ဟာနာဆန်/People’s Spring
တိတ်ဆိတ်ခြောက်ကပ်နေတဲ့ လမ်းကလေးထဲ ကိုအောင်ခန့်ဇော်တို့ ဆိုင်ကယ်တွေဝင်လာရင်ပဲ ဘုရားဝင်းထဲက မျောက်တွေ မျက်လုံးတောက်ပသွားကြတယ်။ ဆိုင်ကယ်နောက်မှာတင်လာတဲ့ ဂျက်ဖာတွေထဲမှာ သူတို့အတွက်တခုခုပါလောက်တယ်ဆိုတာကို သိနေသလိုနဲ့ ကြည့်နေကြတယ်။ ဆိုင်ကယ်လည်း ရပ်လိုက်ရော မျောက်တွေ ဆိုင်ကယ်တွေနား ဝိုင်းအုံလာကြတယ်။
ဆိုင်ကယ်ပေါ်တင်ထားတဲ့ ဂျက်ဖာထဲက သီးမွှေးငှက်ပျောသီးတွေ ထုတ်လိုက်တော့ မျောက်တွေ ဆူညံအော်ဟစ်ပြီး အလုအယက်ရှေ့တိုးလာကြတော့တယ်။ မျောက်တွေဟာ
ကိုအောင်ခန့်ဇော်တို့ခြေထောက်တွေကို ပြေးဖက်ပြီး အစာတောင်းကြတယ်။ သူတို့ဝမ်းတွေဟာလှပြီကိုး။ သူတို့တတွေ မစားရတာကြာပြီဖြစ်တဲ့ ငှက်ပျောသီးတွေကို အလုအယက်တောင်းကြတယ်။ အငမ်းမရခွာစားကြတယ်။
အဲဒီမျောက်တွေဟာ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ယင်းမာပင်မြို့နယ်မှာရှိတဲ့ ဖိုလ်ဝင်တောင်က မျောက်တွေပါ။ အကောင်ရေပေါင်းထောင်ချီရှိတဲ့ ဖိုလ်ဝင်တောင်က မျောက်တွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အစာရေစာငတ်ပြီး အတိဒုက္ခရောက်နေကြတာပါ။
မျောက်တွေကို ငှက်ပျောသီးလာကျွေးတဲ့ ကိုအောင်ခန့်ဇော်တို့ကတော့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီကပါ။ သူတို့ကော်မတီက စစ်ရှောင်တွေအတွက် စားဝတ်နေရေး ရန်ပုံငွေရှာဖွေပေးတာတွေ လုပ်နေကြသူတွေပါ။ ဒီကြားထဲ အခုလိုဖိုလ်ဝင်တောင်ကမျောက်တွေ အစာရေစာရှားနေတယ်ဆိုတော့ သူတို့လည်း မနေသာတော့ဘဲ ရောက်လာခဲ့ကြတာပါပဲ။
၂၀၂၀ မတိုင်မီကာလတွေကတော့ မျောက်တွေဟာ ဒီလိုဘယ်နေပါ့မလဲ။ ဆူဆူဖြိုးဖြိုး ပြည့်ပြည့်တင်းတင်းနဲ့ ဝမ်းဝလို့ ခါးလှခဲ့ကြသူတွေပါ။ မုံရွာရောက် ဧည့်သည်တွေဟာ မိုးညှင်း သံဗုဒ္ဓေစေတီ၊ ဗောဓိတစ်ထောင်နဲ့ မုံရွာဘုရားစုံဖူးပြီးရင် ချင်းတွင်းမြစ်ကိုကူးပြီး ဖိုလ်ဝင်တောင်ဆီ အရောက်လာတတ်ကြတယ်။
ဖိုလ်ဝင်တောင်ကိုလာလည်ရင်း ထောင်ချီတဲ့မျောက်တွေကို အစာရေစာကျွေးမွေးလေ့ရှိကြတယ်။ ဘုရားဖူးတွေလာပြီဆို မျောက်တွေဟာ သူတို့အစာစားရတော့မှာမို့ ဧည့်သည်တွေနား ကပ်လာတတ်ကြတယ်။ ဖိုလ်ဝင်တောင်မှာ မျောက်စာရောင်းတဲ့ဒေသခံတွေလည်း ရှိတယ်။
မျောက်တွေကြိုက်တဲ့ ကုလားပဲ၊ ပြောင်းဖူး၊ မြေပဲ၊ ငှက်ပျောသီး၊ ပေါင်မုန့် စတဲ့မျောက်စာလေးတွေရောင်းချကြတာ။ ဒေသခံတွေလည်း အလုပ်အကိုင်တွေရခဲ့ကြတာပေါ့။
ဖိုလ်ဝင်တောင်ဒေသဟာ အပူပိုင်းဇုန် မိုးခေါင်ရေရှားဒေသပါ။ ခရီးသွားဒေသတခုဖြစ်ခဲ့လို့ ဖိုလ်ဝင်တောင်မှာရှိတဲ့ အိမ်ခြေ၂၀၀ကျော်က ဒေသခံတွေ စားဝတ်နေရေး ပြေလည်ခဲ့ကြတယ်။
