပြီ၊ အောင်ပွဲတွေလည်း ရလာနေပြီ။ ဒီီလို အခြေအနေမျိုးမှာ နိုင်ငံရေးစုဖွဲ့ဖို့ ကြိုးစားကြတယ်၊ နိုင်ငံရေးအရှိန်ကို မြှင့်တင်ဖို့ ကြိုးစားကြတယ် ဆိုလို့ရှိရင်လည်း အဲဒီနိုင်ငံရေးဦးဆောင်မှုသည်၊ အဲဒီလို တည်ဆောက်ဖို့ ကြိုးစားတဲ့ နိုင်ငံရေးဦးဆောင်မှုသည် အားလုံးခြုံငုံပါဝင်တဲ့၊ တော်လှန်ရေးအင်အားစုတွေ အားလုံးက အသိအမှတ်ပြုလက်ခံတဲ့၊​ တော်လှန်ရေးဆင်နွှဲနေတဲ့ ပြည်သူက လက်ခံတဲ့ နိုင်ငံရေးစုဖွဲ့မှု ယန္တရားဖြစ်သင့်တယ်။ အဲဒီလိုမျိုးဖြစ်ဖို့ လိုအပ်တယ်လို့ ထင်တယ်။ တော်လှန်ရေးမှာ ပါဝင်မှုသည် မဲပေးရွေးချယ်ရုံမျှလောက်သော်လည်း

ကောင်း၊ လက်နက်ကိုင် အဖွဲ့အစည်းရဲ့ ဦးဆောင်မှု ဖြစ်နေရုံမျှသော်လည်းကောင်း ဒါလောက်နဲ့ လူထုရဲ့ ထောက်ခံမှုကို အလိုအလျောက်ရမယ်လို့ ယူဆဖို့ မသင့်ဘူးလို့ မြင်တယ်။ အဲဒီတော့ ပိုပြီးတော့ လွှမ်းခြုံတဲ့ ပိုပြီးတော့ ပါဝင်မှုရှိတဲ့ စုဖွဲ့မှုကို တည်ဆောက်ဖို့ကတော့ အဖြေဖြစ်မယ်လို့ ထင်တယ်”ဟု ၎င်းက မှတ်ချက်ပြုသည်။

NLD လွှတ်တော်အမတ်များ ပြဌာန်းလိုက်သော ဥပဒေတွင် ကြားကာလအစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ကော်မရှင် ဖွဲ့စည်းနိုင်ရေးအတွက် စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေကြသော အင်အားစုများ၏ ဆန္ဒသဘောထားများရယူရန်နှင့် ကော်မရှင်တွင် ပူးပေါင်းပါဝင်လာနိုင်ရေး ညှိနှိုင်းဆောင်ရွက်ရန် ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းပြီး ယင်းအဖွဲ့မှ ကော်မရှင်ဖွဲ့စည်း၊ ဖွဲ့စည်းလိုက်သည့် ကော်မရှင်က တိုင်းအတွင်း စီမံအုပ်ချုပ်ရေးကိစ္စရပ်များကို ဖက်ဒရယ်ဒီမိုကရေစီစံနှုန်းများနှင့်အညီ ဆောင်ရွက်နိုင်ရန်အတွက် ဖက်ဒရယ်ယူနစ် ကြားကာလအစီအမံမူကြမ်း ရေးဆွဲရန်ဖြစ်သည်။ ကော်မရှင်တွင် ၂၀၂၀ ရွေးကောက်ခံကိုယ်စားလှယ်များအစုအဖွဲ့၊ နိုင်ငံရေးပါတီများအစုအဖွဲ့၊ ဒေသတွင်းရှိ ကဏ္ဍစုံ တော်လှန်ရေးအင်အားစုများမှ ကိုယ်စားလှယ်များ၊ တိိုင်းရင်းသားတော်လှန်ရေးအဖွဲဲ့အစည်းများမှကိုယ်စားလှယ်များ စသဖြင့် စုံလင်စွာ ထည့်သွင်းဖွဲ့စည်းရန် ဥပဒေ၌ ပြဌာန်းထားသည်။

အမျိိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီ(NLD CWC)၏ အားပေးထောက်ခံမှု အပြည့်အဝရရှိထားသော အထက်ပါ ဥပဒေတွင် မည်သို့ပင် ထည့်သွင်းပြဌာန်းစေကာမူ ပြဌာန်းလိုက်သည့် တိုင်း ၃ တိုင်းစလုံးမှ တော်လှန်ရေးအင်အားစုများ၏ ကန့်ကွက်ဝေဖန်မှုကို ပြင်းပြင်ထန်ထန် ကြုံတွေ့ရသည်မှာ အထင်းသားပေါ်လွင်နေသည်။

