Connect with us

Hi, what are you looking for?

ဆောင်းပါး

မြစ်ဧရာနှစ်​ကြိမ်ဖြတ်ပြီးမှ ရောက်ရမယ့် မိုးကုတ်

မန္တလေးကနေ မိုးကုတ်သွားတာ ဧရာဝတီမြစ်ကို နှစ်ကြိမ် ကူးရတယ်ပြောရင် စာဖတ်သူတွေ မျက်စိလည်သွားမလားမသိဘူး။ ဟုတ်ပါတယ်။ ဧရာဝတီမြစ် အရှေ့ဘက်မှာပဲရှိကြတဲ့ မန္တလေးနဲ့မိုးကုတ်ကို ဧရာဝတီမြစ်ကိုပဲ နှစ်ကြိမ်ကူးပြီး သွားနေရတာပါ။ ဘာကြောင့်လဲဆိုရင်…

Scorpio/People’s Spring

မန္တလေးကနေ မိုးကုတ်သွားတာ ဧရာဝတီမြစ်ကို နှစ်ကြိမ် ကူးရတယ်ပြောရင် စာဖတ်သူတွေ မျက်စိလည်သွားမလားမသိဘူး။ ဟုတ်ပါတယ်။ ဧရာဝတီမြစ် အရှေ့ဘက်မှာပဲရှိကြတဲ့ မန္တလေးနဲ့မိုးကုတ်ကို ဧရာဝတီမြစ်ကိုပဲ နှစ်ကြိမ်ကူးပြီး သွားနေရတာပါ။ ဘာကြောင့်လဲဆိုရင်…

မန္တလေးကနေ မိုးကုတ်သွားတဲ့ မတ္တရာ-စဥ့်ကူး လမ်းပိုင်းဟာ ပြီးခဲ့တဲ့နှစ်တွေမှာ အဲဒီလမ်းပိုင်းတွေပေါ်က စစ်ကောင်စီတပ်တွေကိုပြည်သူ့ကာကွယ်​ရေးတပ်မ​တော် မန္တလေး (MDY-PDF)နဲ့ ​တော်လှန်​ရေးတပ်တွေက တိုက်ခိုက်တာတွေ၊ နယ်မြေသိမ်းပိုက်နိုင်ခဲ့တာတွေဖြစ်ပြီး​နောက်မှ ဖြတ်သန်းသွားလာလို့ မရတော့ပါဘူး။ ပြင်ဦးလွင်-မိုးကုတ်လမ်းကလည်း အလားတူ လမ်းပိုင်းလုံခြုံရေးအခြေအနေကြောင့် ကောင်းကောင်းသွားလို့ မရပြန်ပါဘူး။

ဒါကြောင့် မန္တလေး-မိုးကုတ် ကူးသန်းသူတွေဟာ မန္တလေးကနေ ဧရာဝတီမြစ်ကိုဖြတ်ပြီး စစ်ကိုင်းကို အရင်ကူးရပါတယ်။စစ်ကိုင်းကနေခရိုင်ချင်းဆက်လမ်းအတိုင်း ရွှေဘိုနဲ့ ဝက်လက်နယ်က မြစ်ဆိပ်တွေကတဆင့် ဧရာဝတီမြစ်ကို ဇက်နဲ့တခါပြန်ကူးရတယ်။ ဟိုဘက်ကမ်းကတော့ စဥ့်ကူးနယ်ပါ။

Public Service Announcement

Public Service Announcement

စဥ့်ကူးနယ်ကနေတဆင့် မိုးကုတ်ကို ပြန်သွားရပါတယ်။ ဒါကြောင့် ဧရာဝတီမြစ်ကို နှစ်ကြိမ်ကူးပြီးမှသာ မန္တလေးနဲ့မိုးကုတ် ကူးသန်းလို့ရပါတယ်။

