Connect with us

Hi, what are you looking for?

ဆောင်းပါး

ဒါရိုက်တာမိုက်တီးနဲ့ သရုပ်ဆောင်၂ ဦး ဘာတွေရေးခဲ့သလဲ

လက်ရှိ ဝင်ငွေအကောင်းဆုံး မင်းသားလေးလက်နဲ့ ရိုက်ကူးထားတဲ့ စစ်ကောင်စီရဲ့“ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ”ရွေးကောက်ပွဲ ဝါဒဖြန့်ဇာတ်ကားနဲ့ပတ်သက်ပြီး လူမှုကွန်ရက်မှာ ဝေဖန်ပြစ်တင်လို့ဆိုကာ ဒါရိုက်တာမိုက်တီး၊ သရုပ်ဆောင် ကျော်ဝင်းထွဋ်နဲ့ ဟာသရုပ်ဆောင် အုန်းဒိုင်းတို့ကို စစ်ကောင်စီက ဖမ်းဆီးလိုက်ပါတယ်။ သူတို့ ဘာတွေများ တင်မိခဲ့လို့ပါလဲ။

အောက်တိုဘာ-၃ဝ၊၂၀၂၅။တိုးနေဝင်း/People’s Spring

လက်ရှိ ဝင်ငွေအကောင်းဆုံး မင်းသားလေးလက်နဲ့ ရိုက်ကူးထားတဲ့ စစ်ကောင်စီရဲ့“ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ”ရွေးကောက်ပွဲ ဝါဒဖြန့်ဇာတ်ကားနဲ့ပတ်သက်ပြီး လူမှုကွန်ရက်မှာ ဝေဖန်ပြစ်တင်လို့ဆိုကာ ဒါရိုက်တာမိုက်တီး၊ သရုပ်ဆောင် ကျော်ဝင်းထွဋ်နဲ့ ဟာသရုပ်ဆောင် အုန်းဒိုင်းတို့ကို စစ်ကောင်စီက ဖမ်းဆီးလိုက်ပါတယ်။ သူတို့ ဘာတွေများ တင်မိခဲ့လို့ပါလဲ။

ဒါရိုက်တာမိုက်တီး။ ၂၀၁၅ ရွေးကောက်ပွဲအတွက် ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ရုပ်သံဇာတ်လမ်းတိုကို ရိုက်ကူးခဲ့လို့ စစ်ကောင်စီရဲ့ အငြှိုးအတေးကို ခံထားရတဲ့ ဒါရိုက်တာ မိုက်တီးဟာ ၂၀၂၁ ခုနှစ်မှာ ပုဒ်မ ၅၀၅-က နဲ့ မတရား ဖမ်း‌ဆီးထောင်ချခံခဲ့ရသူပါ။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မှာမှ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာခဲ့တာပါ။

ဒါရိုက်တာမိုက်တီးရဲ့ Facebook အကောင့်ဖြစ်တဲ့ သန်းထွန်းဇော်ဆိုတဲ့အကောင့်မှာတော့ စစ်ကောင်စီစွပ်စွဲသလို ရွေးကောက်ပွဲကို ဟန့်တားနှောင့်ယှက်ဖျက်ဆီးတဲ့ အရေးအသားမျိုး မတွေ့ရပါဘူး။ သူတင်ထားတဲ့အထဲကအနီးစပ်ဆုံးဖြစ်နိုင်တာကတော့

Public Service Announcement

Public Service Announcement

“အဖြူ နဲ့ အမဲ
အမှန် နဲ့ အမှား
ဓမ္မ နဲ့ အဓမ္မ ကို ဆင်ခြင်နိုင်တာ ..
#ပညာ” ဆိုတဲ့ Post တခုသာ ရှိပါတယ်။

ကျော်ဝင်းထွဋ်နဲ့ အုန်းဒိုင်းတို့ရဲ့ Facebook ပေါ်မှာလည်း ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ Post တခုမှ ရှိမနေခဲ့ပါဘူး။ ဒါပေမယ့် အွန်လိုင်းပေါ်မှာ ပျံ့လာတဲ့ Screen Shoot တွေအရတော့ သူတို့နှစ်ဦးဟာ ဇာတ်ကားမှာ ပါဝင်ကြတဲ့ သရုပ်ဆောင်တချို့ကို စောင်းပါးရိပ်​ခြေ ရေးသားခဲ့တာမျိုးသာ တွေ့ရပါတယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တခုမှ ရေးထားတာ မရှိပါဘူး။

