Connect with us

Hi, what are you looking for?

ဆောင်းပါး

ဗန်းမော်သွား စစ်သင်္ဘောအုပ်စုကိုတော်လှန်ရေးတပ်တွေဘယ်လိုတိုက်ခိုက်လဲ

ဗန်းမော်မြို့က လက်ကျန်စစ်တပ်စခန်းတွေ၊တပ်ရင်းတွေအတွက် စစ်ကူ နဲ့ ခဲယမ်း၊ရိက္ခာတွေကိုရေလမ်းက ပို့ဖို့ မန္တလေးမြို့ကနေ ဧရာဝတီမြစ်အတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုကို မြစ်ကြောင်းတလျှောက်မှာတော်လှန်ရေးအဖွဲ့တွေက ဘယ်လိုတိုက်ခိုက်ခဲ့ကြလဲဆိုတဲ့အကြောင်းဒီတစ်ပါတ်မှာပြောပြပါမယ်။

ရွှေကူမြို့နယ်တွင် တိုက်ခိုက်ခံရသော စစ်သင်္ဘောတစ်စီးအား တွေ့ရစဉ်။ဓာတ်ပုံ - Screen Grab

နေ့သစ်/People’s Spring

ဗန်းမော်မြို့က လက်ကျန်စစ်တပ်စခန်းတွေ၊တပ်ရင်းတွေအတွက် စစ်ကူ နဲ့ ခဲယမ်း၊ရိက္ခာတွေကိုရေလမ်းက ပို့ဖို့ မန္တလေးမြို့ကနေ ဧရာဝတီမြစ်အတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုကို မြစ်ကြောင်းတလျှောက်မှာတော်လှန်ရေးအဖွဲ့တွေက ဘယ်လိုတိုက်ခိုက်ခဲ့ကြလဲဆိုတဲ့အကြောင်းဒီတစ်ပါတ်မှာပြောပြပါမယ်။

KIA နဲ့ မဟာမိတ်တပ်တွေက ၂၀၂၄ ဒီဇင်ဘာ ၄ ရက်ကစပြီး ဗန်းမော်မြို့သိမ်းတိုက်ပွဲကိုဆင်နွှဲခဲ့ပါတယ် ။KIA နဲ့ ပူးပေါင်းတပ်တွေကအမှတ်(၆၀၀၇) သံချက်ကာ တပ်ရင်း ၊ စကခ(၂၁)နဲ့ ဆက်စပ်တည်ရှိနေတဲ့အမြောက်တပ် အမတ(၃၆၆) ၊ ခလရ(၂၃၆)၊ တင့်ကားတပ်၊ သံချပ်ကာတပ် ၊ ဗန်းမော်လေယာဉ်ကွင်း တခုလုံး ၊ စကခ (၂၁)ရဲ့ကာကင်းစခန်းတွေစတဲ့ စစ်တပ်စခန်းတွေ ၊တပ်ရင်းတွေကို သိမ်းပိုက်ထားပါတယ် ။ ဒါပေမယ့် စကခ (၂၁) ၊ ခလရ(၄၇) စတဲ့ တပ်ရင်းတွေ ၊စခန်းတွေကို မသိမ်းပိုက်နိုင်သေးပါဘူး။

တိုက်ပွဲကာလကြာရှည်လာတာနဲ့အမျှ နှစ်ဖက်ထိခိုက်သေဆုံးတာတွေများပြားခဲ့ပါတယ် ။စစ်တပ်က နောက်ပိုင်းမှာ နည်းပညာအဆင်မြင့်ဒရုန်းတွေ၊လေကြောင်းတိုက်ခိုက်မှုတွေကို ပိုအသုံးပြုလာတဲ့အတွက်လည်းတော်လှန်ရေးတပ်တွေလည်း ထိခိုက်ကျဆုံးမှုများခဲ့ပြီး မြို့ကိုအပြီးသတ်မသိမ်းပိုက်နိုင်သေးပါဘူး။

