Connect with us

Hi, what are you looking for?

ဆောင်းပါး

လားရှိုးရမခကျပြီး စစ်တပ်ရပ်ဝန်းတရုတ်မုန်းတီး​ရေးဂယက်ထချိန် ​​ရောက်လာတဲ့ ဝမ်ယိခရီးစဥ်

နေပြည်တော်အာဏာရပ်ဝန်း အလှုပ်အယမ်းသတင်းများထွက်ပေါ်ချိန်နှင့်အတူ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို လာရောက်တွေ့ဆုံခဲ့သည်။

သော်မွန်/People’s Spring

နေပြည်တော်အာဏာရပ်ဝန်း အလှုပ်အယမ်းသတင်းများထွက်ပေါ်ချိန်နှင့်အတူ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို လာရောက်တွေ့ဆုံခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ တညအိပ်နေပြည်တော်ခရီးစဥ်အတွင်း စစ်အာဏာရှင်ဟောင်းသန်းရွှေနှင့်လည်း တွေ့ဆုံခဲ့ကာ မင်းအောင်လှိုင်၏ အာဏာ မည်မျှခိုင်မာမှုရှိသည်ကို တရုတ်အစိုးရ၏ ထိပ်တန်းသံတမန်ကိုယ်တိုင်လာရောက်စူးစမ်းသည်ဟု နားလည်ရသည်။

Public Service Announcement

Public Service Announcement

စစ်အာဏာသိမ်းမှု ၃နှစ်ခွဲကျော်အတွင်း မစ္စတာဝမ်ယိက မြန်မာပြည်သို့ သြဂုတ် ၁၄ရက်တွင် ဒုတိယအကြိမ်လာရောက်ခြင်းဖြစ်ကာ ပထမအကြိမ် ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းက ပုဂံမြို့သို့ လာရောက်သော်လည်း ​နေပြည်​တော်သို့မသွားသလို အာဏာသိမ်းခေါင်းဆောင်ကိုလည်းမ တွေ့ခဲ့ပေ။

ယခုခရီးစဥ်တွင်လည်း ဝမ်ယိက စစ်ခေါင်းဆောင်ကို လာရောက်ကောင်းချီးပေးခြင်းမဟုတ်ဘဲ သတိပေးမှုကို သကာရည်ဖုံးထားသော သံတမန်စကားများဖြင့် သတင်းစကားပါးခဲ့ကာ တရုတ်အစဥ်တစိုက် ကိုင်စွဲခဲ့သော ကိုယ်ကျိုးကြည့်ဝါဒအတွက် နေပြည်တော်သို့ လာရောက်ခြင်းဖြစ်ကြောင်း နိုင်ငံအရေးအကဲခတ်များက သုံးသပ်ကြသည်။

“လောလောဆယ်ဖြစ်နေတာတွေသူ့(တရုတ်)အနေနဲ့ အဆင်မပြေတော့ဘူးဆိုတာ လာပြောတယ်လို့ ယူဆလို့ရတယ်။ လာတိုင်းလာတိုင်းမှာ စစ်ကောင်စီနဲ့တင်တွေ့ဖို့လုပ်တာမဟုတ်ဘူး။ အဓိကက ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ရာ အမြဲလုပ်တယ်။ ခွင့်မပြုတာက တပိုင်းပေါ့။ အခုလည်း သူ(မင်းအောင်လှိုင်)တစ်ယောက်တည်းနဲ့ တွေ့သွားတာ မဟုတ်ဘူးဆိုတော့ ဒီ arrangement (အခင်းအကျင်း) ကို သူတို့ဘက်က မကြိုက်တော့ဘူးဆိုတာ လာပြောသွားတယ်ဆိုတဲ့ သဘောရှိတယ်” ဟု နိုင်ငံရေးလေ့လာစောင့်ကြည့်သူ၊ ဆောင်းပါးရှင် Otto က သုံးသပ်သည်။