သရုပ်ဆောင် ကျော်ဝင်းထွဋ်က “သူတောင်းစားတွေနဲ့ ရပ်ဝန်းတူပေမယ့် စိတ်ဓါတ်မြင့်မြတ်သူတွေ အများကြီးရှိနေတယ်ကွာ။ ပတ်ချုံပြီးဆဲဆိုနေတာတော့ အဆင်ပြေမနေဘူး။ အရာရာ အဆင်ပြေနေတာ မဟုတ်ပေမယ့် လိပ်ပြာသန့်ချင်တယ်။ အမှောင်ထဲမသွားချင်ဘူး။ ခက်ခဲတာတွေခုထိတောင်ခံငါ..နေခဲ့ စားခဲ့ ဝတ်ခဲ့ စီးခဲ့ရတာပဲလေ။ နောင်တချိန် ပြန်ဖြစ်လာနိုင်တာပဲဆိုတဲ့ စိတ်တခုနဲ့ ရှင်သန်ဆဲပါ။ ပြုံးနေပျော်နေ နောက်နေတယ်ဆိုပေမဲ့ တချို့ ကိုယ်ချင်းစာစိတ်နဲ့ နှစ်သိမ့်အားပေးနေတယ်ဆိုပေမယ့် ကျွန်တော့လက်ရှိ တချို့နေ့ရက်တွေ ငိုနေတာဘယ်သူမှမသိသလို ပြောပြစရာ အကြောင်းမရှိပါဘူး။ ကိုယ်လိုပဲ ဘယ်သူမှမသိအောင် ငိုနေရတဲ့သူတွေ ရှိပါလားလို့တွေးပြီး ကိုယ်ချင်းစာကြရင် အရာရာ အဆင်ပြေမယ့်နေ့ ရောက်လာမှာပါ။ ပြုံးနေတိုင်း ပျော်နေတိုင်း ဆဲနေတဲ့ ဟောင်နေတဲ့တသိုက် သိစေဖို့ပါ”လို့ ရေးသားထားတာ တွေ့ရပါတယ်။

အုန်းဒိုင်းကတော့ “ငါ့ကိုပြောပြောနေတဲ့သူတွေ အခုမြင်ပြီလား။ မမြင်ရသေးရင် သွားရှာကြည့်နော်။ ဘယ်သူကဘာဆိုတာ သိလိမ့်မယ်။ မသိချင်ယောင်​ဆောင်ပြလိမ့်မယ်။ ပြောနေတဲ့သူတွေ ပုန်းနေလိမ့်မယ်။ အဲဒါသဘာဝတွေ”လို့ ရေးသားခဲ့ပါတယ်။

သူတို့သုံးဦးလုံးဟာစစ်ကောင်စီရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တခွန်းမှ ဝေဖန်ထားတာမရှိပါဘူး။

စစ်ကောင်စီကတော့ သူတို့ဟာ ရွေးကောက်ပွဲပညာပေး ဇာတ်ကား နဲ့ ဇာတ်ကား မှာ ပါဝင်သူတွေကို လူမှုကွန်ရက်ကနေ မဟုတ်မမှန် ဝေဖန်ရေးသားပြီး ရွေးကောက်ပွဲအပေါ် လူထု အထင်အမြင် လွဲမှားအောင်လှုံ့ဆော်ခဲ့ကြတယ်လို့ စွပ်စွဲခဲ့ပါတယ်။

ဖမ်းဆီးထားတဲ့သူသုံးဦးထဲမှာ ဒါရိုက်တာမိုက်တီးက လွတ်ငြိမ်းတွေရဲ့ထုံးစံအတိုင်း နောက်တစ်ကြိမ်ကျူးလွန်ရင် ယခင်ပြစ်ဒဏ်ကိုပါ ပြန်လည်ကျခံရမယ်လို့ လက်မှတ်ထိုးထားရတာကြောင့် လက်ရှိစွပ်စွဲထားတဲ့ ဥပဒေအပြင် အရင်ပြစ်ဒဏ်တွေလည်းကျခံရဖို့ လုပ်ဆောင်သွားမယ်လို့ ခြိမ်းခြောက်ထုတ်ပြန်ထားပါတယ်။

သရုပ်ဆောင်ကျော်ဝင်းထွဋ်နဲ့ဟာသသရုပ်ဆောင် အုန်းဒိုင်းကိုတော့ လက်ရှိစွဲဆိုထားတဲ့ ရွေးကောက်ပွဲ ဥပဒေနဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ရွေးကောက်ပွဲဝါဒဖြန့် ဇာတ်ကားမှာပါဝင်ပေးတဲ့သရုပ်ဆောင်တွေအပေါ် လူမှုကွန်ရက် မှာ ဝေဖန်ရေးသားတဲ့ ပို့စ်တွေကို React လုပ်တာ ၊ Comment ရေးတာ ၊ Share တာ လုပ်တဲ့ သူတွေကို ဖမ်းဆီးအရေးယူမယ်လို့ စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေက ​အောက်တိုဘာ ၂၉ ရက်က စတင်ခြိမ်းခြောက်လာပြီးနောက် ဖမ်းဆီးမှုတွေရှိလာတာပါ။

အခြား ဒါရိုက်တာ ၂ ဦးကိုလည်း ဖမ်းဆီးကြဖို့ စစ်တပ်​ထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေကနေ ဝါဒဖြန့်နေကြပါတယ်။

