Connect with us

Hi, what are you looking for?

ဆောင်းပါး

“စစ်အတွင်း ပုဂံသွား​တောလား”

ရန်ကုန်-ပုဂံညောင်ဦး ခရီးသည်တင်ဘတ်စ် ကားဟာ အောင်မင်္ဂလာအဝေးပြေးဝန်းကနေ မနက် ၇ နာရီခွဲမှာ စထွက်ပါတယ်။ မနက် ၈ နာရီမထိုးခင် ရန်ကုန်-မန္တလေးအမြန်လမ်းအစ ဇီးရိုးမိုင်ကို ရောက်လာခဲ့တယ်။

ရန်ကုန်-မန္တ​လေး အမြန်လမ်း​ပေါ် စစ်တပ်ရဲ့ ဝါးချွန်​တွေ ၊ သဲအိတ်​တွေ နဲ့ပြုလုပ်ထားတဲ့ ဘန်ကာ။ ဓါတ်ပုံ-People's Spring

အာရုဏ်ဦး

ရန်ကုန်-ပုဂံညောင်ဦး ခရီးသည်တင်ဘတ်စ် ကားဟာ အောင်မင်္ဂလာအဝေးပြေးဝန်းကနေ မနက် ၇ နာရီခွဲမှာ စထွက်ပါတယ်။ မနက် ၈ နာရီမထိုးခင် ရန်ကုန်-မန္တလေးအမြန်လမ်းအစ ဇီးရိုးမိုင်ကို ရောက်လာခဲ့တယ်။

၂၀၂၁ အာဏာမသိမ်းခင်ကတော့ ဇီရိုးမိုင်နားမှာ ကားလက်မှတ်အရောင်းဆိုင်တွေ၊ စား သောက်ဆိုင်လေးတွေ၊ တက္ကဆီဂိတ်၊ ဆိုင်ကယ်ကယ်ရီဂိတ်တွေနဲ့ စည်စည်ကားကားရှိခဲ့တယ်။ ဒိနောက်ပိုင်း အဲဒီလမ်းဆုံမှာရှိတဲ့ ဆိုင်တွေ၊ ဂိတ်တွေကို စစ်အုပ်စုက အကုန်ရှင်းထုတ်ပစ်လိုက်တယ်။

အခုတော့ အဲဒီလမ်းဆုံမှာ စစ်ကောင်စီရဲ့ စစ် ဆေးရေးဂိတ်တွေကို ပုံစံမျိုးစုံ တွေ့ကြရပါတယ်။ ဂိတ်တွေနားမရောက်ခင် ဘတ်စ်ကားစပယ်ယာက ခရီးသည်တွေထံကနေ မှတ်ပုံတင်ကတ်တွေ လိုက်တောင်းတယ်။ ပြီးတော့ ဂိတ်ရောက်တဲ့အခါ ဖုန်းတွေ လုံးဝမသုံးကြဖို့ကိုလည်း သတိပေးပါတယ်။

Public Service Announcement

Public Service Announcement

ယာဥ်ရဲဲ့ဝင်ထွက်ပေါက်အနားမှာလည်း “ကျေးဇူးပြု၍ စစ်ဆေးရေးဂိတ်များတွင်ဖုန်းမပြောပါနှင့် ဖုန်းမသုံးပါနှင့်”ဆိုတဲ့ စာတမ်းတစ်ခုကို အများမြင်သာအောင် ရေးကပ်ထားပါသေးတယ်။

ဒီလိုနဲ့ ဂိတ်မှာအခြားခရီးသွားယာဥ်တွေကိုပါတန်းစီစစ်လိုက်တာ ၄၅ မိနစ်၊ ၁ နာရီနီးပါးကြာသွားတယ်။ ဂိတ်မှာရှိနေတဲ့ စစ်ကောင်စီတပ်သားနဲ့ ရဲတွေက မှတ်ပုံတင်ကိုကြည့်ပြီး သူတို့မသင်္ကာရင် သက်ဆိုင်သူကို ခေါ်ပါတယ်။ ပြီးတော့ ဘယ်ကလာတာလဲ၊ ဘယ်ကိုသွားမှာလဲ၊ ဘာလုပ်မှာလဲ စတဲ့မေးခွန်းတွေနဲ့ စစ်မေးခံကြရပါတယ်။ ကံကောင်းတယ်ပဲ ဆိုရမလား မသိ။ ကျနော်တို့ကားမှာ မသင်္ကာလို့ စစ်မေးခံရသူအချို့ရှိပေမယ့် ဖမ်းဆီးခံရသူတော့ တစ်ယောက်မျှ မရှိခဲ့ဘူး။

အားလုံးစစ်ဆေးခံပြီးသွားချိန် ရန်ကုန်မှပုဂံညောင်ဦးသွားမယ့် ဘတ်စ်ကားဟာ အမြန်လမ်းအတိုင်း ဆက်ထွက်လာခဲ့ပါတယ်။ (၃၉) မိုင်ရောက်တော့ မနက် ၉ နာရီဝန်းကျင် ရှိပါပြီ။ ပုံမှန်ဆိုရင် ရန်ကုန်ကနေ မနက် ၇ ခွဲထွက်တဲ့ကားဟာ (၃၉)မိုင်ကို မနက် ၈ ခွဲဆိုရောက်ပါတယ်။ သို့ပေမဲ့ အခုကာလမှာ စစ်ဆေးရေးဂိတ်တွေဖြတ်ရတာမို့ အချိန်နောက်ကျပြီးမှ ရောက်သွားတာပါ။

(၃၉)မိုင်လမ်းခွဲမှာ ဘတ်ကားပေါ်ပါလာတဲ့ ခရီးသည်နှစ်ယောက်ဆင်းသွားပြီး ခရီးသည်အသစ်နှစ်ယောက် တက်လိုက်လာတာကို တွေ့ရပါတယ်။ အဲဒီလမ်းခွဲဟာ ဘုရားကြီး၊ ဝေါ၊ ပဲခူးအပါအဝင် ရန်ကုန်-မန္တ လေးလမ်းဟောင်းနဲ့ဆက်စပ်တဲ့မြို့တွေဆီ သွားလာလို့ရတဲ့ လမ်းခွဲတစ်ခုပါ။

လမ်းကနေဖြတ်လိုက်လာတဲ့ ခရီးသည်နှစ်အသစ်နှစ်ယောက်ကို နေရာချအပြီးမှာ ဘတ်စ်ကာဟာ အမြန်လမ်းအတိုင်း ဆက်ထွက်လာပါတယ်။ (၈၃)မိုင်နဲ့ ၄ ဖာလုံအရောက်မှာတော့ ခရီးသည်နှစ်ယောက် သူတို့လိုရာခရီးရောက်ပြီမို့ ကားပေါ်က ဆင်းသွားကြတယ်။

