မေ-၂၉၊၂၀၂၆။ ထားမြတ်/People’s Spring
မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ မင်းဘူး-အမ်း လမ်းပိုင်းပေါ်မှာ စစ်တပ်ရဲ့ ထောက်ပို့ကား တစီးကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီသေဆုံးထိခိုက်ရှိခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းရခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက သတင်းဓာတ်ပုံတွေနဲ့အတူထုတ်ပြန်လိုက်ပါတယ်။
မေလ ၂၈ရက်မှာ စစ်တပ်ထောက်ပို့ယာဉ်ကို မင်းဘူး မြို့နယ် ပကဖ၊ CDF-Asho၊ NSA လူ့ဘောင်သစ် တပ်မတော်တို့က မိုင်းဆွဲတိုက်ခိုက်ရာ ရန်သူ (၆) ဦး သေဆုံး၊ (၃) ဦး ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တာလို့ ဖော်ပြထားပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှု အပြီးမှာ ထိတွေ့တိုက်ပွဲ မိနစ် ၂၀ ကြာဖြစ်ခဲ့ကြောင်း အသိပေးထားပါတယ်။

Public Service Announcement
တိုက်ပွဲအပြီး စစ်တပ် ထံမှ အူဇီ (၃) လက်၊ MA-1 (၂) လက်၊ MA-2 (၁) လက်၊ ၅.၅၆ ကျည် လက်ဆွဲဘောက် (၁) လုံး၊ ၁၂၂ မမ MLRS ရော့ကတ် ပို့ယမ်း သေတ္တာ (၆) လုံး နဲ့ ၁၂၂ မမ MLRS ရော့ကတ်(၂၈)လုံးသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓါတ်ပုံတွေနဲ့တကွ ဖော်ပြပါတယ်။စစ်တပ်ရဲ့ စစ်ကားကိုပါတော်လှန်ရေးတပ်တွေကတိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပါတယ်။
အခုစစ်ဆင်ရေးဟာ စစ်ကောင်စီ စိုးမိုးနယ်မြေအတွင်း ရန်သူ့တပ်အနီးမှာ လုပ်ခဲ့တာ ဖြစ်ကြောင်း NUG ကာကွယ်ရေးက ထုတ်ပြန်ပါတယ်။ ဒါဟာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နဲ့ ပူးပေါင်းတပ်ဖွဲ့များရဲ့ တိုက်ခိုက်ရေး စွမ်းရည်ကို ပြသနိုင်ခဲ့ခြင်းဖြစ်တယ်လို့ ဖော်ပြပါတယ်။
NUG ကာကွယ်ရေး ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ရုံးချုပ် ဒုတိယ စစ်ဦးစီးအရာရှိချုပ် ဒေါက်တာစိုးသူရဇော်ကလည်း နိုင်ငံတဝန်းတိုက်ပွဲတွေမှာ စစ်တပ်က အကျအဆုံးအထိအခိုက်များစွာရှိနေကြောင်း မနေ့က မေလ ၂၈ရက်ညပိုင်းမှာ အသိပေးထားပါတယ်။
”စစ်မြေပြင်မှာ ရန်သူဘက်က အကျအဆုံး အင်မတန်များပါတယ်။တနေရာ/ နှစ်နေရာမှာဘဲ ဒီလို ဖြစ်နေတာ မဟုတ်ပါဘူး ။မြန်မာတနိုင်ငံလုံးက စစ်ဂွင်အသီးသီးမှာ ရန်သူဘက်က အကျအဆုံး အထိအခိုက်ဟာ ကြောက်ခမန်းလိလိ ဖြစ်ပါတယ် ။ တရားဝင် သတင်းမထုတ်ပြန်ပေမယ့် ကျွန်တော်တို့ဆီ တက်လာတဲ့ Daily Report တွေအရ နေ့စဉ်တိုက်ပွဲအသီးသီးကနေ သိမ်းဆည်းရမိတဲ့ ရန်သူ့အလက် ၊ အလောင်းတွေဟာ မနည်းပါဘူး” လို့ ဒေါက်တာစိုးသူရဇော်ကပြောပါတယ်။
ဒါကြောင့် အာဏာသိမ်းစစ်တပ်ရဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းမှု မခံရအောင် ရှောင်ဖို့၊ တကယ်လို့ စုဆောင်းခံရရင် လွတ်အောင်ပြေးဖို့ ၊လွတ်လမ်းမရှာနိုင်ဘဲ စစ်မြေပြင် ရောက်လာရင် တော်လှန်ရေးဘက် ကူးပြောင်းပြီး လက်နက်ချဖို့ တိုက်တွန်းထားပါတယ်။

























































