တာရာ/People’s Spring
အသက်၂၇ အရွယ်ကိုတင်ရီ(အမည်လွဲ)တယောက်ကြောက်ရွံ့တုန်ရီနေပါတယ်။ ကြောက်ရွံ့မှုကို ဖုံးကွယ်ရန် ဖက်ကြမ်း ဆေးပေါ့လိပ်တိုကို တွင်တွင်ဖွာနေပါတယ်။ ဆေးလိပ်မီးခိုးများကို ခပ်ဝေးဝေးရောက်အောင်အကြိမ်ကြိမ်မှုတ်ထုတ်ရင်း သူရဲ့ ကြောက်လန့်စိတ် သက်သာအောင် ကြိုးစားနေပါတယ်။
ဒါပေမယ့် ကြောက်စိတ်ကြောင့် လက်ကြားညှပ်ထားတဲ့ ဆေးပေါ့လိပ်ကိုပါ တဇတ်ဇတ်ခါရမ်းနေစေပါတယ်။ အညာဆောင်းရဲ့ အအေးဒဏ်က အကြောက်ကြီးနေတဲ့ကိုတင်ရီကို တချက်ချက်တုန်တက် သွားစေပါတယ်။
ကိုတင်ရီဟာ မင်းဘူးခရိုင်ထဲက ကျေးရွာတစ်ရွာကဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်ဒီဇင်ဘာလလဆန်းပိုင်းက မင်းဘူးမြို့နယ်ရွှေစက်တော်ဘုရားအနီးမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ထိပ်တိုက်တိုးလို့ ဖမ်းဆီးခဲ့တဲ ပြည်သူ ဆယ်ဦးကျော်ထဲကတစ်ဦးဖြစ်ပါတယ်။ ကိုတင်ရီအပါအဝင် ဖမ်းဆီးခဲ့တဲ့ ပြည်သူတွေကို စစ်တပ်က လူသားဒိုင်းအဖြစ်အသုံးပြုခဲ့တာပါ။

Public Service Announcement
သူတို့ကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ရွာထဲမှာပဲ ဖမ်းဆီးချုပ်နှောင် ရိုက်နှက်စစ်ဆေးခဲ့ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေကို မြင်ဖူးရုံမှ အပ ဘာသတင်းအချက်အလက်မှ တိတိကျကျမပြောနိုင်လို့ သူတို့ကိုစစ်သားတွေကကြိမ်ဖန်များစွာထိုးကြိတ်ရိုက်နှက်ပါတယ်။
စစ်သားတွေက ကိုတင်ရီတို့ကိုဆေးလိပ်မီးတွေနဲ့လည်းထိုးပါတယ်။ သူ့တိုကို တရက်ကို ထမင်းတနပ်ပဲကြွေးပြီး အချိန်ပြည့်ကြိုးတုတ်ထားတာပါ။ ထမင်းကိုတောင် ကိုယ့်လက်နဲ့ကိုယ်စားခွင့်မပေးပဲ စစ်သားတွေကပဲ ခွံကြွေးခဲ့တာပါ။ အပေါ့အပါးသွားချင်ရင်တောင် ကြိုးမဖြည်ပေးခဲ့ဘူးလိုသူကပြောပါတယ်။
စစ်သားတွေက သူတို့ကို ကြိုးတုတ်ဖမ်းဆီပြီးတဲ့နောက်မှာ နေအိမ်တွေကို မီးရှို့ခဲ့ပါတယ်။ စစ်ကောင်စီတပ်က ရွာတွေကိုမီးရှို့တာ၊ ပြည်သူ့အိမ်တွေက ပစ္စည်းတွေ ခိုးယူတယ်ဆိုတာ အပြောမဟုတ်ပဲ လက်တွေ့ဆိုတာ မျက်ဝါးထင်ထင်မြင်တွေ့ရပါတော့တယ်။ အရင်ဒါတွေကို လူမှုကွန်ယက်တွေမှာ ရုပ်သံတွေက မြင်ဖူးပေမယ့် ယခုအခါ ကိုယ်တိုင်ကြုံတွေ့ခဲ့ရလို့ စစ်တပ်ကို တော်တော်လေး ရွံရှာမုန်းတီးသွားပါတယ်။