အမြန်လမ်းမှ ဝါးချွန်စခန်းများ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအတိုင်း ခရီးနှင်တဲ့အခါ လမ်းဘေးဝဲယာမှာ စစ်ကောင်စီရဲကင်းနဲ့ ရဲစခန်းတွေကို မကြာခဏဆိုသလို မြင်တွေ့ရပါတယ်။ အဲဒီ ရဲကင်းနဲ့ ရဲစခန်းတွေဟာ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ လက်အောက်မှာရှိတာပါ။

မူလရည်ရွယ်ချက်က ယာဥ်စည်းကမ်း၊ လမ်းစည်းကပ်ကြပ်မတ်ဖို့နဲ့ ယာဥ်မတော်တဆမှုတွေရှိလာရင် ကူညီကယ်ဆယ်ရေးလုပ်ဖို့ အဲဒီစခန်းတွေကို နေရာချထားခဲ့တာ ဖြစ်ပါတယ်။ဒါပေမဲ့ အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင် စီက နွေဦးတော်လှန်ရေးနဲ့ဆက်နွယ်သူ​တွေကို ၊ပြည်သူ​တွေကိုဖိနှိပ်ဖို့ အမြန်လမ်းရဲတပ်ဖွဲ့ကို နိုင်ငံရေးမှာ အသုံးချလာတာ တွေ့ရပါတယ်။

အထူးသဖြင့် ယာဥ်စစ်လုပ်ငန်းနဲ့ရောပြီး ခရီးသွားပြည်သူတွေကို မသင်္ကာမှုနဲ့ ဖမ်းဆီးတာ၊ ငွေညှစ်တာ၊ လက်နက်ခဲယမ်းတွေ သယ် ဆောင်လာခြင်း ရှိမရှိ စတဲ့လုပ်ရပ်တွေကို တွင်တွင်ကျယ်ကျယ် လုပ်လာပါတယ်။ ဒီအတွက် ရဲကင်းနဲ့ ရဲစခန်းတွေမှာ စစ်ကောင်စီတပ်သားတွေကိုပါ ရဲတွေနဲ့အတူပေါင်းပြီး တာဝန်ချထားလာပါတယ်။

စစ်ကောင်စီရဲ့လုပ်ရပ်ကြောင့် အမြန်လမ်းမှာရှိတဲ့ ရဲကင်းနဲ့ စခန်းအချို့ကို စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်လာပါတော့တယ်။ ဒီအခါမှာ စစ်ကောင်စီဟာ ရဲ ကင်းစခန်းတွေကို ရှေ့တန်းစစ်မြေပြင်က စစ်တပ်ခံစစ်စခန်းတွေလို အသွင်သဏ္ဍန်ရော အနှစ်သာရပါ ပြောင်းလဲလိုက်ပါတယ်။

ပဲခူးရိုးမဟာဆိုရင် လက်ရှိ စစ်အုပ်စုအာဏာသိမ်းထားတဲ့ကာလမှာပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အခိုင်အမာခြေကုပ်ယူထားတဲ့ နေရာတွေထဲက တစ်ခုပါ။

ဒါကြောင့် အမြန်လမ်းမကြီး ဘေးဝဲယာမှာရှိတဲ့ ရဲကင်းနဲ့ စခန်းတွေဟာ ဝါးကတ်တွေ၊ ဝါးချွန်တွေ ထိုးထိုးထောင်ထောင်ကာရံထားတဲ့ ဝါးချွန်စခန်းတွေ ဖြစ်လာပါတော့တယ်။ စခန်းအများစုရဲ့ ရှေ့မျှက်နှာစာမှာလည်း သဲအိတ်တွေအထပ်ထပ်ချထားတဲ့ ဘန်ကာတွေအပြင် အုတ်သဲကျောက်တွေ အင်္ဂတေတွေနဲ့ အခိုင်အမာတည်ဆောက်ထားတဲ့ ဘန်ကာတွေပါ ရှိနေပါတယ်။

အဲဒီဘန်ကာတွေကိုမှ ရဲတွေကတစ်ဖွဲ့၊ စစ်ကောင်စီတပ်သားတွေက တစ်ဖွဲ့၊ သူ့အစုနဲ့သူ နေရာယူထားတာကို တွေ့ရပါတယ်။ အချို့နေ ရာတွေမှာဆိုရင် ထပ်တိုးချထားတဲ့ ကင်းစခန်းနဲ့ ဘန်ကာတွေလည်း ရှိနေပါတယ်။ ထပ်တိုးကင်းနဲ့ဘန်ကာတွေဟာ အမြန်လမ်းကိုတံ တားအောက်ကနေ ဖြတ်စီးသွားတဲ့ ချောင်းတွေ၊ မြောင်းတွေရဲ့ထိပ်မှာ အတွေ့ရများပါတယ်။

ရန်ကုန်ဘက်ကလာရင်(၁၁၅)မိုင် ယာဥ်ရပ် နားဝန်းမရောက်ခင် ကွန်းချောင်းတံတားထိပ်က ဘန်ကာဟာ အခုနွေဦးကာလမှာမှ အသစ်ဆောက်ထားတဲ့ ဘန်ကာတစ်ခုပါ။ ကွန်းချောင်းဟာဆိုရင် အလယ်ရိုးလို့ခေါ်တဲ့ ပဲခူးရိုးမဘက်ကနေ ဖြူးမြို့နယ်မှတဆင့် အမြန်လမ်းမကြီးကို ဖြတ်သန်းစီးဆင်းနေတဲ့ ချောင်းတစ်ချောင်းပါ။

အခုဆိုရင် ​တော်လှန်​ရေးတပ်​တွေဟာ အမြန်လမ်း​ပေါ်အထိနယ်​မြေစိုးမိုးဖို့ ကြိုးစားလာသလို တိုက်ပွဲ​တွေဟာလည်း အမြန်လမ်းတ​လျှောက်ကမန္တ​လေးတိုင်း ၊ ပဲခူးတိုင်း ​တွေမှာပိုဖြစ်လာပါတယ်။

လမ်းပိုင်းတစ်ခုလုံးကိုကြည့်ရင် အရင်ကရှိနှင့်တာရော အခုထပ်တိုးတာပါ အပါအဝင် စစ်ကောင်စီ ရဲကင်းနဲ့ ရဲစခန်းတွေကို အနီးဆုံး(၃) မိုင်နဲ့ အဝေးဆုံး (၅)မိုင်းခြားတစ်ကြိမ်လောက် တွေ့ရပါတယ်။ (၁၁၅)မိုင်နားက ဖြူးလမ်းခွဲလို လမ်းဆုံရှိတဲ့နေရာတွေဆိုရင် ကင်း တဲနဲ့ ဘန်ကာတွေကို ခပ်စိပ်စိပ်တွေ့ရပြီး ရဲနဲ့စစ်သားလည်း အင်အားပိုများတာ တွေ့ရပါတယ်။

