Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီအတွက် လက်နက် ထောက်ပံ့မှုတွေ ရပ်ဆိုင်းဖို့ တရုတ်ကို NUG တောင်းဆို

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

(တရုတ်ဟာ အာဏာသိမ်းစစ်​ကောင်စီကို လက်နက်​ရောင်းချတဲ့နိုင်ငံအချို့ထဲမှာပါဝင်ပါတယ်။ဓါတ်ပုံ-AP)
(တရုတ်ဟာ အာဏာသိမ်းစစ်​ကောင်စီကို လက်နက်​ရောင်းချတဲ့နိုင်ငံအချို့ထဲမှာပါဝင်ပါတယ်။ဓါတ်ပုံ-AP)

အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)က တရုတ် အစိုးရ အနေနဲ့ အာဏာသိမ်း မြန်မာ စစ်ကောင်စီကို စစ်လက်နက်တွေ ထောက်ပံ့ တပ်ဆင်ပေးနေတာကို ရပ်ဆိုင်းစေလိုကြောင်း ပြောကြားခဲ့ပါတယ်။ စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

အာဏာသိမ်း စစ်ကောင်စီကို မထောက်ပံ့ကြဖို့ အိမ်နီးချင်း နိုင်ငံအားလုံးကို တိုက်တွန်းလိုကြောင်း၊ အဲဒီလို ထောက်ပံ့မှုတွေ ဆိုတဲ့ နေရာမှာ ဘဏ္ဍာရေး၊ ငွေရေးကြေးရေးအပြင် စစ်လက်နက် အရောင်းအဝယ် ကိစ္စတွေကိုပါ ဆိုလိုကြောင်း NUGရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့ကို ရောက်ရှိနေချိန် အတောအတွင်း အင်တာဗျူး တစ်ခုမှာ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း စူပါပါဝါ တရုတ်ဟာ စစ်ကောင်စီအတွက် စစ်လက်နက်တွေ အဓိက ထောက်ပံ့ ရောင်းချပေးနေတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက ကုလသမဂ္ဂရဲ့ အစီရင်ခံစာ တစ်စောင်အရ အာဏာသိမ်းအပြီး စစ်ကောင်စီဟာ စစ်လက်နက်နဲ့ စစ်သုံးပစ္စည်း ဒေါ်လာ ၁ ဘီလီယံကျော်ဖိုးလောက် ဝယ်ယူခဲ့ပြီး အများစုကို ရုရှား၊ တရုတ်နဲ့ စင်ကာပူအခြေစိုက် လူပုဂ္ဂိုလ်တွေ၊ လုပ်ငန်းတွေဆီက တင်သွင်းခဲ့တာလို့ သိရပါတယ်။

ဒေါ်ဇင်မာအောင်က အခုလ အစောပိုင်းမှာ စစ်ကောင်စီရဲ့ ဌာနချုပ်ဖြစ်တဲ့ နေပြည်တော်ကို ဒရုန်းတွေနဲ့ တိုက်ခိုက်တဲ့ ဖြစ်စဉ်မျိုး တော်လှန်ရေး အင်အားစုတွေဖက်က နောက်ထပ် သေချာပေါက် အကောင်အထည် ဖော်ဦးမှာ ဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီ တိုက်ခိုက်မှုမျိုးဟာ စစ်ကောင်စီကို စစ်ရေးအရ ဖိအားပေးနေတဲ့ NUGရဲ့ မဟာဗျူဟာ အစီအမံတွေထဲက အစိတ်အပိုင်း တစ်ခုမျှသာ ရှိသေးတယ်လို့ ဝန်ကြီးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒေါ်ဇင်မာအောင်က အာဆီယံ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းက စစ်ကောင်စီကို လက်ရှိထက် ဖယ်ကြဉ်တာမျိုးတွေ လုပ်ဆောင်ဖို့ လိုတယ်လို့လည်း သုံးသပ်ခဲ့ပါတယ်။ နိုင်ငံရေးအရ ပိတ်ပင်ထားတယ် ဆိုတာထက်ပိုတဲ့ တင်းတင်းမာမာ ဖယ်ကြဉ်မှုတွေ လိုအပ်နေကြောင်း၊ အာဆီယံဟာ စစ်ကောင်စီရဲ့ နိုင်ငံရေး ကိုယ်စားလှယ်တွေကို အစည်းအဝေး တက်ရောက်ခွင့် ပိတ်ထားပေမယ့် တချို့သော ဗျူရိုကရက် ယန္တရားတွေမှာတော့ စစ်ကောင်စီနဲ့ ပူးပေါင်း လုပ်ဆောင်မှုတွေ ပုံမှန် ဆက်ရှိနေကြောင်း၊ စစ်ကောင်စီကို အသိအမှတ်ပြု ဖိတ်ကြားမှု မှန်သမျှ ရပ်ဆိုင်းပစ်တာမျို လိုအပ်ကြောင်း သူက ပြောကြားသွားပါတယ်။

တရုတ် အစိုးရကတော့ စစ်ကောင်စီနဲ့ သံတမန်ရေးရာ ဆက်ဆံမှုတွေကို ထိန်းသိမ်းထားပေမယ့် အစိုးရ တစ်ရပ်အဖြစ် ပေါ်ပေါ်ထင်ထင် အသိအမှတ်ပြု ဆက်ဆံမှုမျိုးကိုတော့ သတိကြီးကြီး ရှောင်ရှားနေဆဲပါ။ ဒေါ်ဇင်မာအောင်က တရုတ်ဟာ မြန်မာ့အရေးမှာ ဘယ်ဖက်က ပါမလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း ရွေးချယ်လိုဟန် မရှိကြောင်း၊ စစ်ကောင်စီနဲ့ ဆက်ဆံနေဆဲ ဆိုတာကလည်း ပြည်တွင်းက ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အကျိုးစီးပွားတွေကို ဆက်လက် ကာကွယ်နိုင်ဖို့ ဖြစ်ကြောင်း သုံးသပ်သွားခဲ့ပါတယ်။

ကိုးကား: SCMP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။