Public Service Announcement

Public Service Announcement

KIA နဲ့ မဟာမိတ်တပ်တွေက ဗန်းမော်မြို့အနီးက မိုးမောက် ၊လွယ်ဂျယ် ၊မံစီ ၊ မြို့လှ ၊ဆင်ဘို ၊ဒေါ့ဖုန်းယန် မြို့တွေကို သိမ်းပိုက်ထိန်းချုပ်ထားပြီးမှကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ကိုထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ် ။ ဒါကြောင့် စစ်တပ်အတွက် ကုန်းကြောင်းကစစ်ကူမပို့နိုင်သလို ၊ရေကြောင်းကလည်းစစ်ကူပို့မရပါဘူး။ လေကြောင်းကနေပဲ စစ်ကူနဲ့ လက်နက်ခဲယမ်းရိက္ခာတွေကိုဖြည့်ဆည်းနေရတာပါ ။

ဗန်းမော်နဲ့အတူ မံစီမြို့နယ်က လက်ကျန် စစ်ကောင်စီတပ်စခန်းတွေကိုလည်း KIA ဦးဆောင်တဲ့ပူးပေါင်းတပ်တွေက ၂၀၂၄ ဒီဇင်ဘာ၄ ရက်မှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၂၀၂၅ ဇန်နဝါရီ ၈ ရက်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ် ။

ဧရာဝတီမြစ် အရှေ့ဘက်ကမ်းမှာရှိတဲ့ ဗန်းမော်မြို့ဟာ ကချင်ပြည်နယ် ရဲ့ဒုတိယမြို့တော် ဖြစ်ပြီးတော့ တရုတ်နယ်စပ်နဲ့ မိုင် ၄၀ ခန့်ကွာဝေးပါတယ် ။မြို့တော် မြစ်ကြီးနားမြို့ ရဲ့တောင်ဘက် ၁၁၅ မိုင်အကွာမှာတည်ရှိပါတယ် ။

ဗန်းမော်မြို့သိမ်းတိုက်ပွဲကို စစ်ကူနဲ့ လက်နက် ခဲယမ်း ၊ရိက္ခာသွားပို့တဲ့ ရဟတ်ယာဉ် ၃ စီးကို KIA နဲ့ ပူးပေါင်းတပ်တွေက မေလ တတိယပါတ်မှာ တန်ပြန်တိုက်ခိုက်တာကြောင့် ၂ စီးထိမှန်ပျက်စီးခဲ့ရပြန်ပါတယ် ။ဒါကြောင့်စစ်တပ်ဟာ မိုးရာသီမြစ်ရေတက်ချိန်မှာ စစ်ကူ ၊လက်နက်ခဲယမ်းအများအပြားကို စစ်ရေယာဉ်တွေ အုပ်စုလိုက်သယ်ပြီး ဗန်းမော်ကို ပို့နိုင်ဖို့ ကြိုးစားခဲ့တာပါ။

၂၀၂၄မိုးရာသီတုန်းလည်း ဗန်းမော်မြို့ကစစ်တပ်စခန်းတွေကို စစ်အင်အားနဲ့စက်လက်နက်ခဲယမ်းတွေ၊ ရိက္ခာတွေဖြည့်တင်းဖို့ ရေကြောင်းကတက်လာတဲ့စစ်တပ်ရေယာဉ်အုပ်ကို KIA ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာမှာစက်တင်ဘာတတိယပါတ်မှာ စစ်ရေယာဉ် ၈ စီးခန့် မီးလောင်ပေါက်ကွဲပျက်စီးတာ၊နစ်မြုပ်တာတွေဖြစ်ခဲ့ပါတယ်။ဒါကြောင့်စစ်ရေယာဉ်အနည်းငယ်ပဲ ဗန်းမော်ကိုရောက်ခဲ့ပါတယ်။ ၂၀၂၄ မိုးရာသီတုန်းကရေကြောင်းတိုက်ပွဲမှာ အထိနာခဲ့တဲ့ စစ်တပ်က ၂၀၂၅ မိုးရာသီမှာ ပြင်ဆင်မှုကို အချိန်ပိုယူလုပ်ခဲ့ပါတယ် ။