အဲဒီမှာ ဘာကပြဿနာရှိလာလဲဆိုတော့ ဇက်ကူးရတဲ့ ပြဿနာပါ။ ရေကြောက်ကြတဲ့မိုးကုတ်သူမိုးကုတ်သားတွေဟာ ဧရာဝတီမြစ်ပြင်ကျယ်ကြီးထဲမှာ ဇက်ပေါ်ကိုကားတွေတင်ပြီးကူးကြရတယ်။ မိုးကုတ်သူ မိုးကုတ်သားအများစုကရေမကူးတတ်ဘူး။

“ရေပြင်မြင်တာနဲ့ကို ကြက်သီးထမိတယ်” လို့မိုးကုတ်မြို့ခံအမျိုးသမီးတဦးကပြောပါတယ်။

မိုးကုတ်-မန္တလေး ခရီးသည်တွေဟာ အသက်နဲ့ရင်းပြီးဇက်ကူးရတာပါ။ပြီးခဲ့တဲ့၂၀၂၄ ခုနှစ်ဒီဇင်ဘာ၂၇ ရက်တုန်းက စဥ့်ကူးမြို့နယ်၊ ရှားကွဲဘက်ကနေ ဝက်လက်မြို့နယ်၊ ထုံးကြီးရွာဘက်ကို ဇက်နဲ့အကူးမှာ ဇက် ဝန်ပိုနေတဲ့အတွက် ခရီးသည်တွေ ပါဝင်တဲ့ကားငါးစီးနစ်မြုပ်ပြီးကားပေါ်မှာ ပါလာတဲ့ ကလေးငယ်တစ်ဦးနဲ့ မိခင်ဖြစ်သူတို့ နစ်မြုပ်သေဆုံးခဲ့ဖူးပါတယ်။

ပွင့်လင်းရာသီတောင် ရေလမ်းခရီးကြောက်နေရတာ အခုလို မိုးရာသီ ဧရာဝတီမြစ်ရေ ဖွေးဖွေးလှုပ်တဲ့အခါမှာတော့ မိုးကုတ်သူမိုးကုတ်သားများ ပိုစိတ်ညစ်ရတော့တာပဲ။

ဒလကြမ်းစီးဆင်းနေတဲ့ ဧရာဝတီမြစ်ရေက မိုးကုတ်သူမိုးကုတ်သားတွေကို နူတ်ဆက်ပါတယ်။ မြစ်ဆိပ်ရောက်ရောက်ချင်း တန်းကူးလို့တော့ မရသေးပါဘူး။မိုးတွင်းကာလ မြစ်ရေက တက်လိုက်ကျလိုက်မို့ ဇတ်က ပုံသေကမ်းကပ်မရတော့စောင့်တန်စောင့်ရပြန်ပါတယ်။ ညအိပ်တန်အိပ်ရပါတယ်။

ကူးလို့ရပြီဆိုပြန်တော့ မြစ်ပြင်ကျယ်ကြီးကို ကူးသန်းရမှာဖြစ်ပေမဲ့ ခရီးသည်တွေခမျာ လုံခြုံရေးအတွက် ဘာမှအာမခံချက် မရှိကြပါဘူး။

“ဇက်သမားတွေလဲတင်ခ အဆမတန်တောင်းပြီးအသက်ကယ်အင်္ကျီတောင်မထားပေးဘူး။”လို့ ခရီးသွားခဲ့တဲ့ မိုးကုတ်မြို့ခံ အမျိုးသမီးတဦးက ပြောပြတယ်။

သံခွန် ဖောင်ပေါ်ကိုတင်ထားတဲ့ ကားတာယာရဲ့ လက် ၃ လုံးလောက်မှာ မြစ်ရေက ရှပ်ပြေးနေတယ်။ ရေလှိုင်းများ တချက်တချက်ပုတ်လိုက်ရင် အသည်းကိုအေးပါလေရော။ ” ရှိသမျှ ဘုရားစာတွေပါ အကုန်အလွတ်ရကုန်တယ်။”လို့ အသက် ၃၀ ဝန်းကျင် မိုးကုတ်သားတဦးက ပြောပြတယ်။

ဇက်ပေါ်မှာလည်း ကားတွေကောလူတွေကော အပြည့် ပါနေတယ်။မြစ်ရေကလည်း တဝေါဝေါစီးနေတာကြောင့် ဘယ်ညာရိမ်းခါသွားတာများ ခရီးသည်တွေ အော်လိုက်ကြတာများ။