မိတ္ထီလာ-ပုဂံလမ်း​ဘေးဝဲယာမြင်ကွင်းများ။ ဓါတ်ပုံ-People’s Spring

ဘဝ ထိုထို

ကျနော်ဟာ ဖြတ်ခနဲ ဖြတ်ခနဲ ကျော်လွန်လာတဲ့ မိုင်တိုင်တွေနဲ့ ရဲကင်းစခန်းတွေကို ရေ တွက်မှတ်သားရင်း နောက်ဘက်ခုံမှ ကလေးငယ်တစ်ဦးရဲ့ အော်ငိုသံကိုလည်း ကြားနေရပါတယ်။ ကလေးက ယောကျာ်းလေးပါ။ မွေး ကင်းစအရွယ်ဖြစ်ပြီး (၆)လသားသာရှိသေးတယ်လို့ သူ့ဖွားအေက ပြောပြပါတယ်။

လမ်းတလျှောက် ကလေးက မကြာဏခ အော်အော်ပြီး ငိုတယ်။ အဲဒါနဲ့ ပွေ့ချီထားတဲ့ အမျိုးသမီးငယ်ဘက် ငဲ့စောင်းကြည့်ရင်း စိတ်ထဲက “ကလေး ဒီလောက်ငိုနေတာ နို့မတိုက်ဘူးလား”ဆိုပြီး ပြစ်တင်လိုက်မိသေးတယ်။ နောက်တော့မှ မိန်းမပျိုလေးဟာ က လေးရဲ့ မိခင်မဟုတ်ဘဲ အဒေါ်ဖြစ်သူဆိုတာ သိလာရတယ်။ အဲဒီအခါမှ “အော် ဒါကြောင့် ကိုး”လို့ ရေရွတ်ရင်း ကရုဏာသက်သွားတယ်။

“နို့ဆာတော့ (စိတ်)ညစ်သွားတာ”လို့ သူ့မြေး ခ ဏခနအော်ငိုနေတာကို ဖွားအေဖြစ်သူက မှတ်ချက် ပေးတယ်။

ဖွားအေနဲ့အဒေါ်ဖြစ်သူဟာ ၆ လ သားလေးကို မိခင်နဲ့ခွဲပြီး ဒေသကျောက်ပန်းတောင်းမြို့ဆီ ပြန်ခေါ်လာတာပါ။ ကလေးရဲ့မိခင်ရောဖခင်ပါ ရန်ကုန်မှာ စက်ရုံဆင်းကျန်ခဲ့ကြတယ်။ တနည်းဆိုရရင် နယ်ကနေမြို့တက်ပြီး အလုပ်လုပ်ကြရတဲ့ ပြည်တွင်းရွှေ့ပြောင်းလုပ်သားတွေပဲ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်မှာ ကားပေါ်ပါလာတဲ့ ကလေးသာ ငိုရတာမဟုတ်ဘဲ မိခင်ဖြစ်သူဟာလည်း မျက်ရည်လည်ရွဲနဲ့ ကျန်ရစ်တဲ့အကြောင်းကလေးရဲ့ဖွားအေက ရင်ဖွင့်တယ်။ပြီးတော့ ညဦးပိုင်းထဲက​ သူ့သမီး ပြောခဲ့တဲ့ စကားတစ်ခွန်းကို ခုလိုပြန်ပြောပြပါတယ်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း တိုင်းပြည်ဘက်​ပေါင်းစုံ ယိုယွင်းစီးပွားပျက်​နေတာမို့အလုပ်အကိုင်​တွေရှားပါးတာ​ကြောင့်ပြည်သူ​တွေဟာ အလုပ်တခုရထားရင် တက်နိုင်သမျှကုပ်တွယ်လုပ်​နေကြရတာမို့ ဒီက​လေး ​လေးရဲ့မိဘ​တွေလို အလွယ်တကူမစွန့်နိုင်ပါဘူး။

“မနက်အစောကြီးထ နှုတ်မဆက်ရင် တမျိုးထင်မနေနဲ့။ သမီးကိုလည်း နှုတ်မဆက်နဲ့။ ကြိုပြောထားတာ”တဲ့လေ။

(၁၁၅)မိုင် ယာဥ်ရပ်နားစခန်းရောက်လို့ နို့ဖျော်တိုက်ပြီးသွားတဲ့အခါ ကလေးငယ်ဟာ လမ်း ခရီးမှာ သိပ်မငိုတော့ဘူး။ ဗိုက်ပြည့်သွားလို့ထင်ရဲ့ အိပ်တဝက်နိုးတဝက်နဲ့ပဲ တချက်တချက် ဝူးဝူးဝါးဝါးအသံတွေပေးပြီး လိုက်ပါလာတော့တယ်။

ကားရပ်ထမင်းစားနားချိန် ဆိုင်ဝန်ထမ်းမိန်း ကလေးငယ်တစ်ယောက်ထံ အစားအသောက်စျေးနှုန်းတွေ မေးကြည့်မိတယ်။ အသားဟင်းတစ်မျိုးနဲ့ ထမင်းအဝစားရင် ကျပ် ၈,၀၀၀ တဲ့။ ချဥ်ပေါင်ကြော်လို အရံဟင်းတစ်ခွက်ပါမယ်၊ ဟင်းချိုတစ်ခွက်နဲ့ ငါးပိရည်တို့ စရာပါမယ်။ ဒါက အဝစား။

လက်ဖက်ထမင်း ကြက်ဥကြော်နဲ့ဆိုရင် ကျပ် ၄,၅၀၀၊ ပဲထမင်းဆီစမ်းက ကျပ် ၃၅၀၀၊ လက်ဘက်ရည်တစ်ခွက် ကျပ် ၂,၇၀၀ တဲ့။ စျေးတွေကတော့ အစားစားပဲ။ ကျနော်က တော့ ပဲထမင်းဆီစမ်း ကြက်ဥကြော်နဲ့စားပြီး လက်ဘက်ရည်တစ်ခွက် မှာသောက်ဖြစ်တယ်။

စားသောက်ပြီးသွားတဲ့အခါ ရှေ့ခရီးဆက်ဖို့ ဘတ်စ်ကားပေါ် ပြန်တက်ခဲ့လိုက်တယ်။ ကားဆရာလည်း ယာဥ်မောင်းခုံမှာဝင်ထိုင်ပြီး စက်နှိုးထားပြီ။ ယာဥ်အကူတစ်ယောက်က ခရီး သည်စုံမစုံ ကားပေါ်လူးလာခေါက်တုံ လိုက်စစ်နေတယ်။ ကျန်ယာဥ်အကူတစ်ယောက်ကတော့ တက်မလာသေးဘဲ ခြေဖျားထောက်ထောက်ပြီး ဆိုင်ဘက်ကို လှမ်းမျှော်ကြည့်နေတယ်။

ပြီးသူက “လက်ဘက်ရည်ဘူး လာမပေးတော့ဘူးလား မသိ”လို့ ယာဥ်မောင်းဆီ လှမ်းပြောသံ ကြားရတယ်။ တဆက်တည်းမှာပဲ “ဒီကောင်တွေ ကျနော်တို့ကားတင် သိန်းကျော်ရမှာ”လို့ အဲဒီယာဥ်အကူက ဆက်ပြောပါသေးတယ်။ သူ့ပြောပေါက်အရ “ဒီလောက်ရတာတောင် ငါတို့ကို လက်ဘက်ရည်မတိုက်ဘူး”ဆိုတဲ့ ဟန်မျိုး။

