Connect with us

Hi, what are you looking for?

ဆောင်းပါး

“မျှော်ရှာသူ”

နွားအုပ်ကိုသိမ်းလာတဲ့ ဒေါ်မြ(အမည်လွှဲ)တစ်ယောက် မောကြီးပန်းကြီးနဲ့ အိမ်အဖီလေးထဲဝင်လာပြီး ရေအိုးစင်ကနေ ရေတစ်ခွက်ခပ်သောက်တယ်။ ရေသောက်ပြီးတော့ ခုံတန်းလျားပေါ်ခြေပစ်လက်ပစ်ထိုင်ချတယ်။ ဆောင်းညနေ ဖြစ်ပေမယ့် ချွေးတွေက ဒေါ်မြ နဖူးမှာခပ်စို့စို့ထွက်နေတယ်။ ဒေါ်မြ မသုတ်အားသေးဘူး။

အဓမ္မစစ်သားသစ် စုဆောင်းခံရသည့် လူငယ်များအား စစ်မှုထမ်းအပတ်စဥ်(၈) ၌တွေ့ရစဥ်။ဓာတ်ပုံ-စစ်​ကောင်စီ

ဟာနာဆန်/People’s Spring

နွားအုပ်ကိုသိမ်းလာတဲ့ ဒေါ်မြ(အမည်လွှဲ)တစ်ယောက် မောကြီးပန်းကြီးနဲ့ အိမ်အဖီလေးထဲဝင်လာပြီး ရေအိုးစင်ကနေ ရေတစ်ခွက်ခပ်သောက်တယ်။ ရေသောက်ပြီးတော့ ခုံတန်းလျားပေါ်ခြေပစ်လက်ပစ်ထိုင်ချတယ်။ ဆောင်းညနေ ဖြစ်ပေမယ့် ချွေးတွေက ဒေါ်မြ နဖူးမှာခပ်စို့စို့ထွက်နေတယ်။ ဒေါ်မြ မသုတ်အားသေးဘူး။ “သူမရှိတော့မောတာပေါ့”လို့ ဒေါ်သိန်းက ပြောတယ်။

သူဆိုတာ ဒေါ်မြရဲ့သားကြီး မောင်အောင်(အမည်လွှဲ)ကို ဆိုလိုတာပါ။ ဒေါ်မြရဲ့သားက ဒေါ်မြတို့နေတဲ့ စစ်ကိုင်းမြို့နယ်ရဲ့ အဝေးကြီးကို ရောက်သွားခဲ့ပါပြီ။ ဒေါ်မြရဲ့သားဟာ လွန်ခဲ့တဲ့ ခြောက်လကျော်က စစ်ကိုင်းမြို့ပေါ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရတာပါ။

ဒေါ်မြတို့ဟာ စစ်ကိုင်းမြို့နဲ့ ၅ မိုင်လောက်ဝေးတဲ့ ရွာကလေးတစ်ရွာကပါ။ ဒေါ်မြမှာ သားသမီး ၃ ယောက် ရှိတဲ့အနက် မောင်အောင်ကတော့ အကြီးဆုံးသား သြရသ။ အသက် ၂၅ ဝန်းကျင်ပဲရှိသေးတဲ့ လူပျိူလူလွတ်တစ်ယောက်ပါ။ ဒေါ်မြတို့တတွေဟာ မိရိုးဖလာ​တောင်သူအလုပ်နဲ့ပဲ အသက်မွေးခဲ့ကြတယ်။

Public Service Announcement

Public Service Announcement

မောင်အောင်ရဲ့အောက်က ညီနဲ့နှမနဲ့က ရှေ့ကားကိုကျော်ပြီး အသီးသီးအိမ်ထောင်ကျသွားတော့ မုဆိုးမဖြစ်တဲ့ မိခင်ကြီး ဒေါ်မြနဲ့ မောင်အောင်ပဲ ကျန်ခဲ့တယ်။ မောင်အောင်ကလည်း အားကိုးရတယ်။ ပဲစင်းငုံစိုက်ချိန်စိုက်၊ တောင်သူသိမ်းချိန်ဆို ထင်းခုတ်လိုခုတ်၊ နွားကျောင်း၊ ဆိတ်ကျောင်းလုပ်နဲ့ အလုပ်နဲ့လက် ရာသီမပြတ်တဲ့သူပါ။