နွေဦးတော်လှန်ရေးအတွင်းက နိုင်ငံရေးဖြစ်ထွန်းမှု ပုံစံသစ်အားလုံးသည် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်၏ အခြေခံမူများနှင့် မသွေဖယ်စေရန် အထူး လိုအပ်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလကလည်း နိုဝင်ဘာ ၂၁ ရက်တွင်ပြုလုပ်​သောအစိုးရအဖွဲ့တွင်းအစည်းအ​ဝေးတင် သတိပေးပြောကြားသည်။

“ကျွန်တော်တို့ဟာ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို ဗဟိုပြု အခြေခံထားပြီး အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်ကို တည်ဆောက်နေကြရတာဖြစ်ပါတယ်။ ဒါ့ကြောင့် စစ်ရေးအရ တိုးတက်ပြောင်းလဲမှုတိုင်းကို နိုင်ငံရေးအရ လိုက်ပါ တည်ဆောက်ကြရတဲ့အခါမှာ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ အခြေခံမူတွေအတိုင်း မသွေဖယ်စေဘဲ နိုင်ငံရေးကိုယ်ကျင့်ပြည့်ပြည့်ဝဝနဲ့ ဝိုင်းဝန်း တည်ဆောက်ကြရမှာ ဖြစ်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

အထူးသဖြင့် နိုင်ငံရေးအရ စုပေါင်းအင်အားစုများကို တည်ဆောက်ရာတွင် သက်ဆိုင်ရာ နိုင်ငံရေး အင်အားစုများနှင့် အကျယ်ပြန့်ဆုံး ပေါင်းစပ် လုပ်ဆောင်ကြရန် အထူးအရေးကြီးကြောင်း NUG ယာယီသမ္မတက တိုက်တွန်းသည်။

အဆိုပါ လုပ်ဆောင်မှုအတွက် နမူနာအဖြစ် ၂၀၂၃ ခုနှစ်အတွင်း တိုးတက်ပြောင်းလဲခဲ့သည့် ကရင်နီပြည်နယ်မှ အုပ်ချုပ်စီမံမှုပုံစံမှာ အတုယူဖွယ်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

လက်ရှိ တော်လှန်ရေးအရှိန်မြင့်နေသည့် အချိန်တွင် ရှောင်ရှားရမည့်အချက်ကို နိုင်ငံရေးအကဲခတ်သူတစ်ဦးက ယခုလို အကြံပြုသည်။

“ပိုပြီးတော့ သွေးကွဲစေမဲ့ တော်လှန်ရေး။ ဆိုးကျိုးမသက်ရောက်စေရင်တောင် ကောင်းကျိုးမဖြစ်စေမဲ့ ကိစ္စမျိုး၊ အထူးသဖြင့် နိုင်ငံတည်ဆောက်ရေးမှာ ဆိုးကျိုး မသက်ရောက်စေတောင် ကောင်းကျိုးမဖြစ်စေတဲ့အရာကို ဒီလိုအရေးကြီးတဲ့အချိန်မှာ ရှောင်ရှားဖို့ သင့်တယ်”။

တော်လှန်ရေးကာလအတွင်း ညီညွတ်ရေးကို ဦးစားပေး စာရင်းထဲ ထည့်သွင်းကာ အလေးထားရမည်ဖြစ်ပြီး ခုခံတော်လှန်စစ်ကို ဆင်နွှဲရင်း ညီညွတ်ရေးမူကို အခြေခံ၍ နိုင်ငံရေးအမြော်အမြင်ကြီးကြီးဖြင့် နိုင်ငံရေးအင်အားကို စုရုံးကြရမည်ဟု ယုံကြည်ကြောင်း ယာယီသမ္မတကအစိုးရအစည်းအ​ဝေးတွင်​ပြောကြားခဲ့သည်။

“ နိုင်ငံရေးအရ အင်အားစုဖွဲ့တည်ဆောက်ကြတဲ့အခါမှာ တတ်နိုင်သရွေ့ မိမိတို့ နိုင်ငံရေးအမြင်ကို ကျယ်သထက် ကျယ်အောင် ချဲ့ပြီး တည်ဆောက်ကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ယာယီသမ္မတက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။