ယာဥ်အကူရဲ့စကားကိုကြားတော့ ကားဆရာက “သွားမယ်ကွာ။ စောင့်မနေနဲ့တော့”လို့ပြောလည်းပြော ကားကိုလည်းခပ်​မှန်မှန် မောင်းထွက်လိုက်ပါတယ်။ (၁၇၃)မိုင်နား ရောက်လာတဲ့အခါ အမျိုးသမီးတစ်ဦး မှတ်တိုင်မှာဆင်းဖို့ ပြင်ဆင်နေတာကို သတိထားမိတယ်။ သူ က အသက် ၅၀ ဝန်းကျင်၊ အဝတ်အစားတွေက အနည်းငယ်နွမ်းနေပြီး အကွက်အဆင် သိပ်မပေါ်ချင်တော့ဘူး။

မှတ်တိုင်မရောက်ခင် လာကြိုမဲ့သူကို ဖုန်းဆက်တယ်။ ဒီအခါ တစ်ဖက်ကအသံကို ကြားရအောင် ဖုန်းစပီကာဖွင့်ထားဟန်တူပါတယ်။ အမျိုးသားတစ်ယောက် ဟိုဟိုဒီဒီပြန် ပြောနေသံလည်း ကြားနေရတယ်။ ပြီးသူကလည်း ဒီဘက်ကနေ အော်အော်ပြီး ပြောတယ်။

“မောင်းထွက်လာခဲ့တော့လေ…ပိုက်ဆံရောတွေ့လား..ပိုက်ဆံ”တဲ့။ သူ့ကြည့်ရတာ ခရီး စရိတ်ပဲ ပြတ်လာလို့လား၊ လမ်းမှာ တစ်ခုခု ဝင်ဝယ်စရာရှိတာပဲလား တတ်အပ်တော့မပြောနိုင်။

ကားရပ်တော့ နောက်ဘက်ခုံတန်းတွေကနေ ကြွပ်ကြွပ်အိတ်အမဲ အကြီးတစ်လုံးဆွဲထွက်လာပြီး ကားပေါ်ကဆင်းသွားပါတော့တယ်။ အဲဒီအမျိုးသမီး ဦးတည်သွားနေတဲ့ဘက် လှမ်းကြည့်တော့ “စက်မှုဝန်ကြီးဌာန၊သာဂရစက်မှုနယ်မြေ”လို့ အနီရောင်အောက်ခံမှာ ဆေးအဖြူနဲ့ရေးထားတဲ့ ဆိုင်းဘုတ်တစ်ခုကို တွေ့ရတယ်။

ဆိုင်းဘုတ်ရှိရာ ကုန်းမို့မို့ကို ခြံဝန်းခတ်ထားပြီး ကင်းတဲလိုလို ဘန်ကာလိုလို အဆောက် အအုံငယ်အချို့ ရှိနေပါတယ်။ သာဂရစက်မှုနယ်မြေဟာ စစ်ကောင်စီရဲ့ စက်လက်နက်ပစ္စည်းထုတ်လုပ်တဲ့စက်ရုံ(ကပစ)တည်ရှိတဲ့နေရာတစ်ခုပါ။

ကျနော်စီးလာတဲ့ ရန်ကုန်-ပုဂံညောင်ဦး အဝေးပြေးဘတ်စ်ကာဟာ မိုင်တိုင်တွေ၊ စစ်ဆေးရေးဂိတ်တွေ တစ်ခုပြီးတစ်ခု ကျော်လွန်ပြီးတဲ့နောက် အမြန်လမ်း(၂၈၅)မိုင်ကို ရောက် လာပါတယ်။ ဒီအခါ ကားကို အမြန်လမ်းကတဆင့် မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းခွဲဘက် ချို့ကွေ့မောင်းနှင်ရပါတော့တယ်။ပြော မယ်ဆို အမြန်လမ်းအသုံးပြုမှုဟာ ဒီမှာတင် နိတ္ထိတန်သွားခဲ့ပါပြီ။

မိတ္ထီလာ-ပုဂံလမ်း​ဘေးဝဲယာမြင်ကွင်းများ။ ဓါတ်ပုံ-People’s Spring

လူမှုစီးပွား

မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းအတိုင်းလာတဲ့အခါ အမြန်လမ်းမှာမတွေ့ရတဲ့ ကျေး လက်လူမှုဘဝတွေကို နီးနီးကပ်ကပ် မြင်တွေ့ခွင့်ရလာပါတယ်။ ကားဟာ ဒီလမ်းပိုင်းမှာ ခပ်မှန်မှန်သာ မောင်းနှင်နိုင်ပါတယ်။ လမ်းအ ခြေအနေနဲ့ ယာဥ်အသွားအလာတွေကြောင့် အမြန်လမ်းမှာလို မြန်မြန်မောင်းဖို့ မလွယ်လှဘူး။

သည်တော့ ကျနော့်အဖို့ရာ ကျေးလက်ရှူ့ခင်းတွေကို တဝကြီးခံစားဖို့ အခွင့်ပိုသာသွားပါတယ်။ ဘာတ်စ်ကားဟာ ကျေးရွာတွေကို ဖြတ်လိုက်၊ တောင်ယာစိုက်ခင်းတွေကို ဖြတ်လိုက်နဲ့ တရွေ့ရွေ့ခရီးနှင်နေတယ်။ ရွာတွေကို ဖြတ်သန်းသွားတဲ့အခါ ဆောက်လက်စ အိုး အိမ် တိုးလိုးတန်းလန်းတွေကို ရွာတိုင်းလိုလိုမှာ တွေ့မြင်ရတာ သတိပြုမိတယ်။

အချို့က နှစ်ထပ်အိမ်ပုံစံမှာ တထပ်အထိအ ကြမ်းထည်ပြီးပေမယ့် အပေါ်ထပ်ကို ဆက်မလုပ်ဘဲ ရပ်နားထားတယ်။ အချို့ တစ်ထပ်ကိုပဲ အုတ်မြစ်ချ၊ တိုင်ထူတဲ့အဆင့်ထိ ပြီးသွားပေမယ့် အကာအရံမရှိ ဟာလာဟင်းလင်းပဲ ရှိပါသေးတယ်။

အဲလို လုပ်ငန်းမပြီးဘဲ ရပ်ထားရတဲ့ အိုးအိမ်တွေကို အမြန်လမ်းနဲ့ကပ်လျက် သီးကုန်းရွာကနေစပြီး ခင်မင်၊ မုန်တိုင်၊ လဲတော၊ သရက်ခြံ စတဲ့မိတ္ထီလာမြို့နယ်ထဲက ရွာစဥ်တွေမှာ ကြိုကြားကြိုကြား တွေ့ခဲ့ရတာပါ။ ကျောက်ပန်းတောင်းနယ်ထဲရောက်တော့လည်း လက် ပံပျား၊ တည်ပင်တဲနဲ့ မြိုင်သာယာရွာတကြောအထိ အဲဒီလိုအိုးအိမ်အချို့ကို မြင်ခဲ့ရတယ်။