စစ်ကောင်စီသည် နိုင်ငံတဝန်းမြို့ပေါင်း ၈၀ ခန့်ကို လက်လွှတ်ဆုံးရှုံးထားရကာ စစ်တပ်၏ အစဥ်အလာကြီးမားပါသည်ဆိုသော အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုလည်း ကိုးကန့်တပ်မတော်(MNDAA) နှင့် မဟာမိတ် တပ်များကသိမ်းပိုက်ခြင်း ခံခဲ့ရသည်။ ရမခကျရှုံးခဲ့ခြင်းက စစ်တပ်အတွက်သာမက စစ်တပ်ထောက်ခံသူများအတွက်ပါ အကြီးအကျယ် တုန့်လှုပ်ခဲ့သည်။ ထို့အတွက် စစ်ခေါင်းဆောင်ကိုယ်တိုင် လူမျိုးရေး မုန်းတီးရေးနှင့် လူမျိုးရေး ပဋိပက္ခကို လှုံ့ဆော်သည့် စကားလုံးများကို ရမခကျရှုံးပြီး နှစ်ရက်အကြာတွင် မိန့်ခွန်းထွက်ပြောခဲ့သည်။ တချိန်တည်းတွင် တရုတ်နှင့် နယ်နိမိတ်ခြင်းထိစပ်နေသည့် ရှမ်းပြည်မြောက်ပိုင်းရှိနယ်မြေအားလုံးနီးပါး လက်လွှတ်ဆုံးရှုံးမှုအပေါ် စစ်ကောင်စီထောက်ခံသူများက တရုတ်ဆန့်ကျင်ရေး၊တရုတ်မုန်းတီး​ရေးများကို ဝါဒဖြန့်ချိမှုများအားပေါ်ပေါ်တင်တင် လုပ်ဆောင်လာခဲ့သည်။

အဆိုပါလုပ်ရပ်များကို တရုတ်က သည်းမခံဘဲ နေပြည်တော်၌ မင်းအောင်လှိုင်နှင့် မျက်နှာချင်းဆိုင်တွေ့ဆုံရာ၌ ‘တရုတ်နိုင်ငံအား အိုးမဲသုတ်အပုပ်ချနေသည့် ပြောဆိုလုပ်ဆောင်မှု မှန်သမျှကို ဆန့်ကျင်ကြောင်း’ ထည့်သွင်းပြောကြားသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ နေပြည်တော်ခရီးစဥ်အပြီးတွင် စစ်တပ်ထောက်ခံသူများ၏ တရုတ်မုန်းတီးရေးဝါဒဖြန့်ချိမှုများ တခန်းရပ်သွားခဲ့သည်။

ဝမ်ယိသည် အာဏာသိမ်း​ခေါင်း​ဆောင်နှင့်မ​တွေ့ဆုံခင် စစ်အာဏာရှင်​ဟောင်း အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်း​ရွှေနှင့်​တွေ့ဆုံခဲ့သည်။ မင်း​အောင်လှိုင်ကို တပ်ချုပ်ရာထူး​ပေးခဲ့​သော ဦးသန်း​ရွှေနှင့်ဝမ်ယိနှင့်တွေ့ဆုံ​စဥ် တရုတ်နိုင်ငံအ​နေဖြင့် မြန်မာနိုင်ငံအ​ပေါ် ပြည်ပ ဝင်​​ရောက်စွက်ဖက်မှုများကိုကာကွယ်ရန် နှင့် ပြည်တွင်းတည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်ရန်အတွက် တန်ဖိုးရှိသော အထောက်အပံ့များကို ဆက်လက်ပံ့ပိုးကူညီသွားမည်ဟု မျှော်လင့်ကြောင်း​ဦးသန်း​ရွှေက​ပြောခဲ့သည်။

ဝမ်ယီကလည်း မြန်မာနိုင်ငံအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေမူဘောင်အောက်တွင် ပြည်တွင်းရေးကို နိုင်ငံရေးအရ ရင်ကြားစေ့ရေးကြိုးပမ်းရန် ၊ တစ်ပြည်လုံးရွေးကောက်ပွဲ အဆင်ပြေချောမွေ့စွာ ကျင်းပရန်၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ပြန်လည်စတင်ရန် ထောက်ခံကြောင်း ၊ ပြည်ပအင်အားစုများ ဝင်ရောက်စွက်ဖက်မှုကို အခိုင်အမာ ဆန့်ကျင်သလို မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဖျက်ဆီးသည့် ပြောဆိုပြုမူမှုများကို အခိုင်အမာ ဆန့်ကျင်ကြောင်း​ပြောကြားခဲ့သည်။