ဖိုလ်ဝင်တောင်မှာ မျောက်ကောင်ရေပေါင်းထောင်ချီရှိပေမဲ့ မျောက်တွေဟာ သူ့နေရာနဲ့ သူ့စည်းနဲ့သူ နေထိုင်လေ့ရှိကြတယ်။ ကွမ်းစင်တိုင်၊ နွားသိုးတောင်၊ ရွှေသာလျောင်း၊ ချမ်းသာကြီး စတဲ့နေရာတွေမှာ မျောက်တွေဟာ လေးဖွဲ့ခွဲပြီး နေလေ့ရှိတယ်။ သူ့အဖွဲ့နဲ့သူနေတာ။ စည်းမကျော်ဘူး၊ နေရာမလုဘူးတဲ့။ ကိုယ့်နေရာကိုနေ၊ နေရာမလုရဘူးဆိုတာ မျောက်တွေတောင် သိကြတယ်။
ဧည့်သည်က မျောက်စာကျွေးရင်း တောင်ပေါ်တက်လာတယ်ဆိုရင် မျောက်က သူ့နယ်ကုန်တာနဲ့ ဆက်မလိုက်တော့ဘူး။ နေခဲ့တော့တာ။ တကယ့်ကို စည်းကမ်းတကျနေကြတဲ့ မျောက်တွေပါ။
၂၀၂၀ကိုဗစ်ကာလမှာကတည်းက ဧည့်သည်တွေမလာရတော့လို့ မျောက်တွေအစာရေစာ ရှားပါးခဲ့တယ်။ ဒါပေမယ့် ဒေသခံတွေ၊ အဝေးကစေတနာရှင်တွေနဲ့ ဂေါပကအဖွဲ့ကလည်း ကျွေးခဲ့မွေးခဲ့တော့ တော်သေးတယ်။
ဒါပေမယ့် ၂၀၂၁ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းမှာ တိုက်ပွဲတွေရှိလာတာကြောင့် ဖိုလ်ဝင်တောင်ကိုလည်း ဘယ်သူမှမလာနိုင်ကြတော့ဘူး။ ဖိုလ်ဝင်တောင်ဟာ ညောင်ပင်ကြီးဆိပ်နဲ့ ဆယ့်နှစ်မိုင်ဝေးပြီး ယင်းမာပင်မြိုနဲ့ ၇ မိုင်ဝေးတယ်။ မုံရွာဘက်ကလာမယ်ဆိုရင် ဝမ်ပေါင်ပတ်ပတ်လည်ကဂိတ်တွေအပါအဝင် စစ်တပ်ဂိတ် ၅ ဂိတ်လောက်ကိုဖြတ်ရမယ်။ နောက်ပြီး ဝမ်ပေါင်ကုမ္ပဏီဝင်းထဲက စစ်တပ်က စစ်ကြောင်းထိုးမီးရှို့တာ၊ လက်နက်ကြီးထုတာတွေလည်းရှိနေတယ်။ လူတွေလည်း ကိုယ့်စားဖို့တောင်အနိုင်နိုင်ဆိုတော့ မျောက်စာကိုလည်း ဘယ်သူမှတကူးတကလာမကျွေးနိုင်ကြတော့ဘူး။
ဒါကြောင့် ကိုအောင်ခန့်ဇော်တို့လာကျွေးတော့ မျောက်တွေလည်း အလုအယက်လာကြရှာတာ။အရွယ်စုံအကောင်စုံမျောက်တွေ။ အကောင်ပေါက်လေးကို ရင်မှာလွယ်ထားတဲ့ သားသည်မအေမျောက်တွေလည်း ပါတယ်။ စားချင်ကြတော့ လူပေါ်တွေကိုကောတက်တာ။ ဖက်ထားတာတွေကောရှိတယ်။ အစာကျွေးမှပဲ လွှတ်တော့တာ။
အကောင်ရေကများတော့ ကိုအောင်ခန့်ဇော်တို့ပါလာတဲ့ တစ်သိန်းခွဲဖိုးလောက်ရှိတဲ့ ငှက်ပျောသီး အဖီးငါးဆယ်ဟာ မလောက်ငခဲ့ဘူး။ ငှက်ပျောသီးတွေဟာ မျက်စိတမှိတ်အတွင်းမှာပဲ ကုန်သွားတယ်။ တစ်လုံးတစ်လုံး တစ်မိနစ်တောင်မကြာဘူး။ အကုန်သွတ်ပစ်ကြတယ်။
“လောက်တောင်မလောက်ဘူးဗျာ။ စားတဲ့သူကစားရ မစားရတဲ့သူကမစားရ စိတ်တောင်မကောင်းဘူး။ ကျွန်တော်တို့ကလည်း ဘက်ဂျက်က သိပ်မရှိတော့။”လို့ ကိုအောင်ခန့်ဇော်က ပြောပြတယ်။
အဝေးကနေ ကျွေးချင်သူတွေရှိရင်လည်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီကို ဆက်သွယ်လို့ရတဲ့အကြောင်း သူကပြောတယ်။
မိနစ်ပိုင်းအတွင်း ကုန်သွားတဲ့ငှက်ပျောသီးတွေကြောင့် မစားလိုက်ရတဲ့မျောက်တွေဟာ သူတို့ကိုထပ်ကျွေးဦးမလားဆိုပြီး မျှော်နေတုန်းပဲ။ ကိုအောင်ခန့်ဇော်တို့လည်း ငှက်ပျောသီးမရှိတော့တဲ့ ခြင်းတွေ ပုံးခွံတွေကိုပြန်သိမ်းရင်း စိတ်မသက်မသာနဲ့ ဖိုလ်ဝင်တောင်ကို ကျောခိုင်းခဲ့ရပါတော့တယ်။