အထပ်အိမ်အချို့ဆိုရင် အပေါ်ထပ်ကို ဆက်မဆောက်ဘဲ အောက်ထပ်ကို ဆေးသုပ်၊ အ ချောကိုင်ပြီး ဆိုင်ဖွင့်တာ၊ လူနေတိုက်ခန်းအဖြစ် ပြင်ဆင်ထားတာတွေလည်း ရှိပါတယ်။ သူတို့ဘာကြောင့် ဆက်မဆောက်ကြတာလဲ၊ တပါတည်းပြီးအောင် ငွေကြေးမတတ်နိုင်လို့ တစ်နှစ်နည်းနည်း ဆောက်နေတာလား၊ ဆောက်ဆဲတန်းလန်း မြင့်တက်လာတဲ့ အရပ်ရပ်စျေးနှုန်းတွေကြောင့် ရပ်ထားလိုက်တာလား အတွေးပွားချင်စရာပါ။ ကျနော့်အဖို့ရာ ကာယကံရှင်တွေထံ ကိုယ်တိုင်မေးခွင့်မသာလို့ ဘာမှ တိတိပပ မသိခဲ့ရပါဘူး။

ရွာအပြင်ထွက်လို့ တောတောင်ယာခင်းတွေကို ဖြတ်သန်းရာမှာတော့ ပဲစင်းငုံခင်းတွေကို အများဆုံးတွေ့ရပါတယ်။ မိတ္ထီလာ- ကျောက်ပန်းတောင်းလမ်းကနေ ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေ ညောင်ဦးမြို့အထိ ဘေးဝဲယာမှာ ပဲစင်းငုံခင်းတွေ တွေ့နိုင်ပါတယ်။ အချို့ရိတ်သိမ်းနေပြီဖြစ်ပေမယ့် စိုက်ခင်းအ များဟာ မရိတ်သိမ်းရသေးပါဘူး။

အဲဒီဒေသတွေမှာ နွားစာအဖြစ်သုံးတဲ့ နှံစား ပြောင်းခင်းတွေနဲ့ နေကြာခင်းအချို့ကိုတော့ ကြိုကြားဆိုသလို တွေ့မြင်ရပါတယ်။ ဆိုခဲ့ပါ စိုက်ခင်းတွေဟာ စတင်ရိတ်သိမ်းလာကြပြီဖြစ်လို့ ဇန်နဝါရီလကုန်လောက်ဆိုရင်တော့ မြင်တွေ့ရဖို့ သိပ်ပြီးမသေချာတော့ပါဘူး။

တောင်ယာစိုက်ခင်းတွေကို လွန်လာတော့ လမ်းတလျှောက် တောင်တန်းတောင်စွယ်တွေ ပိုထူထပ်လာပါတယ်။ တောင်အများစုဟာ သဘာဝပေါက်ပင် ကြိုးတိုးကြဲတဲမှာ ကျောက်သားနံရံ ဝါကြံကြံနဲ့ ဖွေးဖြူဖြူအဆင်းသဏ္ဍန်တွေကို အတိုင်းသားမြင်နေရပါတယ်။

တဆက်တည်းမှာ လမ်းအနီး တောင်ခြေတွေနားမှာ ကျောက်ခွဲစက်လုပ်ငန်း လုပ်ကိုင်ကြတာကိုလည်း တွေ့ရပါတယ်။ သို့ပေမယ့် ခွဲစက်ထိုင်ထားတဲ့ နေရာတိုင်း လုပ်ငန်းလည် ပတ်နေတာမျိုးတော့ မဟုတ်ပါဘူး။ အချို့စက်တွေသာလည်ပြီး အများစု လုပ်ငန်းတွေ ရပ်နားထားကြပါတယ်။

အဲဒါနဲ့ ရပ်သွားတဲ့လုပ်ငန်းတွေအကြောင်း သိရဖို့ လမ်းခုလပ်ကနေ ကျနော်တို့ကားပေါ်တက်လိုက်လာတဲ့ မြိုင်သာယာရွာခံတစ်ဦးကို မေးမြန်းကြည့်ပါတယ်။ ဒီအခါမှာ သူက “တ ချို့ရပ်ထားတာ ကြာပြီ။ ဘာကြောင့်လဲတော့ သေချာမသိရဘူး”လို့ ပြန်ပြောပြတယ်။

တဆက်တည်းမှာ သူက အခုလို ထင်မြင် ချက်ပေးပါတယ်။ “အလုပ်တွေမကောင်းလို့ နေမှာ”

အဲဒီဒေသခံရဲ့နေရပ် မြိုင်သာယာရွာနောက်ဘက်က ကျောက်နီတောင်ဟာ ကျောက်ပန်းတောင်းမြို့မဝင်ခင် လမ်းကပ်လျက်တောင်​တွေထဲမှာ အမြင်းမားဆုံး တောင်တစ်လုံးပါ။ သူ့အပြောအရ အဲဒီတောင်ကနေ မီးခပ်ကျောက်ခေါ် လမ်းခင်းကျောက်တစ်မျိုး အ များဆုံးထွက်တယ်လို့ သိရပါတယ်။

ကျောက်ခွဲစက်လုပ်ငန်းတွေကို လက်ပံပျားဒီဘက် တည်ပင်တဲရွာကနေ ညောင်ဦးဘက်အ ထွက်လမ်းပိုင်းမှ စိန်ပန်းကုန်း၊ ညောင်ပင်ဝိုင်း စတဲ့ကျေးရွာတွေအထိ ဟိုနားတစ်ခုဒီနားတစ်ခု တွေ့လာရပါတယ်။

ဖုန်တသောသော၊ အသံတဂျိမ်းဂျိမ်းနဲ့ လုပ် ငန်းလည်ပတ်နေတဲ့ စက်ဝန်းအချို့ရှိသလို အချို့ချုံနွယ်တွေဖုံးအုပ်နေပြီဖြစ်ပါတယ်။ အလုပ်သမားတွေ စတည်းချခဲ့ဟန်တူတဲ့ တဲငယ်လေးတွေဟာလည်း အမိုးအကာလန်တာလန်၊ ယိုင်ရွဲ့တာရွဲ့နဲ့ ဖရိုဖရဲဖြစ်နေကြပါပြီ။

ဓါတ်ပုံ-People’s Spring

တာဝန်အရတဲ့လား

ကျနော့်အဖို့ရာ ရန်ကုန်-ပုဂံညောင်ဦးခရီးစဥ်ဟာ နှစ်အတော်ကြာမှ ထွက်လာဖြစ်တဲ့ ခရီးရှည်တစ်ခုပါ။ ဒါကြောင့် မြင်တွေ့ကြားသိသမျှ အသစ်အဆန်းလိုချည်း ဖြစ်နေပါတယ်။

