Connect with us

Hi, what are you looking for?

ဆောင်းပါး

ဘုရားနီလမ်းမှာ သွေးစွန်းတဲ့နေ့

လွန်ခဲ့တဲ့ လေးနှစ် ၂၀၂၁ ခုနှစ် မတ်လ ၃ ရက်နေ့က မုံရွာမြို့ပေါ်မှာပြုလုပ်ခဲ့တဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲဟာ မုံရွာလူထုအတွက် မေ့မရတဲ့နေ့တနေ့ပါ။

၂၀၂၁ မတ်လ ၃ ရက်​နေ့က မုံရွာဘုရားနီလမ်းမှာ စစ်တပ်က ဆန္ဒပြ ပြည်သူ​တွေကို အကြမ်းဖက်ပစ်ခတ်ဖြိုခွင်း​နေစဥ်။ဓါတ်ပုံ-CJ

ဟာနာဆန်/People’s Spring

လွန်ခဲ့တဲ့ လေးနှစ် ၂၀၂၁ ခုနှစ် မတ်လ ၃ ရက်နေ့က မုံရွာမြို့ပေါ်မှာပြုလုပ်ခဲ့တဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲဟာ မုံရွာလူထုအတွက် မေ့မရတဲ့နေ့တနေ့ပါ။

အာဏာသိမ်းသက်တမ်း တစ်လကျော်အကြာ တနိုင်ငံလုံးက ဆန္ဒပြပြည်သူတွေကို စစ်ကောင်စီတပ်က အကြမ်းဖက်သတ်ဖြတ်ဖြိုခွင်းနေတဲ့အချိန် ဖြစ်ပေမဲ့ မုံရွာလူထုဟာ မကြောက်မရွံ့ လမ်းပေါ်ထွက်လာခဲ့ကြတယ်။ စစ်တပ်ကလည်း အင်အားအများအပြားနဲ့ လက်နက်တွေမှာ ကျည်အပြည့်ဖြည့်ပြီး ပြည်သူကို ရန်သူအဖြစ် အဆင်သင့်ပြင်ဆင်ခဲ့ကြတယ်။

ဘုရားနီလမ်းဆုံ အရောက်မှာတော့ စစ်ကောင်စီတပ်နဲ့ ဆန္ဒပြပြည်သူတွေ ထိပ်တိုက်တွေ့ပါပြီ။ လက်နက်မဲ့ပြည်သူတွေဟာ စစ်တပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကို ရက်ရက်စက်စက်ခံခဲ့ကြရတယ်။

Public Service Announcement

Public Service Announcement

အဲဒီနေ့က ဘုရားနီ အနီး သပိတ်စစ်ကြောင်းကို စစ်တပ်က အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုကြောင့် လူသိများထင်ရှားတဲ့ ကဗျာဆရာ ​ကေဇဝင်းအပါအဝင် သူရဲ​ကောင်း ၉ ဦးအထိ ကျဆုံးခဲ့ပါတယ်။

မောင်ဇင်မျိုးမောင်(၁၈ နှစ်)၊မောင်မင်းခန့်ကျော်(ခ) မောင်ဖိုးသဲ (အသက် ၁၇ နှစ်)၊ ကိုဇော်သိန်းအောင် (၂၀ နှစ်)၊ မကျော့နန္ဒာအောင် (၂၅ နှစ်)၊ ကိုမိုးအောင် (၂၃ နှစ်)၊ ကိုဝေယံ (ခ)ကိုကံချွန် (၂၅ နှစ်)၊ ဆရာမ ဒေါ်မြင့်မြင့်ဇင် (ခ) ဆရာမ ကြည်လင်အေး (၃၆ နှစ်)၊ ကိုနိုင်ဝင်း (၄၅ နှစ်)နဲ့ ကဗျာဆရာ ကေဇဝင်း (၃၉ နှစ်) တို့ ကျဆုံးခဲ့တာပါ။

ကဗျာဆရာ ​ကေဇဝင်းဟာ စစ်တပ်အာဏာသိမ်းတာကိုလက်မခံပဲ ဆန္ဒပြပွဲ​တွေမှာ ကိုယ်တိုင်​မိန့်ခွန်း​တွေ​ပြောသလို တက်တက်ကြွကြွပါဝင်​ခဲ့သူဖြစ်ပါတယ်။

စစ်ကောင်စီတပ်နဲ့ရဲတွေဟာ သူတို့သတ်ပစ်ခဲ့တဲ့ ပြည်သူတွေကို လမ်းပေါ် တရွတ်တိုက်ဆွဲသွားခဲ့လို့ ဘုရားနီလမ်းပေါ် သွေးစီးကြောင်းတွေ စွန်းထင်သွားခဲ့တယ်။ ဆွဲလာတဲ့ပြည်သူတွေကို ကားပေါ်ကို ပစ်တင်သွားခဲ့တယ်။ အဲဒီရုပ်သံတွေ ကြည့်မိတဲ့ပြည်သူတိုင်း ဒေါသထွက်ကြ၊ ခံပြင်းခဲ့ကြတယ်။