အာဏာသိမ်းတော့ သူလည်းနိုင်ငံရေး နားမလည်ပေသိ အခြားရွာတွေက လူငယ်တွေလို လက်နက်ကိုင်ချင်လာတယ်။ မတရားလုပ်တဲ့ အာဏာသိမ်းစစ်တပ်ကို တော်လှန်ချင်လာတယ်။ ဒါပေမဲ့ သူ PDFထဲဝင်လိုက်ရင် မိခင်ကြီးတစ်ယောက်တည်း လယ်တွေ၊ နွားအုပ်၊ ဆိတ်အုပ်တွေနဲ့ တစ်ယောက်တည်း ကသီလင်တကျန်ခဲ့ရမှာကို စိတ်မချဘူး။ ဒါနဲ့ပဲ လက်နက်ကိုင်အိပ်မက်စွန့်ခဲ့ရပြီး မိခင်နဲ့အတူ တောင်သူပဲ ဆက်လုပ်နေခဲ့ရတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လလောက်က မောင်အောင်တစ်ယောက် စစ်ကိုင်းမြို့ပေါ်ကို အိမ်အတွက်လိုတာလေးတွေ ဆိုင်ကယ်လေးနဲ့သွားဝယ်ပါတယ်။ ရွာက တခြားမိန်းကလေးနှစ်ယောက်ကလည်း ဆိုင်ကယ်လေးတစ်စီးနဲ့ အတူတူလိုက်လာကြတယ်။ မိန်းကလေးတွေတစ်စီးက တခြားလည်းဝင်စရာရှိသေးတော့ နေ့လယ်လောက် အိုးဘိုအဝိုင်းပတ်နားမှာဆုံကြဖို့ ချိန်းတယ်။ မောင်အောင်လည်း ဟုတ်ပြီပေါ့။

နေ့လယ်ကျ မောင်အောင်တစ်ယောက် အိုးဘိုအဝိုင်းပတ်နားမှာ ဆိုင်ကယ်လေးရပ်ပြီး လမ်းဘေးကနေထိုင်စောင့်နေတုန်း အိမ်စီးကားနဲ့ လူတစ်စုသူ့နားရောက်လာပြီး နှစ်ဘက်ညှပ်ကာ ပိတ်ဆို့ထားလိုက်တယ်။ ဖုန်းစစ်မယ်ဆိုပြီး စစ်တယ်။ ဖုန်းထဲဘာမှမပါတော့ ထပ်စစ်စရာရှိတယ် ကားပေါ်တက်ဆိုတာနဲ့ အိမ်စီးကားပေါ် တက်လိုက်ရတော့တယ်။

ရွာက ကောင်မလေးနှစ်ယောက် အိုးဘိုအဝိုင်းပတ်ရောက်တော့ မောင်အောင့်ကိုမတွေ့ဘူး။ မရောက်သေးလို့နေမယ်ဆိုပြီး ဖုန်းဆက်တော့လည်း ဖုန်းကမကိုင်ဘူး။ တစ်နာရီကျော်လောက်ကြာအောင်စောင့်တော့လည်း ရောက်မလာ၊ ဖုန်းကလည်းမကိုင်တော့ ရွာပြန်ခဲ့လိုက်တယ်။ မောင်အောင့်မိခင်ကြီး ဒေါ်မြဆီ ဝင်ပြောလိုက်တယ်။ ဖုန်းဆက်မရဘူးပေါ့။

ဒေါ်မြလည်း မောကြီးပန်းကြီးနဲ့ မောင်အောင့်ဆီ ဖုန်းဆက်တယ်။ မကိုင်ဘူး။ ဒါနဲ့ ရွာထဲက အိမ်ထောင်ခွဲ သားနဲ့သမီးဆီ ပြေးတယ်။ မောင်အောင်ဆီဆက်မရတော့ လုပ်ကြပါဦးပေါ့။ အငယ်တွေလည်း အကိုကြီးဘာများဖြစ်သလဲပေါ့။ စိတ်ပူကြပြီ။ စစ်ကိုင်းမှာက ပေါ်တာဆွဲတာတွေကြားရတော့ စိတ်ပူကြတာ။ သူတို့ဖုန်းတွေနဲ့ဆက်တော့လည်း မကိုင်ဘူး။

ဒေါ်မြတို့လည်း စိတ်ပျက်လက်ပျက်နဲ့ပဲ ထိုင်စောင့်ခဲ့ကြတယ်။ ညထပ်ဆက်တော့လည်း ဖုန်းကမကိုင်ခဲ့ဘူး။