ဒီလိုနဲ့ ဇူလိုင် ၁၇ ရက်မနက်ပိုင်းမှာမန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းကနေ စစ်ကောင်စီရဲ့ စစ်သင်္ဘောတွေ၊ တိုက်ခိုက်ရေး ရေယာဉ်တွေပါတဲ့ ရေယာဉ် ၁၇ စီးဟာ ဧရာဝတီမြစ်အတိုင်း ဗန်းမော်မြို့ကို စတင်ထွက်ခွာခဲ့ပါတယ်။ဧရာဝတီမြစ်ကနေ အထက်ကို ဆန်တက်တဲ့ ရေယာဉ်အုပ်စုမှာ စစ်သင်္ဘော ၅ စီး နဲ့ တိုက်ခိုက်ရေး ရေယာဉ်တွေ ပါဝင်ပေမယ့် အများစုက ပုဂ္ဂလိကပိုင်သဘော်တွေကို စစ်တပ်က ပေါ်တာဆွဲပြီး ပြန်ပြုပြင်ယူသွားတာလို့ စုံစမ်းသိရပါတယ်။

စစ်သင်္ဘောတွေထဲမှာ မန္တလေးမြို့၊ ပုသိမ်ကြီး မြို့နယ်မှာရှိတဲ့ တပ်မ ၃၃ လက်အောက်ခံ အမှတ်-၄ ခြေမြန်တပ်ရင်း(ခမရ-၄)မှာ စစ်သင်တန်းပေးထားတဲ့ စစ်မှုထမ်းအပတ်စဉ် ၁၃၊ ၁၄ ဆင်း စစ်သားသစ် အင်အား ရာချီ၊အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ထဲက အင်အားရာချီနဲ့ စစ်ဆေးဆရာဝန်၊စစ်အရာရှိ၊ ဗျူဟာမှူးတို့ ပါဝင်တယ်လို့ စစ်တပ်သတင်းပေးအချို့က ပြောပါတယ်။

တကယ်တော့ဒီရေလမ်းကြောင်းကို စစ်ကောင်စီအသုံးမပြုတာ တစ်နှစ်နီးပါးကြာခဲ့ပြီးတဲ့နောက် ပထမဆုံးပြန်လည်အသုံးပြုခဲ့တာလို့ ဒေသခံတချို့က ပြောပါတယ်။

စစ်ကောင်စီဟာ အရင်ကတော့ ဒီရေလမ်းကြောင်းကို အသုံးပြုပြီးတော့ ကသာ၊ ထီးချိုင့်၊ စဉ့်ကူး၊ သပိတ်ကျင်း၊ မတ္တရာမြို့နယ်တို့ကို စစ်ကြောင်းထိုးတာတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ စဉ့်ကူးမြို့နယ်ကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက် ဒီရေလမ်းကြောင်းကို စစ်ကောင်စီအသုံးမပြုနိုင်တော့ဘဲ ရပ်နားထားတာ ဖြစ်ပါတယ်။

စစ်ရေယာဉ်အုပ်စုကဇူလိုင် ၁၇ ရက်ညက ဝက်လက်မြို့နယ်၊ရှိမ်းမကားကျေးရွာရဲ့အ ရှေ့ဘက်ကမ်းမှာ ညအိပ်ခဲ့ပါတယ်။ ဇူလိုင် ၁၇ ရက် ညမှာ ဝက်လက်မြို့နယ်ထဲက မြစ်ကမ်းဘေးရွာတွေကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂၀ ဦးခန့်သေဆုံးပြီး ၃၀ ခန့်ဒဏ်ရာရခဲ့ပါတယ်။

စစ်သင်္ဘောအုပ်စုကို မတ္တရာမြို့နယ် ၊ စဉ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်တွေရဲ့မြစ်ကြောင်းတစ်လျှောက်မှာ PDF တွေကဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်ခဲ့တာမှာလက်နက်ခဲယမ်းနဲ့ရိက္ခာတွေတင်လာတဲ့ တွဲတွန်းသင်္ဘော(၁)စီး နစ်မြှုပ်သွားခဲ့ပါတယစစ်သင်္ဘော(၁)စီးနဲ့အခြားတွန်းသင်္ဘော(၂)စီးလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်ပါတယ်။

စစ်သင်္ဘော (၁၇) စီး တိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မန္တလေးတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ ပြင်ဦးလွင်ခရိုင်စစ်ဌာန ကွပ်ကဲမှုဖြင့် ဧရာဝတီစစ်ကြောင်းက သပိတ်ကျင်းမြို့နယ်အတွင်းတွင် ဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်ခဲ့တာလို့ NUG ကာကွယ်ရေးဝန်ကြီးဌာနကလည်းထုတ်ပြန်ပါတယ် ။