“ကိုယ့်မှာမျက်လုံးကိုမှိတ်အံကိုကြိတ်ငါဒီခရီးသွားမှဖြစ်မယ်ရောက်မှဖြစ်မယ်ရောက်ပါစေဆုတောင်းနေရတာ။ ဖောင်ပေါ် ရေတွေက ဝပ်လာလေ ကိုယ့်မှာ ဘယ်ကားခေါင်မိုးပေါတက်ရမလဲ ကြည့်နေရတယ်။”လို့ အထက်ပါ မိုးကုတ်သားတဦးက ဆက်ပြောပြတယ်။

တဘက်ကမ်းရောက်လို့ အချိန်ကောင်းရောက်ရင် တော်သေးပေမဲ့ ညနေပိုင်းရောက်သွားလို့ကတော့ ခရီးသွားတွေ ရင်မောပေရော့။ မိုးကုတ်လမ်းပေါ်​က ကာကွယ်ရေးအဖွဲ့တွေရဲ့ ဖော့တော့ဂိတ်က ညနေ ၆ နာရီဆိုပိတ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒါကြောင့် ဂိတ်မပိတ်မီ အမြန်သွားရတယ်လို့ ဆိုပါတယ်။ဂိတ်ပိတ်သွားရင်တော့ ညအိပ်ကြပေရော့။ လမ်းဘေးမှာတင် ညအိပ်ကြရတော့ ခရီးသွားတွေ ဒုက္ခရောက်ကြတယ်။

“၆နာရီမှီဖို့ကအတော်အလုအယက်ဖြစ်ပါတယ်။ ခရီးသွားတွေအနေနဲ့ကလည်းညမအိပ်ချင်သလို ဒေသအတွက်ရောင်းမဲ့ဘုရားပန်းကုန်စိမ်းတွေဟာလည်း ညအိပ်ရရင် အပျက်အစီးများပါတယ်။”လို့ အခြား မိုးကုတ်ဒေသခံတဦးက ပြောပြတယ်။ ဒါကြောင့် ဖော့တောဂိတ်ကို ၇ နာရီလောက်အထိဖွင့်ပေးစေချင်တယ်လို့ ခရီးသွားတွေက ပြောတယ်။

အကောင်းဆုံးကတော့ မတ္တရာလမ်း ဖွင့်ပေးနိုင်ရင်အကောင်းဆုံးပဲလို့ ဒေသခံတွေက ပြောတယ်။ “ဒါပေမဲ့ နှစ်ဖွဲ့လုံးနဲ့ဆိုင်တဲ့လမ်းဆိုတော့ တစ်ဖက်ကဖွင့်တစ်ဖက်ကမဖွင့်နဲ့ မလွယ်သေးဘူး။”လို့ မိုးကုတ်ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။ဒါအပြင် မတ္တရာနယ်မှာ စစ်တပ်ကစစ်​ကြောင်း​​တွေထိုး​နေတာ​ကြောင့် ​တော်လှန်​ရေးအဖွဲ့​တွေနဲ့ တိုက်ပွဲ​တွေ အပြင်းအထန်ဖြစ်​နေပါတယ် ။

နောက်တခုက စဥ့်ကူးနဲ့ သပိတ်ကျင်းနယ်ထဲက အစစ်အဆေးတင်းကျပ်လွန်းတဲ့ ကာကွယ်ရေးအဖွဲ့တွေရဲ့ စစ်ဆေးရေးဂိတ်တွေပါ။

“ရွှေပြည်မှာ အလုံးစုံ စစ်ဆေးပြီး လွတ်လိုက်တဲ့ကား လမ်းတလျှောက်လည်း စစ်လို့မပြီးဘူး။”လို့ ကားသမားတဦးက ပြောပြတယ်။

စစ်ဆေးရေးဂိတ်တွေများတာကြောင့် ဂိတ်တွေမှာတင် အချိန်အများကြီးကုန်ရတယ်လို့မိုးကုတ်ဒေသခံတွေကပြောပြတယ်။