သို့သော် စစ်ကောင်စီက မစ္စတာဝမ်ယိ၏ခရီးစဥ်နှင့်ပတ်သက်၍ ဝါဒဖြန့် ထုတ်ပြန်ရာတွင် စစ်ခေါင်းဆောင်အား သတိပေးပြောကြားမှုများကို ချန်လှပ်ခဲ့ပြီး တရုတ်အစိုးရပိုင် သတင်းဌာနများမှ ထုတ်ပြန်မှုများနှင့် ကွဲလွဲမှုအချို့ ရှိခဲ့သည်။ ဝါရင့်သံတမန် မစ္စတာဝမ်ယိက မင်းအောင်လှိုင်ကြားလိုသည့် စကားအချို့ကို ပြောခဲ့ကောင်း ပြောခဲ့နိုင်သော်လည်း ယခင်က မပြောဆိုဖူးသည့် မူဝါဒနှင့် ရပ်တည်ချက်များကို ပြသခဲ့ကြောင်း တရုတ်-မြန်မာဆက်ဆံရေးစောင့်ကြည့်သူအချို့က သုံးသပ်သည်။

မြန်မာနိုင်ငံအပေါ် ထားရှိသည့် တရုတ်နိုင်ငံ၏ ချစ်ကြည်ရေးမူဝါဒသည် မြန်မာနိုင်ငံ ပြည်သူတစ်ရပ်လုံးကို မျက်နှာမူကြောင်းပြောဆိုခဲ့သလို မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ ရင်ကြားစေ့ရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်ရေးကို ဆောလျင်စွာ အကောင်အထည်ဖော်ဆောင်ကာ ရေရှည်တည်ငြိမ်အေးချမ်းသော လမ်းကို ရှာရမည်ဖြစ်ကြောင်း မစ္စတာဝမ်ယိက တိုက်တွန်းခဲ့ သည်။

“ဒီမိုကရေစီအသွင်ကူးပြောင်းရေး ပြန်ပြီးတော့ စတင်ဖို့ လိုလားပါတယ်ပြောသွားတာမျိုးက ရှင်းတယ်လေ။ လက်ရှိ စစ်ကောင်စီအနေနဲ့ မြန်မာနိုင်ငံကို အုပ်ချုပ်နေတာ သူတို့အနေနဲ့ မကြိုက်ဘူးပေါ့ဗျာ” ဟု နိုင်ငံရေးလေ့လာစောင့်ကြည်သူ Otto က ပြောသည်။

အခြားသော မြန်မာ့နိုင်ငံရေးအကဲခတ်များကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ နေပြည်တော်ခရီးစဥ်က မင်းအောင်လှိုင်နှင့် စစ်ကောင်စီအတွက် အကျိုးအမြတ်များစေမည် မဟုတ်ကြောင်း သုံးသပ်ကြသည်။

“အခုလာသွားတဲ့ ခရီးစဥ်က win-win မဟုတ်ဘူးလို့ သုံးသပ်တယ်။ အကြမ်းဖက်စစ်အုပ်စုအတွက်လည်း ဘယ်လိုမှ အကျိုးရှိစရာတော့ မမြင်ဘူး။ ဘာလို့လဲဆိုတော့ အကြမ်းဖက်စစ်အုပ်စုအတွက်က သူတို့ရဲ့ စိတ်ဓာတ်စစ်ဆင်ရေး ဝါဒဖြန့်ချိမှုမှာ တရုတ်ပြည်က ဒီလိုအဆင့်မြင့်ကိုယ်စားလှယ်တွေ လာတယ် ဆိုတာလောက်ကလွဲရင် ကျန်တာတော့ အကျိုးမရှိပါဘူး။ ဒီလောက်ပြိုလဲနေတဲ့ စစ်တပ်ကို ဒီလိုခရီးစဥ်မျိုးက ဘယ်လိုမှ မကယ်တင်နိုင်ပါဘူး” ဟု ၈၈ မျိုးဆက်တစ်ဦး ဦးတိုးကျော်လှိုင်က မှတ်ချက်ပြုသည်။

တရုတ်သည် ၎င်း၏ စီမံကိန်းများ၊ ရင်းနှီးမြှုပ်နှံမှုများအတွက် နေပြည်တော်အာဏာကို ကိုင်ထားဆဲဖြစ်သည့် မင်းအောင်လှိုင်ကို လာရောက်ဆက်ဆံမှု ပြုခြင်းဖြစ်ပြီး အာဏာကိုင်ထားသူနှင့် အဆင်ပြေရေးက တရုတ်နိုင်ငံခြားရေးဌာန၏ အခြေခံမူဖြစ်ကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူ ဦးသန်းစိုးနိုင်က သုံးသပ်သည်။