စစ်သင်္ဘော (၁) စီးမီးလောင် ပျက်စီးပြီး ၊(၁) စီး နစ်မြုပ်ခဲ့သလို (၂) စီး ဆက်လက်မောင်းနှင်နိုင်ခြင်းမရှိကြောင်း မရှိပဲစစ်သား (၅) ဦးသေဆုံးခဲ့ပြီး (၂၁) ဦးဒဏ်ရာ ရရှိခဲ့တယ်လို့လည်းဖော်ပြပါတယ် ။ဒီစစ်ဆင်ရေးကို ပြင်ဦးလွင်ခရိုင်စစ်ဌာန ကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) (၅၀၉) တပ်ရင်း၊ ပြင်ဦးလွင်ခရိုင်တပ်ရင်းတွေ၊ မိုးကုတ်ဗျုဟာ၊ သပိတ်ကျင်းတိုက်နယ်(ပကဖ)၊ မြိုင်မြို့နယ်(ပကဖ)၊ မန္တလေးတိုင်းလက်နက်ကြီးတပ်ဖွဲ့ နဲ့ မဟာမိတ်တပ်ဖွဲ့တွေ က ဧရာဝတီပူးပေါင်းစစ်ကြောင်း အဖြစ် စစ်ဆင်ရေးပြုလုပ်ခဲ့တာလို့ NUG ကထုတ်ပြန်ပါတယ်။

စစ်သင်္ဘောတွေတိုက်ခိုက်ခံရချိန်မှာ စစ်ကောင်စီတပ်ကလည်း Y-12 လေယာဉ်တွေ၊ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ ဗုံးကြဲတာ ၊ပစ်ကူပေးတာတွေအပြင်းအထန်ပြုလုပ်ခဲ့တယ်လို့ ဒေသခံအချို့ကလည်းပြောပါတယ် ။ အဲလို လေကြောင်းကပစ်ကူပေးတဲ့ကြားက တော်လှန်ရေးအဖွဲ့တွေက စစ်ရေယာဉ်အုပ်စုကို ထိထိမိမိတိုက်ခိုက်နိုင်ခဲ့ကြတာပါ ။

“လေယာဉ်တွေလည်း ဆက်တိုက်ကြဲနေတယ်။သပိတ်ကျင်းမှာအပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးလိုပဲ “လို့ ဒေသခံတဦးက ဧရာဝတီမြစ်အတွင်း ရေကြောင်း၊လေကြောင်းတိုက်ပွဲကိုပုံဖော်ပြောပါတယ်။

တိုက်ခိုက်ခံပြီးတဲ့နောက် စစ်တပ်ကသေဆုံးသူ ၊ဒဏ်ရာရသူတွေကို ပြန်သယ်သွားပြီး ဒဏ်ရာအနည်းငယ်ရသူတွေကိုပြန်ခွင့်မပေးဘူးလို့သိရပါတယ် ။သပိတ်ကျင်းမြို့နယ်‌ မြောက်ပိုင်းက ပန်းပင်ရွာအနီးမှာ ဒဏ်ရာရစစ်သားတွေကို ဆေးကုတာနဲ့ သင်္ဘောစက်ခန်း ပြင်ဆင်တာတွေပြုလုပ်ခဲ့ပါတယ်။အဲဒီနောက် ဇူလိုင် ၂၂ ရက်နေ့ မှာအထက်ကိုဆန်လက် ဆန်တက်ခဲ့ကြပါတယ်။

သပိတ်ကျင်းမှာ တိုက်ခိုက်ခံရပြီးအထိနာခဲ့တာကြောင့် စစ်ကောင်စီက ဂေါဝိန်ဆိပ်ကနေ စစ်သင်္ဘောတွေအပါအဝင် ရေယာဉ် ၆ စီးနောက်ကနေထပ်မံစေလွှတ်ပြန်ပါတယ် ။စစ်သင်္ဘောအုပ်စုဟာသပိတ်ကျဉ်းကနေထီးချိုင်၊ကသာမြို့နယ်တွေ ဖြတ်သန်းစဉ်မှာတော့ ကြီးကြီးမားမားတိုက်ခိုက်မှုမကြုံရဘဲ အထက်ကို ဆန်တက်နိုင်ခဲ့ပါတယ်။