ဇာတ်ကားထဲမှာ ပါဝင်ခဲ့ကြတဲ့ နေတိုး၊ မြင့်မြတ်၊ နေဝင်း၊ အေးချမ်းမောင်၊ ခြူးလေး၊ မေမြင့်မိုရ်၊ အောင်ခိုင်၊ ငှက်ပျောကြော်၊ စူပါလင်း၊ သွက်လက် စတဲ့ သရုပ်ဆောင်တွေကို ပြည်သူတွေက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။

လူမှု​ရေးပြစ်ဒဏ်ခတ်တာ(Social Punishment) နဲ့ သပိတ်​မှောက်တာ (Boycott) ပြုလုပ်​ပေးကြဖို့ တော်လှန်ရေးအင်အားစုတွေ အပါအဝင် ပြည်သူတွေကပါ တောင်းဆိုခဲ့ကြပါတယ်။ အဲဒီအခြေအနေမှာပဲ စစ်ကောင်စီက အနုပညာရှင် ၃ ဦးကို မတရားဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

အဲဒီဇာတ်ကားထုတ်လွှင့်မယ့် အောက်တိုဘာ ၂၅ ရက်နေ့ကပဲ ရုပ်ရှင်စီစဥ်သူတစ်ဦးဖြစ်တဲ့ ကိုငယ်လေးဆိုသူက သူ့ရဲ့ Facebook အကောင့် Tin Tunn Win ဆိုတဲ့အကောင့်ကနေ “ညကျရင် ပွဲဆူအုံးမှာပါလား”ဆိုတဲ့ စာကြောင်းကို သွားဖြဲပြနေတဲ့ Emoji နဲ့ Post တင်ခဲ့ပါတယ်။အဲဒီ Post အောက်မှာ စစ်တပ်ဝါဒဖြန့်ဇာတ်ကားတွေ ရိုက်ကူးပေးခဲ့တဲ့ ဒါရိုက်တာ တင်အောင်စိုး(ပန်းမြို့တော်)ကပါ ဝင်ရောက်စနောက်ကာ ထင်မြင်ချက်ရေးသားထားတာ တွေ့ရပါတယ်။ အခုအချိန်ထိ အဲဒီဇာတ်ကားကို ဘယ်ဒါရိုက်တာက ရိုက်ကူးခဲ့တယ်ဆိုတာ တရာဝင်ထုတ်ပြန်တာ​တော့မရှိသေးပါဘူး။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဇာတ်လမ်းမှာ အချက်အလက်အမှား​တွေအသုံးပြုထားသလို၊ တော်လှန်ရေးကိုပုံဖျက်တာ၊ CDM ဝန်ထမ်းတွေကို စော်ကားတာ၊ နိုင်ငံရေးသမားတွေကို လှောင်ပြောင်တာ စတဲ့ စစ်တပ်အတွက် ဝါဒဖြန့်ချီမှုကိုအများအပြား ထည့်သွင်းရိုက်ကူးခဲ့တာ တွေ့ရပါတယ်။

စစ်တပ်က အခုလို အနုပညာရှင်သုံးဦးကိုစွပ်စွဲဖမ်းဆီးတဲ့အ​ပေါ် ပြည်သူ​တွေက အပြင်းအထန်​ဝေဖန်ကြပါတယ် ။

“ပါးစပ်ကပြောတော့ ဒီမိုကရေစီ တကယ့်လက်တွေ့က ကမ္ဘာ့အဆိုးဆုံး အာဏာရှင် ဒါကိုလဲ ကျွန်ရူးတွေကထောက်ခံတုန်းဘဲ” လို့ပြည်သူတစ်​ယောက်က လူထု​နွေဦးသတင်းရဲ့​အောက်မှာမှတ်ချက်ပြုပါတယ် ။

အခြားပြည်သူတဦးကလည်း “ဒါလားခဗျားတို့ပြောတဲ့တရားမျှတတဲ့ရွေးကောက်ပွဲဆိုတာ။ဝေဖန်လို့မရတဲ့ရွေးကောက်ပွဲက တရားမျှတတာလား။လုပ်ရပ်တိုင်းဘာမျှတ မှုမှမရှိဘူး”လို့​ရေးသားထားပါတယ် ။

“အာဏာရှင်ပါးစပ်ကထွက်တဲ့ဒီမိုကရေစီဆိုတာဒါပဲ။ မှန်တာပြောရင်ဖမ်းမယ်သူတို့ကိုဝေဖန်ရင်ဖမ်းပြမယ် …တပ်ကပြည်သူကိုအကြောက်တရားသွင်းနေတာ” လို့ ပြည်သူတဦးကလည်း​​ပြောပါတယ်။

စစ်တပ်ကအခု​လောက်​ရေးသားတာကိုသာဖမ်းမယ်ဆိုရင် “အကုန်သာ ဖမ်းလိုက်တော့” လို့ပြည်သူတ​ယောက်ကလည်း အရွဲ့တိုက်​ရေးသားပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်အနုပညာရှင်ဒေါင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပရိသတ်တွေနဲ့ ပထမဆုံးအကြိမ်တွေ့ဆုံပွဲကို ဇွန် ၆ ရက်မှပြုလုပ်မှာပါ။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။