ဘုရားနီလမ်း(အာဇာနည်လမ်း) အကြမ်းဖက်ဖြိုခွင်းမှုဟာ မုံရွာမြို့မှာ ပထမဆုံး သွေးမြေ ကျခဲ့ရတဲ့နေ့လည်း ဖြစ်ခဲ့ပါတယ်။

သေဆုံးသွားတဲ့ရုပ်အလောင်းတွေကိုလည်း စစ်ကောင်စီတ​ပ်က ပြန်လည်ထုတ်ပေးပြီးတဲ့နောက် နေ့ချင်းသင်္ဂြိုလ်ဖို့ ဖိအားပေးခဲ့တယ်။

လေးနှစ်ကြာပြီးတဲ့နောက်မှာလည်း စစ်ကောင်စီတပ်ဟာ ပိုမိုဆိုးရွားတဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကို မရပ်မနား ပြုလုပ်နေဆဲပါ။ လူထုကလည်း ကြံ့ကြံ့ခံရင်း တော်လှန်ရေးကို ဆက်လက်ဆင်နွှဲနေကြပါတယ်။

ဆန္ဒပြ ပြည်သူ​တွေကို စစ်တပ်က ရက်ရက်စက်စက်အကြမ်းဖက်သတ်ဖြတ်ခဲ့​ပေ့မယ် မုံရွာကလူငယ်​တွေဟာ ​​ပြောက်ကျားသပိတ် ဆင်နွှဲတာကိုဆက်လက်ပြုလုပ်ခဲ့ကြပါတယ် ။

စစ်တပ်က ​ပြောက်ကျားသပိတ်ဆန္ဒပြတာ​တွေကိုလည်း အကြမ်းဖက်ဖြိုခွင်းတဲ့အတွက် ​နောက်ဆုံးမှာမုံရွာနယ်ကလူငယ်​တွေဟာလည်း လွတ်​မြောက်နယ်​မြေ​တွေကို စစ်ပညာသွား​ရောက်သင်ယူခဲ့ပြီး အခုဆိုရင် စစ်​ကောင်စီတပ်ကို လက်နက်ဆွဲကိုင်​တော်လှန်​နေကြပြီဖြစ်ပါတယ်။

ဘုရားနီလမ်းမှာ ကျဆုံးခဲ့တဲ့ ​ကေဇဝင်းအပါအဝင် သူရဲ​ကောင်း ​​၉ ဦးရဲ့ရုပ်အ​လောင်း​တွေကို စစ်​ကောင်စီတပ်သား​တွေက ဒရွတ်တိုက်ဆွဲယူသွားချိန်မှာ ဆန္ဒပြ ပြည်သူ​​တွေ​က အုတ်နံရံမှာရေးထိုးထားတဲ့စာ​တွေကိုလည်း အတိုင်းသားမြင်​တွေ့ရပါတယ်။ အဲဒီစာက​တော့

“စစ်အာဏာရှင် အမြန်ဆုံးကျရှုံးပါ​စေ”

“မင်းတို့ အလိုမရှိဘူး” ဟူ၍ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာမြို့နယ်အတွင်းက လယ်ဇင်ကျေးရွာနဲ့ သက္ကယ်ကျင်းကျေးရွာတွေမှာ လူတစုက Kpay နဲ့ Wavepay အကောင့်တွေကို တစ်ခု ကျပ် ၅၀,၀၀၀ ကနေ ၆၀,၀၀၀ ခန့်အထိပေးကာ လိုက်လံဝယ်ယူသူတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် စစ်ကောင်စီတပ်ဂိတ်အနီးသေဆုံးနေတဲ့ အမျိုးသမီးဟာ ကြာပိုင်ကျေးရွာကနေ ဘုန်းကြီးမွေးနေ့ပွဲသွားရင်း ပျောက်ဆုံးသွားသူဖြစ်နေကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က ခရီးသည်တင်ယာဥ်တစ်စီးကို သေနတ်နဲ့ပစ်ခတ်လို့ ယာဥ်မောင်းသေဆုံးခဲ့ရပါတယ်။

ဆောင်းပါး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ကိုရောက်ရင် ဒလီဗာရီ(ပစ္စည်းပို့)ဝန်ထမ်းတွေကိုကြည့်ပြီးစာဖတ်သူအနည်းငယ်အံ့သြနိုင်ပါတယ်။တခြားကြောင့်မဟုတ်ပါဘူး။ဒလီဗာရီဝန်ထမ်းတွေဟာ များသောအားဖြင့် လူငယ်လေးတွေ လုပ်ကြတာများပါတယ်။ ၂၀ ကျော် ၃၀ ကျော်တွေပေါ့။မုံရွာမြို့မှာတော့ တခြားဒေသက ဒလီဗာရီတွေထက် မတူတာက ပစ္စည်းပို့သူအများစုဟာ အသက်လေးဆယ်ကျော်တွေနဲ့ လူကြီးပိုင်းတွေ ဖြစ်နေတာပဲ။