ဇူလိုင်၂၃ ရက်မှာ ထီးချိုင့်မြို့နယ် ဒင်ကြီးကျရွာအနီး ရွှေမြေကျွန်းမှာ သင်္ဘော ၁၇စီးအုပ်စု ကျောက်ချရပ်နားခဲ့ပါတယ်။ပထမအသုတ် သင်္ဘော ၁၁စီး အရင်ရောက်လာပြီး ညပိုင်းမှာ ၆ စီး ထပ်ရောက်လာတာ ဖြစ်ပါတယ်။

စစ်သင်္ဘောတွေဟာ ဇူလိုင် ၂၄ရက်မနက်မှာ အထက်ကို ဆန်တက်လာရင်း ထီးချိုင်မြို့နယ် မောင်းကုန်းရွာကို ဒရုန်းနဲ့ မီးလောင်ဗုံးတွေကြဲချတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။ထီးချိုင့်မြို့ရောက်တဲ့အထိ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှု မခံရပဲ ထီးချိုင့်မြို့မှာ ဆိုက်ကပ်စဉ် သင်္ဘောအချို့ရဲ့ ကုန်တွဲပေါ်က လက်နက်ခဲယမ်း၊ရိက္ခာတွေ ချပေးခဲ့တယ်လို့စုံစမ်းသိရပါတယ်။

ဇူလိုင်၂၅ရက်မနက်မှာ ထီးချိုင့်ကနေ ကသာကိုဆက်လက်ထွက်ခွာရာမှာလည်း လက်နက်ကြီးတွေနဲ့ မြစ်ကြောင်းတလျှောက်ပစ်ခတ်ပြန်ပါတယ်။ စစ်သင်္ဘောအုပ်စု မလာခင်ကတည်းက စစ်ကောင်စီရဲ့ တိုက်ခိုက်မှုဘေးကိုရှောင်ရှားကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြည်သူတွေကိုသတိပေးနှိုးဆော်ထားခဲ့ပါတယ်။ လေကြောင်း၊လက်နက်ကြီး တိုက်ခိုက်ခံရရင် ဆောင်ရန်ရှောင်ရန် အချက်တွေ အသိပညာပေးခဲ့ပါတယ် ။

ဒီလိုနဲ့ ကသာမြို့နယ် မိုးတားလေးဒေသအရောက်မှာတော့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်တွေရဲ့တိုက်ခိုက်မှုကိုထပ်မံကြုံတွေ့ရပါတယ်။

ဇူလိုင် ၂၅ရက်က ကသာမှာ ညအိပ်ရပ်နားပြီး လက်နက်ခဲယမ်းချခဲ့တဲ့ စစ်သင်္ဘောအုပ်စုဟာ နောက်နေ့ ဇူလိုင် ၂၆ရက်မှာ ကသာကနေ အထက်ကိုဆန်တက်ချိန် မိုးတားလေးရွာ အနီးဝန်းကျင်မှာ တိုက်ခိုက်ခံရတာပါ။ အဲဒီလို တိုက်ခိုက်ခံရချိန်မှာ မြစ်ကြီးနားနဲ့ မန္တလေးက တက်လာတဲ့ စစ်တပ် လေယာဉ်တွေကလည်း အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့လည်း သတင်းရင်းမြစ်က ပြောပါတယ်။

ကသာဒေသ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီသင်္ဘောတွေ ထိခိုက်နစ်မြုပ်မှု မကြားရပေမယ် စစ်ကောင်စီရဲ့ လေကြောင်း၊ရေကြောင်း ပစ်ခတ်မှုတွေကြောင့် ဒေသခံတဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ဒါအပြင် စစ်တပ်က တိုက်လေယာဉ်၊ Y12 လေယာဉ်တွေနဲ့အကြိမ် ၂၀ကျော်လေကြောင်းတိုက်ခိုက်ခဲ့လို့ စေတီအပါအဝင်သာသနိကအဆောက်အဦးထိခိုက်ပျက်စီးတာ၊ပြည်သူသေဆုံးထိခိုက်တာ တွေရှိခဲ့ပါတယ်။