“တရုတ်အနေနဲ့ အခု ဗမာပြည်ကို စစ်ကောင်စီ ဥက္ကဌ အဖြစ်၊​ ကာကွယ်ရေးဦးစီးချုပ်အဖြစ်၊ ယာယီသမ္မတအဖြစ် အာဏာကုန်သိမ်းပိုက်ထားတဲ့ မင်းအောင်လှိုင်ကို မစွန့်လွှတ်နိုင်သေးဘူး။ ဆက်ပြီးတော့ လက်တွဲထားဦးမယ်။ ဒါကြောင့် မင်းအောင်လှိုင် ကြားချင်တဲ့ စကားတွေ၊ ပြောစေချင်တဲ့ အားပေးမှုတွေ အဲဒါတွေပဲ ပြောသွားတာ ဖြစ်တဲ့အတွက် ထူးထူးခြားခြား ဗမာပြည်ရဲ့ လက်ရှိအနေအထားတွေ ပြောင်းလဲသွားမယ်လို့မထင်ပါဘူး။ စစ်က ဆက်ဖြစ်ဦးမှာပါ” ဟု ၎င်းက သုံးသပ်သည်။

မစ္စတာဝမ်ယိသည် လက်ရှိမြန်မာ့အခြေအနေမှာ စိတ်ပူပန်ရစေသည်ဟု နေပြည်တော်ခရီးစဥ်အပြီးတွင် ထုတ်ဖော်ဝန်ခံသည်။ နေပြည်တော်ခရီးစဥ်အပြီး နှစ်ရက်အကြာ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပသော တရုတ်၊ လာအို၊ ထိုင်းနှင့် အာဏာသိမ်းစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောဆွေးနွေးပွဲ၌ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ယင်းဆွေးနွေးပွဲမှာပင် တရုတ်က ပြည်တွင်းရေးဝင်ရောက်မစွက်ဖက်ခြင်း အခြေခံမူကို အမြဲတစေ လက်ကိုင်ထားကြောင်း ထပ်မံပြောဆိုသော်လည်း မြန်မာ့အရေးကိစ္စတွင် ကျော်လွန်၍ မရသော စည်းသုံးခုကို ခိုင်မာစွာ ထိန်းသိမ်းရမည်ဟုလည်း​ရှေ့​နောက်မညီစွာ ဆိုပြန်သည်။

ထိုသုံးချက်မှာ မြန်မာနိုင်ငံတွင် ပြည်တွင်း မတည်မငြိမ်ဖြစ်မှုနှင့် ပြည်တွင်းစစ်ဖြစ်ပွား၍မရခြင်း၊ အာဆီယံမိသားစု၏ လမ်းကြောင်းမှ ကင်းကွာသွား၍မရခြင်း၊ ပြင်ပအင်အားစုများ ထင်သလိုစိမ့်ဝင်၍ ဝင်ရောက်စွက်ဖက်မှုကို ခွင့်မပြုခြင်းတို့ဖြစ်ကြောင်း မစ္စတာဝမ်ယိက ပြောသည်။

တရုတ်နိုင်ငံသည် ရပ်ဝန်းနှင့်ပိုးလမ်းမ(BRI) အပါအဝင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ စီမံကိန်းကြီးများ အတူတည်ဆောက်ရေးဖော်ဆောင်မှုကို အရှိန်မြှင့်ရန်၊ တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း လည်ပတ်မှုကို ကောင်းမွန်စွာ ဆောင်ရွက်ရန်၊ မြန်မာနိုင်ငံ၏ ပြည်သူ့နေထိုင်မှုဘဝကို ကောင်းမွန်အောင် ဆောင်ရွက်ရန် စသည့်အချက်များကို မစ္စတာဝမ်ယိက နေပြည်တော်ခရီးစဥ်၌ ပြောဆိုသည်။

ထို့အပြင် တရုတ် အကျိုးစီးပွားနှင့် ရင်းနှီးမြှုပ်နှံမှုများကို ခိုင်ခိုင်မာမာ ကာကွယ်ပေးရန်အာဏာသိမ်း​ခေါင်း​တောင်ကိုသတိ​ပေးခဲ့သည်။