နောက်တနေ့တော့ မဖြစ်ချေဘူးဆိုပြီး ဒေါ်မြတို့သားမိတတွေ စစ်ကိုင်းမြို့ပေါ်တက်ခဲ့ကြတယ်။ ဟိုနားမေးဒီနားမေးပေါ့။ ကြားရတာတွေကတော့ မကောင်းခဲ့ဘူး။ ပေါ်တာတအားဆွဲနေတာတဲ့။ တနေရာမှာဆို ကြားခဲ့ရတာများ စိတ်မကောင်းဘူး။ ၁၇၊ ၁၈ လောက်သားကလေး အိမ်မှာထားခဲ့ရင် စိတ်မချလို့ မိခင်က စျေးရောင်းသွားရာတလျှောက် ခေါ်သွားတာ။ စစ်ကောင်စီတပ်နဲ့တည့်တည့်တိုးပြီး ကားပေါ်ဇွတ်ဆွဲတင်သွားခဲ့သတဲ့။ မိခင်စျေးသည်ကြီးက ငိုယိုပြီး ရှိခိုးဦးတင်ပြောတာတောင် လက်မခံဘဲ သားကလေးဟာ ကားပေါ်ပါသွားခဲ့သတဲ့။ ခင်ဗျားသားလည်း ပါသွားတာလားမသိဘူးတဲ့။ ဒေါ်မြ ရူးမတက်ဖြစ်သွားခဲ့တယ်။ သားကြီး ဘာများဖြစ်နေပြီလဲပေါ့။ မြို့ပေါ်ကလူတွေက ထွေအုပ်ရုံးသွားမေးကြည့်ပါလားဆိုတာနဲ့ ဒေါ်မြတို့ စစ်ကိုင်းထွေအုပ်ရုံးကို ကြောက်ကြောက်နဲ့ သွားခဲ့ကြတယ်။

ဒေါ်မြတို့သွားစုံစမ်းရင်ပဲ ထွေအုပ်ရုံးက လူတွေက ဟောက်လိုက်ကြတာများ။ စစ်မှုထမ်းခေါ်တော့ကော ဘာဖြစ်သေးတုန်းတဲ့။ နှစ်နှစ်ပဲ တိုင်းပြည်အတွက် တာဝန်ထမ်းရတာတဲ့။ ဒီလောက်​လေးကို မပေးဆပ်နိုင်ဘူးလားတဲ့။ ဒေါ်မြ ကြားတချက်မကြားတချက်ပဲ။ သားသတင်းကို မရသေးဘူး။ နောက်ဆုံး တပ်မ ၃၃ ထဲ သွားစုံစမ်းလို့ ပြောလိုက်တယ်။

ထွေအုပ်ရုံးထဲကအထွက်မှာ စက်ဘီးတစ်စီးနဲ့ ထမင်းချိုင့်လေးနဲ့ အမျိုးသမီးကြီးတစ်ယောက်လည်း တွေ့တယ်။ သူလည်းမျက်နှာမကောင်းလှဘူး။ သားလေးပျောက်သွားလို့ စက်ဘီးတစ်စီးနဲ့ လှည့်ရှာနေတာတဲ့လေ။

ဒေါ်မြတို့ကို တပ်မ ၃၃ ထဲသွားဖို့ ပြောလိုက်ပေမယ့် ဒေါ်မြကိုလိုက်ပို့တဲ့ သားငယ်လည်းပါနေတာကြောင့် အဖမ်းခံရမှာစိုးလို့ မသွားရဲခဲ့ကြဘူး။ ဒေါ်မြတို့စိတ်ပျက်လက်ပျက်နဲ့ပဲ ရွာပြန်ခဲ့ကြတယ်။

ညနေခင်းလောက်မှာတော့ ဒေါ်မြဆီ ဖုန်းဝင်လာခဲ့တယ်။ သားကြီးမောင်အောင့်ရဲ့နာမည်နဲ့။ ဒေါ်မြဝမ်းသာအားရကိုင်လိုက်တယ်။ “အမေ …သား” မောင်အောင်ဆက်မပြောနိုင်ဘူး။ “အမလေး ငါ့သား ဘယ်ရောက်နေတာတုန်း။ အမေတို့ငါ့သားလိုက်ရှာနေတာ။ အခုဘယ်မှာတုန်း။” ဒေါ်မြ စိတ်ပူပင်စွာနဲ့ ပြောလိုက်တယ်။

