စစ်တပ်အာဏာသိမ်း ၄ နှစ်ပြည့်ဆောင်းပါး
ကဖေး/People’s Spring
မြန်မာနိုင်ငံမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ သုံး သန်းကျော်ရှိနေပြီး အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာရုံး (UNOCHA)ရဲ့ နောက်ဆုံးထုတ်ထားတဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။
အဲဒီ သုံးသန်းကျော်မှာ ကလေးနှစ်ဦးမိခင်မဇင်မာတစ်ယောက်ပါဝင်ပါတယ်။

Public Service Announcement
မဇင်မာက အညာသူစစ်စစ်ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲက ရွာတစ်ရွာမှာနေထိုင်ပါတယ်။ စစ်တပ်ကနိုင်ငံတော်အာဏာသိမ်းယူပြီးတဲ့နောက်မှ ဖြစ်ပေါ်လာတဲ့လူထုတော်လှန်ရေးနဲ့ပတ်သက်လို့ မဇင်မာမှာ ပြောပြစရာတွေတပုံတစ်ပင်ရှိနေပါတယ်။ သူက ပုလဲမြို့နယ်မှာ လူချစ်လူခင်ပေါများတဲ့ ဒေသကာကွယ်ရေးရဲဘော်တဦးရဲ့ ကြင်သူဇနီးမယားဖြစ်လို့ပါပဲ။
မဇင်မာရဲအမျိုးသားကကိုသန်းကျော်ဖြစ်ပါတယ်။
သူက ၂၀၂၁ ခုနှစ်မှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း လူထုသပိတ်တွေကိုဖြိုခွင်းတော့ ပုလဲနယ်မှာ အစောဆုံးလက်နက်ကိုင်တိုက်ခိုက်သူတွေထဲက တစ်ဦးဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံမှာ အသက် ၉ နှစ် နဲ့ ၃ နှစ်အရွယ် သားနှစ်ဦးရှိပါတယ်။
ရွာစဥ်လှည့်ဈေးရောင်းရင်း မိသားစုကိုရှာကျွေးနေတဲ့ စျေးသည်ကြီးကိုသန်းကျော်ဟာ မဟုတ်မခံသူပီပီ ၂၀၂၁ ခုနှစ် နှစ်လယ်မှာသေနတ်ကိုင်တဲ့ တော်လှန်ရေးရဲဘော်ဖြစ်လာတယ်။နောက်ပိုင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ယင်းမာပင်ခရိုင် တပ်ရင်း(၁၂)မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ပုလဲနယ်က တိုက်ပွဲတွေမှာ ကိုသန်းကျော်ရဲ့ခြေရာလေးရာတွေများခဲ့တယ်။
ကိုသန်းကျော်က ၂၀၂၂ ဇွန်လ ၈ရက်က စစ်ကောင်စီနဲ့တိုက်ပွဲမှာ ကျဆုံးခဲ့ပါတယ်။ အဲ့ဒီအခါ သားသည်နှစ်ဦးမိခင် မဇင်မာတစ်ယောက် မုဆိုးမပေါက်စလေး ဖြစ်လာခဲ့ပါတယ်။
စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲမှာ ခင်ပွန်းဖြစ်သူသေဆုံးသွားတဲ့နောက် သားနှစ်ယောက်ရဲ့စားဝတ်နေရေးအတွက် မဇင်မာက ဘဝတိုက်ပွဲကြိုးဝိုင်းထဲ ရဲရဲကြီးဝင်ခဲ့တယ်။