“ငါတို့ ကြားထားတာတွေက တကယ်ပါလားလို့တွေးတာပေါ့။ သူတို့က အမုန်းတရားနဲ့ ပြည့်ပြီး သွေးဆာနေတဲ့ လူ့ဘီလူးတွေလိုပဲ။မျက်နှာတွေက ခက်ထန်ကြမ်းတမ်းနေတာပဲ။ ကြည့်ရင်းကြောက်လာတယ်”ဟု ကိုတင်ရီကဖွင့်ဟပါတယ်။
ရွာထဲမှာ တညအိပ်ပြီးနောက်တနေ့မှာတော့ PDF တွေ နေထိုင်တယ်လို့ သူတို့သတင်းရထားတဲ့ တောထဲကို စစ်သားတွေက စစ်ကြောင်းနဲ့သွားပါတယ်။ ဒီစစ်ကြောင်းမှာ ဖမ်းမိထားတဲ့ ပြည်သူ့များအနက် ကိုတင်ရီနဲ့ အခြားရွာသားတစ်ဦးကို လက်ပြန်ကြိုးတုတ်ပြီး လူသားဒိုင်းကာအဖြစ် စစ်သားတွေရဲ့ရှေ့ကနေသွားခိုင်းတာပါ။
PDF တွေရဲ့ စခန်းတွေကို လိုက်ပြဖို့ အတင်းအဓမ္မခိုင်းပါတယ်။ လမ်းပြခိုင်းတဲ့အပြင် စစ်ကြောင်းရှေ့ကသွားခိုင်းကာ မိုင်းကွင်းလိုထင်တဲ့နေရာတွေကို ဖြတ်နင်းခိုင်းခဲ့ပါသေးတယ်။
“ကျွန်တော်တို့ကို လက်ပြန်ကြိုးတုတ်ပြီး သူတို့(စစ်သား)က အရှေ့ ပေ ၅၀၀ လောက်သွားခိုင်းတယ်။ သူတို့က နောက်ကလိုက်တယ်လေ။” လို့ ကိုတင်ရီက ပြောပါတယ်။
ဒီအချိန်မှာ သူက အကြောက်ဆုံးက ကာကွယ်ရေးအဖွဲ့တွေကြားဖြတ်တိုက်ခိုက်မှာလို့ သူကပြောပါတယ်။ မိုင်းတွေ ထပေါက်မှာလည်း အရမ်းကြောက်ခဲ့ရတယ်လို့ ဆိုပါတယ်။ ကြောက်လန့်စိတ်ကြောင့်လမ်းလျှောက်ရင်း သေးထွက်ကျတဲ့ အထိ ဖြစ်ခဲ့ရတယ်လို့လည်း သူကပြောပါတယ်။
“ကျွန်တော်ကတော့ သွားပြီ သေပြီလိုတွက်လိုက်တယ်။ PDF တွေက မိုင်းတွေ ထောင်ထားတယ်ဆိုတလည်း ကြားထားရတာကိုး”လို့ သူကဆက်ပြောပါတယ်။
ဒါပေမယ့် သူတို့သွားတဲ့နေရာမှာ PDF တွေကိုမတွေ့ရပါဘူး။ PDF တွေကို မတွေ့လို့ဆိုပြီး သူတို့ကို စစ်သားတွေက ဝိုင်းပြီးရိုက်နှက်ကြပြန်ပါတယ်။ရိုက်နှက်ခံရတာတွေကြောင့်သူမျက်နှာက ဖူးယောင်ပြီး မျက်လုံးတစ်လုံးက မမြင်ရတော့ပါဘူး။ အင်အား ၁၃၀ ခန့်ပါတဲ့ စစ်ကြောင်းက ကင်းကျတဲ့ စစ်သားတွေမှ အပ ကျန်သူတွေက သူတို့ကိုရိုက်နှက်ခဲ့တာလို့ ကိုတင်ရီကပြောပါတယ်။
“ဒီသုံးရက် (ဖမ်းဆီးခံထားရတဲ့ ရက်)က တကယ်ငရဲကျနေသလိုပါပဲ။ နေသေမလား ညသေမလား မသိခဲ့ဘူး။ ညတိုင်းမူးလာရင် မထင်ရင် မထင်သလို့ စစ်သားတွေက လာရိုက်သေးတယ်”ဟုသူကပြောပါတယ်။