စစ်ကောင်စီသင်္ဘောအုပ်စုဟာ ဇူလိုင် ၂၆ရက်မှာပဲကချင်ပြည်နယ် ရွှေကူမြို့နယ်ကို ရောက်ရှိလာ ခဲ့ပါတယ်။ ရွှေကူကနေ ဗန်းမော်ဘက်ကို ဆန်တက်ချိန်မှာတော့ စစ်ကောင်စီသင်္ဘောအုပ်စုကို ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ဆက်တိုက်ကြုံရပါတော့တယ်။

ဇူလိုင် ၂၇ရက်က စပြီးရွှေကူ အထက်ပိုင်း ဧရာဝတီ မြစ် ဒုတိယ မြစ်ကျဉ်းအဝင်မှာ KIA ရဲ့တိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့ကြရတာဖြစ်ပါတယ်။

ရွှေကူကနေ အထက်ကိုဆန်တက်ချိန်လေကြောင်းပစ်ကူအပြင် စစ်ကောင်စီက မြေပြင်စစ်ကြောင်းထိုးပြီး သင်္ဘော လုံခြုံရေး လမ်းကြောင်းရှင်းလင်းခဲ့ပေမယ့် KIA နဲ့ မဟာမိတ်တပ်တွေ ရဲ့ တိုက်ခိုက်မှုကြောင့် စစ်တပ်ကုန်းကြောင်း၊ရေကြောင်းအထိနာခဲ့ပါတယ်။

သင်္ဘောတွေ ရွှေကူက အထက်ဆန်မတက်ခင်ဇူလိုင် ၂၆ရက်ကတည်းက ဧရာဝတီမြစ်ကမ်းဘေးတလျှောက် စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီတပ်ဟာ KIAပူးပေါင်းတပ်ရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့်သေဆုံးထိခိုက်မှုတွေရှိခဲ့ပါတယ်။ဇူလိုင် ၂၇ရက်ကနေ လကုန်ပိုင်းအထိ မြေပြင်က စစ်ကြောင်းထိုးလိုက် တိုက်ခိုက်ခံရလို့ နောက်ပြန်ဆုတ်လိုက်၊ရေကြောင်းက သင်္ဘောတွေဆန်တက်လိုက် တိုက်ခိုက်ခံရလို့ နောက်ပြန်ဆုတ်လိုက်နဲ့ စစ်သင်္ဘောအုပ်စု ရှေ့မတိုးနိုင်ဘဲ ရွှေကူနယ်မှာတဝဲဝဲလည်နေတာလို့ ကချင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်းရင်းမြစ်တွေရဲ့ အဆိုအရ ဇူလိုင် ၂၇ရက်ကနေ ၃၁ရက်နေ့အတွင်း စစ်သင်္ဘောအုပ်စုဟာ ရွှေ့ကူနယ် ငဘတ်ဝနေရာ၊ ဒုတိယမြစ်ကျဉ်း ဝန်းကျင်နေရာတွေမှာတိုက်ခိုက်ခံရပြီးစစ်သင်္ဘော၄စီးထက်မနည်းထိခိုက်တာ၊ မီးလောင်တာတွေရှိခဲ့တယ်လို့ ပြောပါတယ်။ တိုက်ခိုက်ခံရတဲ့သင်္ဘောတွေ လက်နက်ကြီးထိမှန်တဲ့ မှတ်တမ်းရုပ်သံတွေကိုလည်း သတင်းရင်းမြစ်တွေက ပြသပါတယ်။

၂၀၂၄ စက်တင်ဘာလက ရေကြောင်းတိုက်ပွဲမှာအထိနာခဲ့တဲ့ ရွှေကူနဲ့ ဗန်းမော်ကြား ဧရာဝတီမြစ်ကြဉ်းတွေမှာပဲ ဒီတစ်ကြိမ်မှာ KIA နဲ့ မဟာမိတ်တွေက ထိထိမိမိတိုက်ခိုက်နေတာဖြစ်ပါတယ် ။စစ်တပ်ကလည်း ဒီလိုတိုက်လာမယ်ဆိုတာကိုကြိုမျှော်လင့်ထားတဲ့အတွက် ကုန်းကြောင်းကနေ မြစ်ကမ်းဘေးတလျှောက်စစ်ကြောင်းထိုးဖို့ကြိုးစားတာမှာလည်းတော်လှန်ရေးတပ်တွေကပြင်းပြင်းထန်ထန်တိုက်လိုက်လို့ အထိနာခဲ့ပါတယ်။