မဇင်မာတို့နေတဲ့ရွာက ပုလဲမြို့နယ်က နာမည်ကြီး ပျူ စောထီးရွာဖြစ်တဲ့ အင်မထီးရွာနဲ့ တစ်မိုင်ခန့်သာ ဝေးတဲ့ရွာဖြစ်ပါတယ်။ကိုသန်းကျော်က ရွာရဲ့တော်လှန်ရေးခေါင်းဆောင်ဖြစ်ပါတယ်။
ဒါကြောင့် အင်မထီးရွာက စစ်ကောင်စီစစ်ကြောင်းက မဇင်မာတို့ရွာကို အညှိုးတကြီး ဖျက်ဆီးပါတယ်။ အိမ်ခြေ ၁၄၀ လောက်ရှိတဲ့ တစ်ရွာလုံးထွက်ပြေးခဲ့ကြရပါတယ်။
မဇင်မာတို့ရွာ တစ်ကြိမ်ပြေးရရင် လနဲ့ချီကြာပါတယ်။ အခြေအနေတည်ငြိမ်ပြီလို့ယုံကြည်လို့ ရွာပြန်တာနဲ့ အင်မထီးရွာကစစ်ကြောင်းက ထွက်လာပြန်ပါတယ်။ ဒါကြောင့် ရွာကိုမပြန်ရဲကြတော့ဘဲ တောတိုက်တွေမှာ တဲထိုးပြီးနေကြရပါတယ်။
အသက် ၃၀ အရွယ်သာရှိသေးတဲ့ မဇင်မာက မိသားစုစားဝတ်နေရေးအတွက် လယ်ယာတွေမှာ နေ့စား ကောက်သင်းကောက်လိုက်ပါတယ်။ အဲဒီလိုအချိန်မျိုးမှာ သူ့သားနှစ်ယောက်က သစ်ပင်ရိပ်အောက်မှာရှိနေတတ်ပါတယ်။နွေအခါ ရေနံတူးချိန်ဆိုရင်တော့ ကလေးနှစ်ယောက်ကိုလက်ကဆွဲပြီး ရွာကအဖော်တွေနဲ့အတူ ရေနံတွင်းတွေဆီ အပြေးအလွှသွားပြီးရေနံတူး အလုပ်သမ ဘဝကို ဖြတ်သန်းပါတယ်။ အဲဒီအလုပ်က လယ်ထဲဆင်းတာထက်ပိုပြီး ဝင်ငွေပိုရပါတယ်။
“ဘဝကို အကြမ်းခံနိုင်အောင်ကြိုးစားရတာပေါ့”လို့ ဇင်မာကပြောပါတယ်။
ဘဝရဲ့ရုန်းကန်မှုတွေကိုပြောပြနေချိန်မှာသူ့မျက်နှာပေးနဲ့အသံက မာထန်နေပေမဲ့ ကိုသန်းကျော်အကြောင်းကိုပြောတဲ့အချိန်မှာတော့ မျက်နှာညှိုးငယ်သွားတတ်တယ်။ သူတို့က ငယ်ချစ်တွေဖြစ်ကြပြီး တောသူတောင်သားဘဝမှာ သုံးနှစ်သုံးမိုးရည်ငံပြီးကာမှ အကြောင်းပါခဲ့ကြသူတွေပါ။
မဇင်မာပြန်ပြောပြတဲ့ သူနဲ့ကိုသန်းကျော်ရဲ့အတိတ်အချစ်ဇာတ်လမ်းက ရိုမက်တစ်ဆန်ပါတယ်။

အရပ် ၅ပေ ၃လက်မခန့်၊ ပသိုင်းမွေးမုတ်ဆိတ်မွေးတွေ ထူထူထပ်ထဲနဲ့ ဗလတောင့်တောင့်ကိုသန်းကျော်ကရွာစဉ်လှည့်ပြီးဈေးရောင်းတဲ့ဈေးသည်ဖြစ်ပါတယ်။ မဇင်မာက ရွာမှာ ကြုံရာကျပန်းလိုက်လုပ်တဲ့ တောသူမလေးဖြစ်ပါတယ်။ မဇင်မာကို ချစ်ကြိုက်မိကြောင်း စျေးသည်ကြီးကိုသန်းကျော်က ပြောလာတော့ သံသယမရှိပေမယ့် ချစ်ရေးဆိုပြီး ၁နှစ်ကြာမှ အဖြေပေးခဲ့တာပါ။