“အမေ သား အဖမ်းခံလိုက်ရတာ။ အခုတပ်မ ၃၃ ထဲမှာ။” ဒေါ်မြ မူးလဲမတက်ဖြစ်သွားတယ်။ မောင်အောင် ဖြစ်ကြောင်းကုန်စင်ရှင်းပြတယ်။ ဆွေမျိုးတွေလည်း စုပ်တသက်သက်။ ဘာလုပ်ကြမည်လဲ။

လာတွေ့လို့တော့ရတယ်ဆိုလို့ ဒေါ်မြရယ်၊ သမီးငယ်ရယ်၊ ရွာထဲက ရပ်မိရပ်ဖအမျိုးသားကြီးတစ်ဦးရယ် နောက်တရက်မနက်မှာ တပ်မ ၃၃ ဆီ ရောက်ခဲ့ကြတယ်။ သားက ဘာမှကောင်းကောင်းမစားရလို့ မုန့်ယူခဲ့ဖို့နဲ့ အဝတ်အစားတွေလည်းမှာလိုက်တော့ ယူခဲ့ရတယ်။

ဒေါ်မြဟိုရောက်ရင်တော့ စစ်သားတွေကို ရှိခိုးဦးတင်ပြီး သူ့သား​လေးပြန်လွှတ်ပေးဖို့ ပြောမယ်ပေါ့။ ငွေတောင်းလည်း ရှိသမျှရောင်းချပြီး ပေးမယ်ပေါ့။

တပ်မ ၃၃ ထဲရောက်တော့ သားနဲ့ဆိုက်ဆိုက်မြိုက်မြိုက်တွေ့ခွင့်ရခဲ့ပါတယ်။ သားမျက်နှာလည်း ညှိုးခြုံးနေတာပဲ။ စိတ်မကောင်းစရာကတော့ ဒေါ်မြစိတ်ကူးယဥ်ထားသလို မောင်အောင့်ကို ပြန်လွှတ်ပေးဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးဆိုတာ သိလိုက်ရတယ်။ ဧည့်တွေ့ချိန်ကုန်လို့ နှင်တော့ ဒေါ်မြသားကို ကြည့်ရင်း ရှိုက်ကြီးတငင်ငိုရှာတယ်။ သားလည်း မျက်ရည်ကျတယ်။

တပ်မ ၃၃ ထဲ သင်တန်းတက်နေတုန်း ပထမတစ်လလောက်တော့ ဖုန်းမကြာခဏဆက်တယ်။ ဘာလေးစားချင်လို့ဆို ဒေါ်မြချက်ပြုတ်ပြီး သွားပို့တယ်။ စက်တင်ဘာလဆန်းလောက်မှာတော့ သားကြီးဆီက ဖုန်းရတယ်။ သူတို့ ရှေ့တန်းသွားရတော့မယ်တဲ့။ ဘယ်ပို့မယ်မှန်းတော့မသိသေးဘူးတဲ့။ ဒေါ်မြ ရင်တွေနာရတယ်။ တစ်ပတ်နှစ်ပတ်လောက်အကြာ သားဆီက ဖုန်းရခဲ့တယ်။ လွိုင်ကော်ရောက်နေပြီတဲ့။ သားက ဟိုးအဝေးကြီးကို ရောက်သွားခဲ့ပြီပဲ။ ဒေါ်မြ ဘုရားတရားမမေ့ဖို့ သားကိုမှာခဲ့တယ်။ အဲဒီအခေါက်ဟာ သားနဲ့ နောက်ဆုံးဖုန်းပြောခဲ့ရတဲ့အခေါက်ပါပဲ။

အခုသားနဲ့အဆက်အသွယ်မရတော့တာ ငါးလလောက်ရှိပါပြီ။ သားအငယ်က တောင်သူအလုပ်တွေလာကူပေမယ့် မနိုင်ဘူး။ နွားကျောင်း၊ ဆိတ်ကျောင်းရင်းလည်း သားကြီးကိုသတိရတယ်။ ပဲစင်းငုံရိတ်တော့လည်း သားကြီးကို သတိရတယ်။ “မတက်နိုင်တော့ဘူးလေ။ ကံပဲပေါ့။”လို့ ဒေါ်မြက မသက်မသာပြောတယ်။