သူရဲ့ လိင်အင်္ဂါကိုလည်းဖြတ်ပစ်မယ်လို့ အကြိမ်ပေါင်းများစွာခြိမ်းခြောက်ခံရပါသေးတယ်။နောက်ဆုံးမှာတော့ ကိုတင်ရီတစ်ယောက် ဒီအတိုင်းသေမယ့် အတူတူ ထွက်ပြေးရင် လွတ်နိုင်သေးတယ်လို့ စိတ်ကိုပိုင်းဖြတ်ပြီး စစ်သားတွေ အလစ်မှာ ထွက်ပြေးပါတော့တယ် ။
သူတို့နှစ်ဦးကို စစ်ကောင်စီလက်ထဲမှာလူသားဒိုင်းအဖြစ် ၃ ရက်ကြာ ဖမ်းဆီးနှိပ်စက်ခံရပြီးလေးရက်မြောက်နေ့မှာတော့ စစ်သားတွေလက်ထဲက ထွက်ပြေးနိုင်ခဲ့တာပါ။ သူကတော့ ကိုယ်လွတ်ရုန်းနိုင်ပေမယ့် အခြားလူတွေကတော့သေသလား၊ရှင်သလား မသိရတော့ဘူးလို့ ကိုတင်ရီကပြောပါတယ်။
ထွက်ပြေးချိန်မှာလည်း လက်ပြန်ကြိုးတန်းလန်းနဲ့ပဲပြေးတာပါ ။ လမ်းတနေရာရောက်မှစစ်ဘေးရှောင်ပြည်သူတချို့နဲ့တွေ့လို့ ကြိုးဖြည့်ပေးနိုင်ခဲ့တာပါ။
စစ်တပ်က ကိုတင်ရီတို့ကို လူသားဒိုင်းလုပ်ပြီးရှေ့ကသွားခိုင်းစေပြီးရွာထဲကို ချောင်းဖြတ်ပြီးဝင်လာတာကို PDF တွေက မြင်တွေ့ခဲ့ကြပါတယ်။ ဒါကြောင့် တိုက်ပွဲဖော်ဖို့ အသင့်အနေထားရှိပေမယ့် ရွာသားတွေကို ဓါးစာခံလုပ်လာတဲ့အတွက် ဆီးကြိုမပစ်ခဲ့ကြပဲ မတိုက်ခဲ့တာလို့ အဲဒီဒေသမှာတာဝန်ကျနေတဲ့ ခရိုင်တပ်ရင်းတစ်ခုမှ တပ်စုမှုးက အဖြစ်မှန်ကိုပြောပါတယ်။
PDF တွေဟာ စစ်ရေးဗျူဟာအရပစ်ကွင်းကောင်းတဲ့ တောင်ကုန်းတခုမှ နေရာ အသင့်ယူထားပြီး သတ်ကွင်းဖော်ထားတာပါ ။ဒါပေမယ့်စစ်တပ်က ရွာသားတွေကို ဓါးစာခံလုပ်ပြီး တက်လာတဲ့အတွက် ပစ်ရင်လည်း ဓားစာခံပြည်သူတွေပဲ ရှေ့ကထိမှန်ကုန်မှာလို့ သူကပြောပါတယ်။
“ကိုယ့်ပြည်သူကို ကိုယ်ပြန်ပစ်ရမှာ ချီတုန့်ချတုန်ဖြစ်တာပေါ့။နောက်ဆုံးတွေ ရဲဘော်တွေကို ပစ်မိန့်မပေးဘဲ နောက်ဆုတ်ခိုင်းလိုက်တာပါ။”လို့ တာဝန်ကျ တပ်စုမှူးကပြောပါတယ်။
တကယ်တော့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ဖို့ နဲ့ သေနတ်မဖောက်ပဲ နောက်မဆုတ်ဖို့ အမိန့်ကို တပ်ရင်းတာဝန်ရှိသူတွေက တပ်စုမှူးထံကို ညွန့်ကြားထားတာပါ။ တိုက်မိုင်းတွေကိုလည်း ဓါးစာခံပြည်သူတွေထိခိုက်မှာစိုးရိမ်တဲ့အတွက် ထပ်မထောင်တော့ဘဲ ထောင်ထားတဲ့မိုင်းတွေကိုပါပြန် ဖြုတ်ခဲ့တယ်လို့ တပ်စုမှူးကဆိုပါတယ်။