အဲဒီနောက်ပိုင်း သုံးနှစ်သုံးမိုးကြာပြီးမှ လက်ထပ်ခဲ့ကြတာပါ။ လက်ထပ်ပြီးနောက်ပိုင်းလည်း ကိုသန်းကျော်ကစျေးရောင်းတယ်။ မဇင်မာကအိမ်မှုကိစ္စလုပ်တယ်။ သားနှစ်ယောက်မွေးဖွားတယ်။
ဝင်ငွေနည်းတဲ့မိသားစုလေးဟာ ပုလဲနယ်ကရွာလေးထဲမှာ စိတ်ချမ်းချမ်းသာသာ နေထိုင်ခဲ့ကြရတာပါ။ ဒီအခြေအနေကိုဖျက်ဆီးလိုက်သူက ၄နှစ်တာကာလအတွင်း ပြည်သူခြောက်ထောင်ကျော်ကို သတ်ဖြတ်ထားတဲ့ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ဖြစ်ပါတယ်။
ဈေးသည်ဘဝကနေ ဒေသကာကွယ်ရေး ခေါင်းဆောင်ဖြစ်လာတဲ့ ကိုသန်းကျော်က သူ့အနေနဲ့ လူထုတော်လှန်ရေး အောင်မြင်တဲ့အထိတိုက်ပွဲဝင်မှာဖြစ်လို့ အိမ်ထောင်ဦးစီးတစ်ယောက်ရဲ့တာဝန်တွေလစ်ဟင်းတဲ့အခါ ခွင့်လွှတ်ဖို့ ပြောပါတယ်။
သူ့ရဲ့သားနှစ်ယောက်အပါအဝင် ကလေးတွေအားလုံးရဲ့အနာဂတ်အတွက် တိုက်ပွဲဝင်တာဖြစ်တယ်လို့ ကိုသန်းကျော်ကပြောခဲ့ပါတယ်။ သူတို့တွေ ပညာကောင်းကောင်းမသင်ခဲ့ရတဲ့အဖြစ်မျိုး ကလေးတွေကိုအဖြစ်မခံနိုင်ဘူးလို့ ဆိုပါတယ်။
ဒီလိုနဲ့ ၂နှစ်ကျော် တိုက်ပွဲတွေဝင်ရင်း ကိုသန်းကျော်က ၂၀၂၃ ဇွန်လ ၈ရက်က တိုက်ပွဲမှာ ကျဆုံးသွားခဲ့ပါတယ်။သားငယ်လေးမွေးပြီး လေးလအကြာမှာ ကိုသန်းကျော်ကျဆုံးခဲ့တာပါ။ အဲ့ဒီနေ့က အညာမှာ မိုးတွေသည်းနေခဲ့ပြီး ဇွန်လမိုးနဲ့အပြင် မဇင်မာငိုကြွေးခဲ့ရပါတယ်။
ကိုသန်းကျော်ကို သိပ်ချစ်တဲ့မဇင်မာက ယောက်ျားဖြစ်သူကိုသတိရတိုင်း စာတိုပေစ လေးတွေချရေးပါတယ်။ ဌာန်ကရိုဏ်း သိပ်မကျလှတဲ့ သူ့လက်ရေးလေးတွေနဲ့ ကိုသန်းကျော်အတွက်လွမ်းတေးတစ်ပုဒ်ကိုပါ ရေးခဲ့ပါသေးတယ်။ အဲဒီသီချင်းကို ရွာရန်ရာနှုန်းပြည့်လို့ မဇင်မာကအမည်ပေးခဲ့ပါတယ်။သူ့ရဲ့မူပိုင်အဲဒီသီချင်းကို တီးလုံးမပါဘဲ စစ်ရှောင်တဲထဲမှာ မဇင်မာညည်းဆို နေတတ်ပါတယ်။ သူရင်ထဲကလာတဲ့သီချင်းလေးကို “ရွာရန်ရွာနှုန်းပြည့်”လို့အမည်ပေးထားပါတယ် ။
“ကိုသန်းကျော်တိုက်ပွဲကျသွားတဲ့အကြောင်း မိုးတွေရွာတဲ့နေ့က ကျမကြားခဲ့ရတာ။ ကျမအရမ်းလွမ်းဆွတ်လို့သီချင်းလေးရေးခဲ့တာ။ မိုးရွာလို့ရှိရင် ကလေးတွေကိုကြည့်ပြီး ဝမ်းနည်းမိတယ်လေ။ သူတို့ အဖေသာရှိရင်ဆိုပြီး စိတ်မကောင်းဖြစ်ရတယ်” လို့ မဇင်မာကဆိုပါတယ်။