ဒါကြောင့် ကြည်း၊ရေ၊လေ သုံးခုပေါင်းပြီး တချိန်းတည်း ဗန်းမော်ဘက်ကို ဆန်တက်ဖို့ ကြိုးစားပေမယ့်လည်း KIA နဲ့ PDF တွေရဲ့တိုက်ခိုက်မှုကိုမကျော်နိုင်ပဲ အကြိမ်ကြိမ်လန်ကျနေပါတယ်။ ကြည်းကြောင်းကနေ စစ်သားအင်အား ၃၀၀ ကျော်သုံးပြီး ထိုးစစ်ဆင်ပေမယ့် တော်လှန်ရေးတပ်တွေရဲ့ ခုခံတိုက်ခိုက်မှုကိုမကျော်နိုင်ခဲ့ပါဘူး။

ဇူလိုင် ၃၁ ရက် ရေကြောင်းတိုက်ပွဲမှာလည်း ရေယာဉ် ၂ စီးထပ်ပျက်စီးပြီး စစ်သား ၂ ယောက်သေပြီး ၊၄ ယောက်ဒဏ်ရာရခဲ့ပါတယ် ။ဇူလိုင် ၃၁ ရက်တိုက်ပွဲမှာ စစ်တပ်က Y-12နဲ့ ဗုံးကြဲလမ်းကြောင်းရှင်းပြီးမှ ရေကြောင်းနဲ့ မြစ်ကမ်းမှာကုန်းကြောင်းထိုးတက်လာတာကို KIA နဲ့ ပူးပေါင်းတပ်တွေက ရေယာဉ်တွေကိုရော ၊ကုန်းကြောင်းကိုရောအလွတ်မပေးပဲတိုက်လိုက်တာကြောင့် စစ်တပ်အထိနာပြီး ရွှေကူဘက်ပြန်ဆုတ်သွားတယ်လို့ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်းပြောပါတယ် ။

ဒီလိုနဲ့ စစ်သင်္ဘောတွေ၊ရေယာဉ်တွေ ပျက်စီးမှု တဖြည်းများလာပြီး အကောင်းတိုင်းကျန်တဲ့ ရေယာဉ် နည်းနည်းပဲကျန်တဲ့အခြေအနေရောက်လာပါတော့တယ် ။

သြဂုတ် ၁ ရက်မှာလည်း ကျန်နေတဲ့ စစ်ရေယာဉ်တွေစုပြီး ရွှေကူကနေ ဗန်းမော်ကိုထပ်မံဆန်တက်လာရာ မြစ်ကြောင်းတလျှောက်တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ် ။

ဒါကြောင့်ရွှေကူကနေ ဗန်းမော်ကို အကောင်းအတိုင်းရောက်လာမယ့် စစ်သဘော် ဘယ်နှစ်စီးရှိမလဲဆိုတာမသိနိုင်သေးဘူးလို့ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်က မြစ်ဆုံရေကာတာ စီမံကိန်းကို အာဏာသိမ်းစစ်တပ်က ပြန်လည်စတင်နိုင်ရေး ကြိုးပမ်းမှုတွေအပေါ် ပြည်သူလူထုတွေက ကန့်ကွက်ဆန္ဒပြမှုတွေ လုပ်ဆောင်လျက်ရှိရာ စီမံကိန်းကန့်ကွက်တဲ့ ပြည်သူတွေကို အားပေးကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က စီတာကျေးရွာရှိ တိုက်နယ်ဆေးရုံကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ သေဆုံးထိခိုက်မှုရှိခဲ့တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်းက လမ်းပိုင်းအချို့ကို ရက်အကန့်အသတ်မရှိ ယာယီပိတ်လိုက်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၉) တပ်ရင်း(၂၆)က ဇွန်လ ၂ရက်က ထုတ်ပြန်ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။