အဲဒီအသစ်အဆန်းတွေထဲ အမြန်လမ်း မိုင် တိုင်(၂၀၀)မှာ ကြုံခဲ့ရတဲ့ ဖြစ်ရပ်တစ်ခုက ကျနော်တို့ ခရီးသည်အားလုံးကို ထိတ်လန့်စေတဲ့အထိပဲ။ မိုင်(၂၀၀)ဆိုတာ အများသိပြီးတဲ့အတိုင်း စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော် ဝင်ထွက်ပေါက်တွေထဲက လမ်းခွဲတစ်ခုပါ။

အဲဒီနေရာမှာ လမ်းကြေးကောက်တဲ့ တိုးဂိတ်တစ်ခုလည်း ရှိပါတယ်။ အခုကာလ ထပ်တိလာတာက ပွထနေတဲ့ ဘန်ကာတွေ။ ပြီးတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲ ယာဥ်ထိန်းယူနီ ဖောင်းဝတ် ရဲ၊ ရိုးရိုးရဲယူနီးဖောင်းနဲ့ ပုဝါအနီပတ်ထားတဲ့ ရဲ၊ ပြောက်ကျားယူနီဖောင်းဝတ် စစ်သား ပုံစံမျိုးစုံ ရှိနေတယ်။

တိုးဂိတ်ကထွက်ထွက်ချင်း ယာဥ်အကူတစ်ယောက် ခရီးသည်မှတ်တမ်းစာရွက်ကိုင်ပြီး ကားပေါ်ကနေ ဆင်းသွားတယ်။ သူက လက်ထဲကစာရွက်ရယ် ရေသန့်တစ်ဘူးရယ် ငွေအ ချို့ပါရောကိုင်ပြီး ဘန်ကာထဲက ရဲတွေဆီ ကမ်းပေးလိုက်တယ်။

ပုံမှန်ဆို အဲလိုဝင်ပေးပြီးတအောင့်ကြာရင် ယာဥ်အကူဟာ လှည့်​ပြန်လာရင်း လိမ့်တယ်ဆိုယုံမောင်းနေတဲ့ ကားပေါ်ကို အပြေးတပိုင်းနဲ့ တွယ်တက်နေကြ။ အခုတစ်ကြိမ်မှာ အဲဒီလိုမဟုတ်ဘူး။ ဘန်ကာထဲရှိနေသူတွေရဲ့ စစ် ဆေးမေးမြန်းမှုကို မိနစ်အနည်းငယ်ကြာအောင် ပြန်ဖြေနေရတာ သတိထားမိတယ်။

ခဏကြာလို့ ယာဥ်အကူပြန်လှည့်လာတာ တွေ့တဲ့အခါ “အဆင်ပြေသွားပြီ ထင်တယ်”လို့ တစ်ကိုယ်တည်း ရေရွတ်လိုက်မိတယ်။ တစ်ကယ်က မပြေသေးဘူးဆိုတာကို ဘန်ကာနားက အရပ်ဝတ်တစ်ယောက်ရဲ့ အော်သံကိုကြားမှ သိလိုက်ရတယ်။

“ကားကို ဘေးချလိုက်၊ ဘေးချလိုက်”လို့ အဲဒီအရပ်ဝတ်က ကျနော်တို့ယာဥ်မောင်းကို လှမ်းအမိန့်ပေးတယ်။

ဒီအထိ ကားကိုဘာကြောင့် လမ်းဘေးချရပ်ခိုင်းလဲ ကျနော်တို့ မသိရသေးပါဘူး။ စိတ်ထဲကတော့ “ဘာမှ မဖြစ်ပါစေနဲ့” “ဘာမှမဖြစ်ပါစေနဲ့”လို့ ထပ်ခါထပ်ခါ ဆုတောင်းနေမိတယ်။ နောက်တော့ ကားပေါ်တက်လာတဲ့ စက်ပြင်နဲ့ ယာဥ်မောင်းတို့ အပြန်အလှန်ပြောနေသံကို ကြားရမှ “တော်ပေသေးရဲ့”လို့ တွေးကာ ဟင်း ချနိုင်ပါတော့တယ်။

အမှန်က ကျနော်တို့ကားကို မသင်္ကာမှုတစ်ခုခုရှိလို့ ရပ်တန့်စစ်ဆေးတာမျိုး မဟုတ်ပါဘူး။ အမြန်လမ်းရဲက အဝေးပြေးဘတ်စ်ကားတွေမှာတပ်ပေးထားတဲ့ မြန်နှုန်းအချက်ပြစက် အလုပ်မလုပ်တော့တာကြောင့် စစ်ခံရတာပါ။ ဒါကြောင့် စက်အဟောင်းကိုဖယ်ပြီး စက်အသစ်လဲတပ်နေလိုက်တာ ၁ နာရီကျော်ပါတယ်။

အဲသည်အချိန် ခရီးသည်အားလုံးဟာ စက်သတ်ထားတဲ့ မှန်လုံဘတ်စ်ကားကြီးပေါ်မှာ မလှုပ်မယှက် ငြိမ်သက်နေကြရတာပါ။ သာမန်ဆို အဲဒီအချိန်အတွင်း ကားပေါ်ကဆင်းပြီး လွတ်လွတ်လပ်လပ် ခြေလက်ဆန့်၊ အပေါ့ အ ပါးသွားနဲ့ သက်တောင့်သက်သာ နားနေနိုင်ကြမှာ။ ခုဖြင့် ဟိန်းဟောက်၊ ခြိမ်းခြောက်၊ လက် နက်ပြဗိုလ်ကျတတ်သူတွေ ပုံစံမျိုးစုံရှိနေတော့ ဘယ်ခရီးသည်မှ မလှုပ်ရဲကြဘူး။

သည်တော့ “တာဝန်အရ”ဆိုတဲ့ မြန်စကားရဲ့ အနက်ကျယ်လှပုံကို နှဖူးတွေ့ ဒူးတွေ့ ခံစားနားလည်လိုက်ရပါတယ်။ ဒါကိုကြည့်ပြီး မိုင် (၃၀၀)ကျော် (၄၀၀)နီးပါးရှိတဲ့ ခရီးရှည်တစ်ခုမှာ သည်လောက်လေးကြုံရတာများလို့ အ တွေးမစောလိုက်ပါနှင့်ဦး။ ရှေ့ခရီးမှာ ဘယ် လို “တာဝန်အရ”တွေ ဆက်ကြုံရလဲဆိုတာ ဖောက်သည်ချပါရစေ။

မနက် ၇ နာရီခွဲကစပြီး ရန်ကုန်ကထွက်လာတဲ့ ကျနော်တို့ကားဟာ ညနေ ၄ နာရီခွဲမှ ကျောက်ပန်းတောင်း-နတ်မောက်-မလှိုင် လမ်းဆုံကို ရောက်ပါတယ်။ ထုံးစံအတိုင်း အဲဒီလမ်းဆုံမှာ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တစ်ခုရှိနေပါတယ်။