သူကဆက်ပြီး “ကိုသန်ကျော် ဆုံးပါးတာ အင်္ဂလိပ်လို၆လပိုင်း ၈ရက်နေ့မှာ ၃နှစ်ပြည့်မယ်” လို့ ပြောပါတယ်။ အဲ့ဒီလောက်အထိ သူချစ်ရှာတယ်။
မဇင်မာကိုပိုပြီး လွမ်းတာကျစေတဲ့အဖြစ်အပျက်တစ်ခုလည်း စစ်ဘေးပြေးရင်းလွှားရင်းကြုံရပြန်ပါတယ်။ ကိုသန်းကျော်ကွယ်လွန်ပြီးလအနည်းငယ်အကြာမှာ ထူးဆန်းတဲ့အိပ်မက်တစ်ခုကို မဇင်မာမက်တယ်။
အိပ်မက်ထဲမှာ ကိုသန်းကျော်က မိသားစုထံကို သူပြန်လာမှာဖြစ်ကြောင်းနဲ့ ရွာရဲ့မြောက်ဘက်ပိုင်းက အစ်မဖြစ်သူဆီမှာ လူဝင်စားမှာလို့ပြောသွားတယ်လို့ ဆိုပါတယ်။ ၇လခန့်အကြာမှာ ရွာမြောက်ပိုင်းမှာနေတဲ့ ကိုသန်းကျော်ရဲ့အမဝမ်းကွဲတဦးက ကိုယ်ဝန်လွယ်ရပြီး သားယောက်ျားလေးမွေးဖွားခဲ့ပါတယ်။ အဲဒီကလေးရဲ့ ခြေထောက်တစ်ဖက်မှာ ကိုသန်းကျော်ရဲ့ ခြေထောက်လိုပဲ အမှတ်ကြီးတစ်ခု ထင်းထင်းကြီးပါလာပါတယ်။ အဲဒီကလေးကို ကိုသန်းကျော်ဝင်စားတာလို့ မဇင်မာနဲ့ တရွာလုံးက ယုံကြည်ကြတယ်။
“အခုဆို အဲဒီကလေးတောင် စကားပြောတဲ့နေပြီ။ နင့်မိန်းမဘယ်မတုန်းဆိုရင် ကျွန်မကိုလက်ညှိုးထိုးပြတယ်။ ဇင်မာ့ယောက်ျားကဘယ်သူလဲလို့မေးရင် ကျုပ် ကျုပ်လို့ဖြေတယ်”
ယုံကြည်မှုနဲ့အတူ သူကြုံတွေ့နေရတဲ့ အခြေအနေကို မဇင်မာက ပြောပြတာပါ။ အဲ့ဒီကလေးဆီလည်း မကြာမကြာသွားပြီးကြည့်လေ့ရှိပြီး မြင်တွေ့တိုင်းမှာလည်း ကိုသန်းကျော်ကိုလွမ်းဆွတ်မိတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် စိန်ပြေနပြေလွမ်းဆွေးနေဖို့ သူ့မှာအချိန်မရှိရှာပါဘူး။ ဆွေမျိုးတွေရှိပေမယ့် စစ်ဒဏ်သင့်ဒေသမို့ အားလုံးဒုက္ခရောက်နေချိန်မှာ သားနှစ်ယောက်အတွက် သူ ပိုရုန်းကန်ရပါတယ်။ စစ်ကောင်စီစစ်ကြောင်းရန်ကို ရှောင်ရပါတယ်။
“ရွာပြန်လို့မရဘူးတောထဲပဲနေတော့တယ်။ဒုက္ခတွေ ရောက်ပေမယ့် ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး” လို့ မဇင်မာကဆိုပါတယ်။
တောတိုက်မှာ တစ်ခါတစ်ရံနေမကောင်းဖြစ်ရင် ဆေးမိတိုနဲ့ပဲ ကိုထူကိုယ်ထကုသကြရပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ရံဖန်ရံခါ ဆေးလာစစ်ပေးပါတယ်။ အဲဒီအခါမှာ မဇင်မာတို့နေတဲ့တိုက်ကလေးက ရေမောသံတွေနဲ့အတူ စည်စည်ကားကားရှိတတ်ပါတယ်။