သို့​သော် မြေပြင်တွင် တော်လှန်​ရေးတပ်​များက တ​ကောင်းနီကယ်စက်ရုံကို သိမ်းပိုက်ပြီး စက်ရုံဆက်လက်လည်ပတ်နိုင်ရန် တရုတ်အစိုးရပိုင်ကုမ္ပဏီ နှင့် PDF​များပူး​ပေါင်းစီမံထားကြသည်။မန္တ​လေးတိုင်းအတွင်းရှိ မြင်းခြံ-​တောင်သာ-နွားထိုးကြီးမြို့နယ်​များမှ တရုတ်ပိုက်လိုင်းဖြတ်သန်းရာ​နေရာ​များကို​လည်း တော်လှန်​ရေးတပ်​များက ထိန်းချုပ်လာပြီဖြစ်သလို ၊မတ္တရာမြို့နယ်မှာလည်း ALPHA ဘီးလပ်​မြေစက်ရုံကို စစ်​သားများက မီးရှို့ဖျက်ဆီးခဲ့ရာ PDF ​များက သိမ်းပိုက်ထိန်းချုပ်ကာကွယ်​ပေးထားခြင်းဖြစ်သည်။

ထို့အပြင် ရှမ်း​မြောက်​ဒေသတစ်ခုလုံးနီးပါးကို ​တော်လှန်​ရေးတပ်​များက ထိန်းချုပ်ထားပြီး ဒေသတွင်းရှိ တရုတ်ပိုက်လိုင်းစီမံကိန်း နှင့် တရုတ်စီမံကိန်း​များကို​လက်​တွေ့တွင် ထိန်းချုပ်ကာကွယ်​ပေးထားကြခြင်းဖြစ်သည်။ထို့​ကြောင့် စစ်​ကောင်စီထိန်းချုပ်နိုင်​သောတရုတ်စီမံကိန်း​များမှာအကန့်အသတ်ဖြင့်သာရှိ​တော့ပြီး ၊ စစ်​ကောင်စီမှ တရုတ်စီးမံကိန်းများကိုကာကွယ်နိုင်စွမ်းလည်းမရှိ​တော့ပါ။

ရခိုင်ပြည်နယ်တွင်လည်း တရုတ်စီမံကိန်းအများစုရှိ​သော ​ကျောက်ဖြူမြို့နယ်မှ စစ်တပ်စခန်း​များကို အာရက္ခတပ်​တော်- AA ကထိုးစစ်ဆင်တိုက်ခိုက်ထားသည်။ AA ကရခိုင်တပြည်နယ်လုံးသိမ်းပိုက်မည်ဟု​ကြေညာပြီးထိုးစစ်ဆင်နေသဖြင့် ​ကျောက်ဖြူမြို့နယ်ကိုလည်း ထိုးစစ်ဆင်သိမ်းပိုက်ရန်မှာသေချာ​ကြောင်း စစ်​ရေး​စောင့်ကြည့်​လေ့လာသူအချို့က​ပြောသည်။

တရုတ်သည် မြန်မာနိုင်ငံအပြောင်းအလဲကို မြင်တွေ့လိုသော်လည်း ၎င်းတို့ရည်ရွယ်သည့် အပြောင်းအလဲဆိုသည်မှာ စစ်တပ်ကို ကျောထောက်နောက်ခံပြုပြီး နိုင်ငံတွင်းရှိ ၎င်းတို့ အကျိုးစီးပွားများ၊ ရင်းနှီးမြှုပ်နှံမှုများနှင့် BRI လုပ်ငန်းများ၊ BRI စီမံကိန်းများကို သေချာစွာ ကာကွယ်ပေးနိုင်ရန် ဖြစ်ကြောင်း ဦးတိုးကျော်လှိုင်က သုံးသပ်သည်။ “တရုတ်အစိုးရ ရပ်တည်ချက်က အဓိကက အကျိုးစီးပွားအခြေခံတဲ့ ရပ်တည်ချက်ပါပဲ” ဟု ၎င်းက ဆက်ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောကမူ မစ္စတာဝမ်ယိ၏ နေပြည်တော်ခရီးစဥ်မှာ တရုတ်သည် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ပြဿနာများကို ဖြေရှင်းပေးရန် ကူညီလုပ်ဆောင်မှု၏ အစိတ်အပိုင်းတစ်ခုအဖြစ် ရှုမြင်ကြောင်း ပြောသည်။ သို့သော် အကြမ်းဖက်စစ်ကောင်စီ၊ စစ်ခေါင်းဆောင်များနှင့် တွေ့ဆုံခြင်းသည် အဖြေကောင်းရရှိမည်မဟုတ်ဘဲ တရုတ်နိုင်ငံ၏ အကျိုးစီးပွား၊ မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွားများ၏ လုံခြုံရေးကို ခြိမ်းခြောက်နေသည်မှာ အကြမ်းဖက်စစ်တပ်သာဖြစ်ကြောင်း NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