အခုရောက်နေတဲ့ လမ်းဆုံဂိတ်က ကျနော်တို့ဖြတ်ခဲ့ဖူးတဲ့ စစ်ဆေးရေးဂိတ်တွေထက် တမူဆန်းတယ်ဆိုတာ စစ်ဆေးခံရမှုအပြီးမှာ သိလိုက်ရပါတယ်။ ဆန်းဆို မှတ်ပုံတင်တွေပြရမယ်ဆိုလို့ ခရီးသည်တိုင်း ကိုယ်စီထုတ်ပြကြရတယ်။

စစ်တဲ့ငနဲတွေက မှတ်ပုံတင်ကတ်ကို ဟိုလှန်ဒီလှော တက်သုပ်ရိုက်ကြည့်ပြီး အချို့ကို ထောက်ခံစာပါလား စစ်မေးတယ်။ ပါသူက ပြလိုက်တယ်။ မပါသူတွေ မပြနိုင်ဘူး။ ဒီတင် မပြီးသေးဘူး။ စမတ်ကတ်ပါလားဆို ထပ်ရစ်ပြန်တယ်။ ဒီအခါမှာလည်း ပါသူကထုတ်ပြပြီး မပါသူတွေ ထုတ်မပြနိုင်ပြန်ဘူး။

နောက်ဆုံးမှာ ဂိတ်ကငနဲတွေဟာ စပယ်ယာလက်ထဲကို မှတ်ပုံတင်အချို့ ပြန်ထည့်ပေး လိုက်ပြီး သက်ဆိုင်တဲ့ ခရီးသည်တွေထံ ငွေကောက်ခိုင်းပါတော့တယ်။ ဒါကြောင့် စပယ် ယာဟာ ကားပေါ်ပြေးတက်လာပြီး လက်ထဲကိုင်ထားတဲ့ ကတ်ပိုင်ရှင်တွေရဲ့အမည်ကို တစ်ခုချင်းဖတ်ပြပါတယ်။

တဆက်တည်းမှာပဲ သူက “တစ်ယောက်ကို ငွေ ၃၀၀၀ ဒဏ်ကြေးဆောင်ရပါမယ်။ အသင့်ထုတ်ထားပေးပါ”လို့ အားလုံးကြားနိုင်အောင် အော်ပြောပါတယ်။ ပြီးတော့ နာမည်စာရင်းမှာပါတဲ့ခရီးသည်တွေထံက ငွေ ၃၀၀၀ ဆီ လိုက်ကောက်ပြီး ဂိတ်ကငနဲတွေလက်ထဲ ထည့်ပေးလိုက်မှ ရှေ့ခရီးဆက်ခွင့် ရကြပါတော့တယ်။ တမူဆန်းပုံဆိုတာ အဲဒီလိုပါ။

စစ်ကောင်စီ ဂိတ်စောင့်တွေရဲ့ ခရီးသွားပြည်သူတွေအပေါ် လုပ်ရပ်ကို ကျနော်တို့စီးလာတဲ့ ဘတ်စ်ကားဆရာက အခုလိုမှတ်ချက်ပေးပါတယ်။

“ဒီကောင်တွေလုပ်ပုံကကျန်ကိုစက်ထဲထည့်ကြိတ်သလိုပဲ။ ငွေကို ထွက်မလာ လာအောင်ကို လုပ်နေတာ”

လမ်းဆုံဂိတ်ကထွက်လာပြီး အတန်ကြာမောင်းနှင်လာတဲ့အခါ ကျောက်ပန်းတောင်းမြို့အဝင်ဂိတ်ကို ရောက်လာပါတယ်။ သည်ဂိတ်မှာလည်း လမ်းဆုံဂိတ်လို ခရီးသည်တွေ မျိုးစုံအရစ်ခံကြရပါတယ်။ ရစ်လို့ဝသွားကာမှ ဂိတ်ကငနဲတွေရဲ့ လက်သုံးစကား “တာဝန်အရ”ဆိုတဲ့ ခေါင်းစဥ်အောက် ဒဏ်ကြေးအ ဖြစ်သတ်မှတ်ခံရတဲ့ ငွေကျပ် ၃၀၀၀ ကို အ ချို့ခရီးသည်တွေ ပေးဆောင်ကြရပြန်ပါတယ်။

ကျောက်ပန်းတောင်းမြို့အဝင်ဂိတ်ဟာလမ်းဆုံနားကဂိတ်ထက် တပ်အင်အားပိုများပြီး ကင်းတဲနဲ့ ဘန်ကာတွေ ပိုများတာကိုလည်း သတိထားမိပါတယ်။ ဂိတ်ချထားတဲ့ လမ်းရဲတဖက်တချက်ဆီမှာ ​မျှော်စင်ကင်းတဲ နှစ်လုံး၊ မျှော်စင်ရဲ့အခြေနဲ့ကပ်လျှက်မှာ ဘန်ကာတစ်ခုစီ၊ အဲဒီဘန်ကန်တွေနဲ့ကပ်လျှက် လမ်းရဲ့ဘယ်ညာနှစ်ဖက်လမ်းသားပေါ်မှာ နောက် ထပ်ဘန်ကာနှစ်ခု၊ ဒီဘန်ကာနှစ်ခုလုံးမှာ စက် သေနတ်အကြီးထိုင်တဲ့ စင်တစ်ခုစီ တပ်ဆင်ထားတာ တွေ့ရပါတယ်။

မြို့တွင်းကနေ ညောင်ဦးဘက်ထွက်လာတော့ ဘယ်ညာတခြမ်းကို နှစ်ယောက်တွဲခုံ (၁၁) တန်းပါတဲ့ ဘတ်စ်ကားကြီးပေါ်မှာ ကျနော်အ ပါအဝင် ခရီးသည်ခြောက်ယောက်ပဲ ကျန်ပါတော့တယ်။ ကျန်ခရီးသည်တွေဟာ သူတို့ရဲ့လိုရာခရီး ရောက်ကြပြီမို့ မှတ်တိုင်အသီးသီးမှာ ဆင်းကျန်ရစ်ခဲ့ပါပြီ။

အဲဒီခရီးသည်တွေထဲမှာလမ်းတလျှောက် မကြာခဏ အော်ငိုတတ်တဲ့ ၆ လသားလေးနဲ့ မြေးအဖွားတသိုက်လည်း ပါပါတယ်။ သူတို့မြေးအဖွားဟာ ကျောက်ပန်းတောင်းမြို့လယ် ပုဂ္ဂလိကဘဏ်တွေရှေ့က ကားမှတ်တိုင်မှာ ဆင်းသွားခဲ့ပါတယ်။

ခရီးသည်ခြောက်ယောက်သာပါတော့တဲ့ ကျနော်တို့ကားဟာ ဖြေးဖြေးမှန်မှန်မောင်းနှင်လာရင်း ညောင်ဦးမြို့အဝင်တိုးဂိတ်နဲ့ စစ် ဆေးရေးဂိတ်ကို ည ၆ နာရီ ၂၀ လောက်ဝင်ပါတယ်။ ခရီးသည်နှစ်ယောက်လမ်းမှာ ထပ်ဆင်းသွားလို့ ဂိတ်ရောက်ချိန်မှာ လေးယောက်သာ ကျန်ပါတော့တယ်။