ဒေါ်မြတို့ စစ်ကိုင်းတင်မကပါဘူး။ စစ်ကိုင်းတိုင်းထဲက မုံရွာ၊ ရွှေဘို၊ ရေဦးနဲ့ ကန့်ဘလူဒေသတွေမှာလည်း စစ်ကောင်စီတပ်က လူငယ်တွေကို စစ်မှုထမ်းဖို့ ဖမ်းဆီးတာတွေ ပြုလုပ်နေဆဲပါ။ အဓမ္မစစ်သားသစ်စုဆောင်းခံရတဲ့လူငယ်တွေနဲ့ စစ်ကောင်စီက သင်တန်းတွေဖွင့်လှစ်ခဲ့ရာမှာ အခုဆို အပတ်စဥ်(၈)တောင် ရောက်ရှိနေပါပြီ။

သားနဲ့ အဆက်သွယ်မရတော့ပေမယ့် သားရဲ့ဖုန်းနံပါတ်ကို ဒေါ်မြ အားတိုင်းတော့ ကောက်ခေါ်နေတုန်းပါ။ သားဖုန်းကလည်း စက်ပိတ်ထားပါတယ်ချည့်။ တရက်ရက်တော့ သားဖုန်းကိုင်လိမ့်မယ်။ ဒါမှမဟုတ် ဖုန်းပြန်ဆက်လိမ့်မယ်လို့ ဒေါ်မြ မျှော်နေတုန်းပါ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက အတင်းအဓမ္မလူသစ်စုစောင်းခံရသည့် တပ်သားတစ်ဦး လက်နက်နှင့်အတူအလင်းဝင်ရောက်လာကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ - နေပြည်တော်မှ တိုင်း တာဝန်ခံ ကိုနောင်ချိုက လူထုနွေဦးသို့ ပြော သည်။

သတင်း

စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေဖြင့်ညအဓမ္မ​ခ​ခေါ်ယူစု​ဆောင်းသင်တန်းပေးခဲ့သည့် စစ်သင်တန်းဆင်းများကို စိတ်ကြွဆေးများနေ့စဉ်ကျွေး၍ ရှေ့တန်းသို့ပို့ဆောင်နေကြောင်း စုံစမ်းသိရှိရသည်။

သတင်း

People’s Spring စစ်မှုထမ်းဖို့အတွက်ပေါ်တာဆွဲရန်မန္တလေးတိုင်းမှာ စစ်​ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန(လဝက)အပါအဝင် အဖွဲ့စုံဖွဲ့ထား ပြီး​တော့အသက်မပြည့်တဲ့လူငယ်တွေကိုပါ အသက်ပြည့်မှတ်ပုံတင်တွေထုတ်ကာ တခါထဲဖမ်းဆီးသွားမယ်လို့ နီးစပ်သူတွေဆီကသိရပါတယ်။ စစ်သားလိုအပ်ချက်အရ လူငယ်​တွေကို အဓမ္မဖမ်းဆီး စစ်သားသစ်စု​ဆောင်း​နေတဲ့ညစစ်​ကောင်စီဟာ အခုအခါ မန္တ​လေးတိုင်းမှာ လူငယ်​တွေကို​ပေါ်တာဆွဲဖမ်းဆီး​ခေါ်​ဆောင်ဖို့အတွက် လဝက၊​ထွေအုပ်၊အကျဥ်းဦးစီး၊ရဲနဲ့စစ်သားတွေပူးပေါင်းအဖွဲ့ ဖွဲ့စည်းထားတယ်လို့သိရပါတယ်။ “အဖွဲ့စုံဖွဲ့တာတော့ကြာပြီ။မြို့ပေါ်မှာမလုပ်ဖြစ်သေးတာ။တံတားဦးဘက်မှာတော့ အပတ်စဥ် ၆ လောက်ကတည်းကလုပ်နေတယ်”လို့ စစ်ကောင်စီနဲ့နီးစပ်သူတဦးကပြောပါတယ်။စစ်မှုထမ်းဖို့ပေါ်တာဆွဲဖမ်းဆီးချိန်မှာ...

သတင်း

စစ်ကောင်စီတပ်က စစ်မှုထမ်းအပတ်စဉ်လေးခုအတွက် စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ လူငယ် ၁၈၅ဦး ဖမ်းဆီးသွားကြောင်း ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက အသိပေးထုတ်ပြန် သည်။