“ဖော့တောဆို မိုးကုတ်ဗျူဟာမှာ အကုန်စစ်ပြီး ပေ ၆၀ လောက်မှာရှိတဲ့ TNLA က ထပ်စစ်မဖြစ်သင့်ဘူး။”လို့ ဒေသခံတဦးက ဆိုပါတယ်။

ဒါ့အပြင် အခုရက်ပိုင်းမှာလည်း စစ်ကိုင်းတိုင်း၊ ဝက်လက်နယ်ထဲမှာ ကာကွယ်ရေးအဖွဲ့တွေရဲ့ဂိတ်တွေကဂိတ်ကြေးအတောင်းကြမ်းလို့ဆိုပြီး ကားသမားတွေဆန္ဒပြနေလို့ကားတွေပိတ်မိပြန်ပါတယ်။ ကား သမား​တွေ ၃ ရက်ကြာဆန္ဒပြပြီး​နောက်မှာ​တော့ ညှိနှိုင်းအဆင်​ပြေသွားကြတယ်လို့သိရပါတယ် ။

ဒါက အခြေအနေငြိမ်နေတဲ့သာမန်နေ့ရက်တွေအကြောင်းပါ။ တိုက်ပွဲရှိလို့ကတော့ ကားတွေရောလူတွေရော လမ်းပေါ်မှာတင် ရက်ပေါင်းများစွာ သောင်တင်တော့တာပဲ။

ဇွန်လလယ်ရောက်လာပါပြီ။ ဧရာဝတီမြစ်ရေပြင်ကတော့ ဖောင်းတုန်းပြည့်တုန်းကျယ်တုန်းပြန့်တုန်းပါပဲ။ရှေ့လျှောက်ဝါဆိုဝါခေါင် ရေကဖောင်ဦးမှာဆိုတော့ ရေကြောက်တဲ့ မိုးကုတ်သူ မိုးကုတ်သားများ ခရီးသွားတိုင်း မြစ်ရေပြင်ကျယ်နဲ့ ထိရတွေ့ရဦးမှာပါ။

ဒီလိုရာသီမိုးကုတ်တစ်ခေါက်တက်ဖို့ကိုတော်တော်စဉ်းစားရပြီလို့ ကားသမားတဦးက ပြောတယ်။

“ခုလိုမြစ်ရေတွေတက် ကားလမ်းတွေခက်နေတာ ဘယ်သူမှအသက်အပိုမပါဘူး။ အသက်ကိုဉာဏ်စောင့်ပဲ။ ခေတ်ကြီးကိုက ကိုယ်ဖြစ်ကိုယ်ခံပဲ။”လို့ သူက ဆိုလိုက်ပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ကနေ ဗန်းမော်ကိုစစ်ကူသွားတဲ့ စစ်သင်္ဘောတွေတိုက်ခိုက်ခံရပြီး တစ်စီးမြှုပ်သွားကာ သုံးစီးခန့် စက်ခန်းတွေ ထိခိုက်သွားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က​ပြောပါတယ်။

သတင်း

မန္တလေးက ၁၃၀၀ ပြည့် အာဇာနည် ၁၇ ဦး ဗိမာန်မှာ လူထုလှုပ်ရှားမှုတွေ လာလုပ်မှာစိုးရိမ်လို့ စစ်ကောင်စီက လုံခြုံရေးတွေ ချထားကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

ဧရာဝတီမြစ်ကြောင်းအတိုင်း မန္တလေးမြို့မှ ဆန်တက်လာသော စစ်သင်္ဘောအုပ်စုသည် လက်နက်ကြီးဖြင့် လေကြောင်းပစ်ကူယူပြီး စဉ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်ကြား ရောက်ရှိနေသည်။

သတင်း

မန္တလေးမြို့မှာ သုံးရက်အတွင်း အင်အားအသင့်အတင့်ရှိတဲ့ နောက်ဆက်တွဲ ငလျင်ငယ်တစ်ခု ထပ်မံလှုပ်ခတ်သွားတာကြောင့် မြို့ခံတွေ စိုးရိမ်နေကြပါတယ်။

Facebook