ပုံမှန်ဆို ရန်ကုန်-ပုဂံညောင်ဦးခရီးဟာ ရန်ကုန်ကနေ မနက် ၇ နာရီခွဲထွက်ရင် ညနေ ၅ နာရီခွဲလောက် ညောင်ဦးကို ရောက်ပါတယ်။ ခုတော့ အရပ်ရပ်စစ်ဆေးရေးတွေကြောင့် ခရီးဖင့်ပြီး ၁ နာရီလောက်နောက်ကျသွားတယ်။ ဒီကြားထဲ တိုးဂိတ်ရောက်ကာမှ ကားပြောင်းစီးရမတဲ့။

ကျနော်တို့စီးလာတဲ့ ဘတ်စ်ကားနဲ့ ကုမ္ပဏီတူ ဘတ်စ်တစ်စီးဟာ ရန်ကုန်ပြန်မယ့်ခရီးသည်တွေနဲ့အတူ လမ်းခုလတ်တင် ပျက်နေတာကြောင့်ပါ။ ဒီတော့ ကျနော်တို့ကို ကားပြောင်းပေး၊ ခုမှညောင်ဦးဝင်တဲ့ဘတ်စ်က ပျက်တဲ့ကားပေါ်က ခရီးသည်တွေကို ပြန်ပြောင်းတင်၊ ရန်ကုန်ကိုပြန်ပြီး ခရီးဆက်ရမတဲ့။

ကိုင်းခုမှတော့ မတတ်နိုင်ဘူး။ ဖြစ်သမျှအ ကြောင်း အကောင်းလို့ပဲတွေးပြီး ကျနော်တို့လေးယောက်သား တိုးဂိတ်နား အထုပ်ကိုယ်စီနဲ့ လာကြိုမဲ့ကားအလာကို ရောင်ချာချာရပ်စောင့်နေရတော့တယ်။ သိပ်ကြာကြာမစောင့်လိုက်ရလို့ တော်သေးရဲ့။ နို့မဟုတ်ရင် ဂိတ်ကငနဲတွေရဲ့ အစစ်အဆေး၊ အရစ်အမေးတွေ ခံချင်ခံရဦးမှာ။

အကြိုထောက်တဲ့ ကားလေးပေါ်တက်လိုက်လာရင်း မြို့ဝင်ဘီးခွန်ဆောင်ရတဲ့ နောက်ထပ်ဂိတ်တစ်ခုဆီ ရောက်လာခဲ့တယ်။ ဒီမလဲ “တာ ဝန်အရ”ဆိုတဲ့စကား ထပ်ကြားရပြန်ပါပြီ။

ဂိတ်ရှေ့ရောက်တော့ ကားဆရာက “ညနေက ကျနော် ၅၀၀ ပေးထားပြီ။ ၄ နာရီလောက်က။ အခု တိုးဂိတ်နားတင် ကားချိန်းကြိုပြီးပြန်လာတာ”လို့ ဂိတ်​စောင့်ထံ လှမ်းပြောတယ်။

သည်တော့ဂိတ်စောင့်က ခဏမဆိုင်းဘဲ ချက် ချင်း တုန့်ပြန်​တယ်။ “ပြေစာပြပါ”တဲ့။

ဒီအထိ ကားဆရာက လက်မလျှော့သေးဘူး။ သူ ထပ်ရှင်းပြတယ်။ “ပြေစာ မပေးလိုက်ဘူးလေ။ ကျနော်မညာပါဘူး။ အမှန်တိုင်းပြောတာ”။

ကျနော်တို့ ခရီးသည်လေးယောက်ကတော့ သူတို့ချင်း အချေအတင်ပြောနေတာကို ကြည့်ပြီး ပြဿနာတက်တော့မလား တွေးပူနေမိတယ်။ “ဒုက္ခပဲ”ဆိုတဲ့အဓိပ္ပာယ်နဲ့ တစ်ယောက်ကိုတစ်ယောက် စောင့်ငဲ့ကြည့်မိသည်အထိပဲ။

နောက်တော့ ကားဆရာရှင်းပြတဲ့ ကျိုးကြောင်းကျမှုရော၊ ပြေစေမပေးတဲ့ သူတို့အားနည်းချက်ကြောင့်ရော “သွား သွား ရပြီ”ဆို ကားကိုလွှတ်ပေးလိုက်တယ်။ ဒါပေမဲ့ ဂိတ်စောင့်ငနဲဟာ ငွေ ၅၀၀ မရလို့ သိပ်ကျေ နပ်ပုံမရဘူး။ အဲဒီအချက်ကို သူ့အပြောက သက်သေခံတယ်။

“ကျနော်တို့ တာဝန်အရပါ”

ကားဆရာနဲ့ သူ့တပည့်ဟာ ဂိတ်စောင့်ငနဲ ခပ်ခပ်စပ်စပ်ပြောလိုက်တဲ့ “တာဝန်အရ”ဆိုတာကြီးကို မကျေမချမ်းဖြစ်သွားပုံရတယ်။

ဒါကြောင့် ထင်ရဲ့။

“ဘာလဲကွာ…တာဝန်အရ။ ငွေလိုချင် လိုချင်တယ်ပေါ့”တဲ့ ကားဆရာက ပြောတယ်။ သူ့တပည့်ယာဥ်အကူကလည်း “စကားလုံးလှအောင် သုံးနေသေးတယ်”လို့ထောပနာပြုလိုက်ပါတော့တယ်။ ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် နှစ်သစ်ကူး ကာလမှာ ထိုင်းနိုင်ငံကို သွားရောက် လည်ပတ်ဖို့ စီစဉ်ထားတဲ့ တရုတ် ကမ္ဘာလှည့် ခရီးသည်တွေကြား လုံခြုံရေးဆိုင်ရာ ဝေဖန် မေးခွန်းထုတ်မှုတွေ ရှိလာတယ်လို့ ထိုင်းအာဏာပိုင်တွေက ဝန်ခံခဲ့ပါတယ်။

သတင်း

ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် ရှေးဟောင်းပုဂံ၊ညောင်ဦးမြို့နယ်အတွင်း စစ်ရေးအရ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကချမှတ်ထားသည့် စည်းမျဉ်းများနှင့်အညီ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်သွားမည်ဟု ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)မြို့နယ်တာဝန်ခံ ကိုလင်းက ပြောသည်။

သတင်း

စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့က တန်ဖိုးကြီးရှေးဟောင်းပစ္စည်းအများအပြားကို သက်သေခံပစ္စည်းစာရင်းတွင် သွင်းမထားဘဲ ယူဆောင်သွားပြီဟု ဒေသခံများက ပြောသည်။

သတင်း

ညောင်ဦးမြို့အနီး ဗျတ္တပန်းဆက်လမ်းဘေးက ကျေးရွာတွေကိုလည်း ညဘက်တွေမှာ ဝင်ရောက်စီးနင်းပြီးပေါ်တာဆွဲခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။