“အကြမ်းဖက်စစ်ခေါင်းဆောင်နဲ့တွေ့ခြင်းအားဖြင့် တရုတ်နိုင်ငံဖြစ်စေချင်တဲ့ အေးချမ်းတည်ငြိမ်မှု ရမှာမဟုတ်ဘူး။ တရုတ်နိုင်ငံရဲ့ ပြောဆိုချက်တစ်ခုက အင်မတန်ကောင်းပါတယ်။ ပြည်သူလူထုကို အခြေခံတဲ့ ချစ်ကြည်ရင်းနှီးမှု တည်ဆောက်တာ။ မြန်မာပြည်သူလူထုရဲ့ ဆန္ဒနဲ့ ကိုက်ညီတဲ့အဖြေရဖို့အတွက် မြန်မာပြည်သူလူထုနဲ့အတူ ရပ်တည်ပြီးတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ကူညီခြင်းအား ဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ မြန်မာနိုင်ငံတည်ငြိမ်မှု၊ မြန်မာနိုင်ငံငြိမ်းချမ်းမှုအတွက် ဖြစ်စေနိုင်မယ့်၊ အကျိုးရှိစေနိုင်မယ်ဆိုတာ တိုက်တွန်းပြောကြားချင်ပါတယ်”ဟု ဦးကျော်ဇောက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေဖြင့် တရုတ်နိုင်ငံနှင့် အပြည့်အဝပူးပေါင်းဆောင်ရွက်ရန် လက်ကမ်းထားပြီး အဆင်သင့်လည်းရှိကြောင်း ဦးကျော်ဇောက ဆက်ပြောသည်။

တရုတ်အစိုးရသည် နွေဦးတော်လှန်ရေးနှင့် နွေဦးတော်လှန်ရေး အင်အားစုများအပေါ် မည်သည့်အခါကမျှ ထောက်ခံ ရပ်တည်ပေးခဲ့ခြင်းမျိုးမရှိဘဲ တော်လှန်ရေး အင်အားစုများအနေဖြင့် ပြတ်ပြတ်သားသား မိမိတို့အလုပ်ကို ဆက်လက်လုပ်ကိုင်ရန်သာဖြစ်ကြောင်း ဦးတိုးကျော်လှိုင်က တိုက်တွန်းသည်။

“ကျွန်တော်တို့ နိုင်ငံနဲ့ ကျွန်တော်တို့ ပြည်သူတွေရဲ့ အနာဂတ်ကို ကျွန်တော်တို့ဘာသာ ကျွန်တော်တို့ ဆုံးဖြတ်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ ဆက်ပြီး လုပ်စရာရှိတာ လုပ်ကြဖို့ပါပဲ” ဟု ၎င်းက ဆိုလေသည်။ ။

ဆက်စပ်သတင်းများ

သတင်း

ချင်းတွင်းမြစ်အထက်ပိုင်းမှ စုန်ဆင်းလာသည့် စစ်ကောင်စီသင်္ဘောအုပ်စု ကနီမြို့နယ်အတွင်းဖြတ်သန်းနေစဉ် ယ‌နေ့(စက်တင်ဘာ ၁၈ရက်)နေ့လယ် ၂နာရီ ၁၅မိနစ်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့ပေါ် တစ်နေရာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ကြောင်း မင်းတပ်ဒေသသတင်းရင်းမြစ်က ပြောသည်။

သတင်း

ဆိုင်းတောင်တွင် စစ်ကောင်စီတပ် မီးရှို့၍ အိမ်ခြေ ၂၀၀ကျော် ပျက်စီး၊ လက်နက်ကြီးကြောင့် ပြည်သူအချို့ ထိခိုက်သေဆုံး

သတင်း

ဒေသတွင်းရေကြီးမှုဆိုးရွားစွာဖြစ်နေချိန်တွင် စစ်ကောင်စီသည် မိုးဗြဲမြို့အနီးဝန်းကျင်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MB PDF)က အသိပေး ထုတ်ပြန်သည်။