အဲဒီအပြင် ကိုသန်းကျော်ရဲ့ သူငယ်ချင်ရောင်းရင်း၊ ရဲဘော်ရဲဘက်တွေနဲ့ ဆုံတိုင်း သူ့ကိုအမြဲအားပေးသွားတယ်လို့ မဇင်မာကပြောပါတယ်။ လူထုအောင်ပွဲရဖို့အတွက် လက်တကမ်းသာလိုတော့တယ်လို့ အားပေးသွားခဲ့ပြီး အမှန်တကယ်လည်းယုံကြည်မှုရှိတယ်လို့ သူကဆိုပါတယ်။
စစ်တပ်က သူတို့ရွာတွေဘက်ကို ဖုန်းနဲ့ အင်တာနက်တွေဖြတ်တောက်ထားတာမို့ အခုဆိုရင် တော်လှန်ရေးတပ်တွေက မြို့ပေါင်း ၁၀၀ လောက်ကိုသိမ်းပိုက်ထားနိုင်တယ်ဆိုတဲ့သတင်းမျိုးတွေသူမသိပါဘူး။
စစ်ဘေးရှောင်ဘဝမှာ မဇင်မာလည်း အများနည်းတူ အိမ်ကို ပြန်ချင်ရှာပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေတွေကိုလည်း သူကနားလည်ထားပါတယ်။
ကိုသန်းကျော်အတွက် အမျိုးသားညီညွတ်ရေးအစိုးရရဲ့အစီအမံနဲ့ ထောက်ပံ့မှုတချို့လည်း သူပါခဲ့ပါတယ်။ ကိုသန်းကျော်နဲ့တိုက်ပွဲဝင်ခဲ့တဲ့ ကာကွယ်ရေးရဲဘော်တွေကလည်း မဇင်မာအပေါ် လေးစားချစ်ခင်ကြပါတယ်။
“သူက သိပ်ရိုးရှင်းတယ်။တော်လှန်ရေးအပေါ် သူ့ယောင်္ကျားနည်းတူ ယုံကြည်ချက်ရှိတယ်” လို့ ယင်းမာပင်ခရိုင်တပ်ရင်း(၁၂)တပ်ရေးတာဝန်ခံကိုနေမင်းကပြောပါတယ်။
အခုဆိုရင် ကိုသန်းကျော်ကွယ်လွန်ခဲ့တာ ၂နှစ်ကျော်ခဲ့ပြီဖြစ်ပါတယ်။ မဇင်မာကတော့ သားနှစ်ယောက်နဲ့အတူ ဘဝကို ကျေကျေနပ်နပ်ကြီးရုန်းကန်နေပါတယ်။
ပုလဲနယ်ရဲ့တောတိုက်တစ်နေရာမှာသားနှစ်ယောက်ကို လက်တစ်ဖက်ဆီကနေ ကထစ်ခွင်ပြီး စာသင် ကျောင်းကိုလိုက်ပို့ပေးတဲ့ မဇင်မာကို မကြာခဏတွေ့တယ်လို့ ဒေသကာကွယ်ရေးရဲဘော်တဦးကပြောပါတယ်။
သူ့သား ၂ ယောက်ကို သူတို့အဖေဖြစ်စေချင်သလို စစ်ကျွန်ပညာရေးစနစ်အောက်မှာ ပညာအသင်ရပဲ ၊လွတ်လပ်ပြီးစနစ်ကျတဲ့ပညာသင်ကြားခွင့်မျိုးရစေချင်တယ်လို့ သူကဖွင့်ဟပါတယ်။
ပြည်သူ့တော်လှန်ရေးအောင်မြင်ဖို့ဆိုရင် အလွှာအသီးသီးကလူထုအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ထောက်ပံ့မှုတွေပိုလုပ်ဖို့အပ်တယ်လို့ မဇင်မာက ပြောပါတယ်။
လူထုအနေနဲ့ ထောက်ပို့တာဝန်ကျေဖို့အရေးကို “ဒါက ကျွန်မသိတဲ့အမှန်တရားပဲ”လို့ သူကပြောပြီး
“တစ်နေ့နေ့တော့ အမေစုလွတ်ပြီးတော့ ကိုယ့်ရွာမှာအေးအေးချမ်းချမ်း နေရမယ်လို့တော့မျှော်လင့်ထားတယ်” လို့ ဆိုပါတယ်။ ။