“ရွာထဲက ထွက်ဆိုတုန်း မထွက်ပဲ ပေကပ်နေလို့ အခုလိုဖမ်းခံရလေ။ ထိုင်ဆဲနေရုံက လွဲပြီး ဘာမှမလုပ်နိုင်ဘူးလေ။ ဓါးစာခံပြည်သူကိုပါ တွေ(စစ်သားတွေ)နဲ့ ရောနှောပြီးပစ်ဖို့ခတ်ဖို့ မလုပ်ရဲဘူးလေ”ဟု တပ်စုမှူးကဆိုပါတယ်။
ဒီအကျိုးဆက်အရ ကာကွယ်ရေးတပ်တွေ ထိန်းထားတဲ့ နယ်မြေတချို့ကို စစ်ကြောင်းကဝင်ရောက်ကာ နယ်မြေရှင်းလင်းရေးလုပ်ခွင့်ရသွားတယ်လို့ သူကဆကိပြောပါတယ်။
ဒါကြောင့် အထက်တာဝန်ရှိသူက တပ်စုမှူးကိုအပြစ်ပေးတာ ခံခဲ့ရတယ်လို့ သူကပြောပါတယ်။ ဒါပေမယ့်အဲဒီပြစ်ဒဏ်က အသက်သာဆုံးဖြစ်ပါတယ်။ တပ်ရင်းက တာဝန်ရှိသူတွေကလည်း အခြေအနေတွေကို နားလည်လို့ သက်သက်ညှာညှာပြစ်ဒဏ်ပဲပေးခဲ့ကြတာလို့ သူကဆိုပါတယ်။
စစ်ကောင်စီတပ်ကတော့ ရွာသားတွေကို ဖမ်းဆီးပြီး ဓါးစာခံလုပ်တာ၊ မိုင်းကွင်းဖြတ်ခိုင်းတာ အမြဲတမ်းလုပ်လေ့လုပ်ထရှိတဲ့ စစ်တပ်ရဲ့ လူသားဒိုင်းလုပ်နေကြပုံစံတစ်ခုလိုဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ခရိုင်တပ်ရင်းတခုမှ တာဝန်ရှိသူဦးကပြောပါတယ်။
စစ်တပ်ကို အကောင်းဆုံးတိုက်ခိုက်နိုင်ပေမယ့်ပြည်သူတွေကို ဓါးစာခံလုပ်လာတဲ့ အခါ စစ်ရေးရည်မှန်းချက်တွေ ထက် ပြည်သူ့အသက်ကိုဦးစားပေးလိုက်ရတာမျိုးတွေကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) တွေကြုံတွေ့နေရတဲ့ ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေလို သူကဆိုပါတယ်။
ကံကြမ္မာဟာတခါတရံထူးဆန်းလှပါတယ်။ ကိုတင်ရီဟာသူ့ကို စစ်တပ်ကလူသားဒိုင်းလုပ်ထားချိန်မှာ မပစ်ရက်ခဲ့တဲ့ PDF တပ်စုမှူးနဲ့ တွေ့ခွင့်ရလိုက်ပါပြီ။ အဖြစ်မှန်ကိုသိသွားပြီးတဲ့နောက်ဒီတပ်စုမှူးလိုပဲ ပီဒီအက်တစ်ယောက်ဖြစ်ချင်နေပါပြီ။ လူသားဒိုင်းအလုပ်ခံရတဲ့ အချိန်တွေကို ပြန်တွေးမိလိုက်တိုင်းကြောက်စိတ်ဝင်သလို ၊ပြည်သူတွေအပေါ် ရက်စက်လှတဲ့ စစ်သားတွေကိုပြန်တိုက်ဖို့ ကိုတင်ရီ တယောက်သံဓိဌာန်ချလိုက်ပြီဖြစ်ပါတယ်။
“အခုတော့ ကြောက်နေတာတွေက ဒီကောင်တွေကို သေနတ်ကိုင်တိုက်ဖို့ ခွန်အားတွေဖြစ်နေပါပြီ”ဟု ကိုတင်ရီကပြောလိုက်ပါတယ်။ ။
