ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က BTS ရထားလိုင်းပေါ်မှာ ထိုင်းအမျိုးသမီး တစ်ဦးနဲ့ အီတလီ နိုင်ငံသား လူငယ်တစ်စုတို့ကြား အပြန်အလှန် စကားများခဲ့တဲ့ ကိစ္စဟာ လူမှုကွန်ရက်တွေပေါ်မှာ လူပြောအများဆုံး အကြောင်းအရာတစ်ခု ဖြစ်လာပါတယ်။
ထိုင်းအမျိုးသမီးက ရိုက်ယူထားတဲ့ ဗီဒီယိုမှာတော့ ရထားပေါ်မှာ လူငယ်တွေ စကားပြောဆိုနေတာကို ဆူညံလို့ဆိုပြီး သူက ကန့်ကွက်ရာကနေ ပြဿနာ စတင်ဖြစ်ပွားစေခဲ့တယ် ဆိုတာကို တွေ့ရပါတယ်။ အမျိုးသမီးက သူတို့တွေ အသံဆူလို့ တိတ်တိတ်နေဖို့ လှမ်းပြောတဲ့အခါ လူငယ်တွေထဲက မိန်းကလေး တစ်ဦးက သူတို့တွေ ဘယ်ဘူတာမှာ ဆင်းရမယ်ဆိုတာ မဆုံးဖြတ်ရသေးလို့ တိုင်ပင်နေကြဆဲ ဖြစ်တယ်ဆိုတာ ပြန်ပြောခဲ့ပါတယ်။
တစ်ဖက်မှာလည်း သူတို့ကို ထိုင်းအမျိုးသမီးက ဗီဒီယို ရိုက်နေတာကို သဘောကျဟန်မတူတဲ့ လူငယ်တစ်ဦးက ဖုန်းကို လက်နဲ့ကွယ်ဖို့လည်း ကြိုးစားခဲ့တာ တွေ့ရပါတယ်။
ထိုင်းအမျိုးသမီးက ရထားပေါ်မှာ စကားပြောတာက ပြဿနာ မဟုတ်ပေမယ့် အသံကျယ်ကျယ် မပြောသင့်ဘူးလို့ ကန့်ကွက်ခဲ့ပါတယ်။ ထိုင်းလူမျိုးတွေဆိုရင် အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်တွေပေါ်မှာ အသံကျယ်ကျယ် စကားမပြောဘူးလို့ သူကပြောခဲ့ပြီး အဲဒီစကားနောက်ပိုင်း ပြဿနာတွေက ပိုဆိုးလာပါတယ်။ မိန်းကလေးက အမျိုးသမီးကို ခပ်လှောင်လှောင် သဘောမျိုး ရယ်ရင်း ထိုင်းနိုင်ငံဆီ ပိုက်ဆံတွေ ယူလာပေးတာကို စိတ်မကောင်း ဖြစ်နေလိုက်လို့ တုံ့ပြန်ခဲ့ပါတယ်။

Public Service Announcement
ထိုင်းအမျိုးသမီးက လူငယ်တွေရဲ့ အပြုအမူက ရိုင်းစိုင်းကြောင်း ဝေဖန်ခဲ့ပြီး တချို့က သူ့ကို တိတ်တိတ်နေဖို့ ပြောပါတယ်။ တစ်ယောက်ကလည်း မသင့်မလျော် ကိုယ်လက်အမူအယာမျိုးတွေ ပြသပြီး အမျိုးသမီးကို ရန်တွေ့ခဲ့ပါတယ်။ ထိုင်းအမျိုးသမီးက သူဟာ ဒီကိစ္စအတွက် ရဲတိုင်မယ်လို့ ပြောခဲ့ပြီး နောက်တော့ လူငယ်တွေက ရှေ့ဘူတာမှာ ဆင်းသွားခဲ့ကြောင်း သိရပါတယ်။
နောက်ပိုင်းမှာ ဗီဒီယိုက လူမှုကွန်ရက်တွေပေါ် ရောက်လာချိန်မှာ အရမ်းလူပြောများသွားသလို တုံ့ပြန်မှုတွေကလည်း မတူကြပါဘူး။ ထိုင်းအများစုက အမျိုးသမီးဖက်က ထောက်ခံရပ်တည်ပြီး လူငယ်တွေကို တစ်ဦးတည်း ရင်ဆိုင်ခဲ့တဲ့ သတ္တိကို ချီးကျူးခဲ့ကြပါတယ်။ ထိုင်းဟာ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းကနေ ဝင်ငွေ အများအပြား ရရှိနေတဲ့ နိုင်ငံဆိုတာ မှန်ပေမယ့် နိုင်ငံခြားသားတွေဟာ လုပ်ချင်တိုင်း လုပ်လို့မရဘူးလို့ မှတ်ချက်ရေးသူတွေလည်း ရှိခဲ့ပါတယ်။
တခြားတစ်ဖက်မှာလည်း လူငယ်တွေရဲ့ ရယ်မောပြောဆိုနေမှုတွေက အများအတွက် အနှောင့်အယှက် ဖြစ်လောက်အောင် မဟုတ်ဘဲ အမျိုးသမီးက အကဲဆတ်ပြီး ပြဿနာ စရှာခဲ့တာဆိုတဲ့ စွပ်စွဲမှုတွေလည်း ရှိနေပြန်ပါတယ်။
သတင်းတွေအရ အဲဒီလူငယ်တွေဟာ လေ့လာရေး ခရီးစဉ် တစ်ခုအဖြစ် ဘန်ကောက်ကို ရောက်ရှိနေတာဖြစ်ပြီး နောက်ပိုင်းမှာတော့ သူတို့ကို တာဝန်ယူ ပို့ဆောင်ပေးတဲ့ TravellingFox Estate INPSieme ကုမ္ပဏီက ဖြစ်စဉ်နဲ့ ပတ်သက်လို့ တောင်းပန်တဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း သိရပါတယ်။
အဲဒီ ကြေညာချက်ကို Facebookမှာ ဖော်ပြထားတဲ့အခါ ထိုင်းလူမှုကွန်ရက် သုံးစွဲသူတွေက အီတလီ လူငယ်တွေရဲ့ အပြုအမူပိုင်းကို ဝေဖန်ထိုးနှက်ထားကြတာ တွေ့ရပါတယ်။ တစ်ဦးကတော့ အီတလီတွေဟာ သူတို့နိုင်ငံကို အစွဲပြု ပြောဆိုထားတဲ့ ရောမရောက်ရင် ရောမလို ကျင့်ရမယ်ဆိုတဲ့ စကားပုံကို ကိုယ်တိုင် လိုက်နာနိုင်စွမ်း နည်းလွန်းတယ်လို့ ရေးသားထားပါတယ်။
နောက်ပြီး ထိုင်းနိုင်ငံသား အများအပြားက ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံဆိုင်ရာ အီတလီသံရုံး Facebook စာမျက်နှာထိ သွားရောက်ပြီး ကန့်ကွက်ရေးသားနေပါတယ်။ ပြီးတော့ အဲဒီလူငယ်တွေကို ထိုင်းကနေ ပြန်နှင်ထုတ်ပေးဖို့ တောင်းဆိုတာတွေလည်း ရှိနေပါတယ်။ သံရုံးဖက်ကတော့ ဒီကိစ္စအပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။
ကိုးကား: Bangkok Post


















































