Connect with us

Hi, what are you looking for?

ဆောင်းပါး

အညာလမ်းမပေါ်က လူဖမ်းပွဲများ

စစ်ကိုင်းတိုင်းထဲက မုံရွာ-မန္တလေးလမ်းမကြီးဟာ အာဏာသိမ်းကာလမတိုင်မီတုန်းကတော့ နေ့ရောညပါ လူမပြတ်တဲ့ လမ်းမကြီးတစ်ခုပါ။ တရေးနိုးထသွားတောင် ဘေးအန္တရာယ်မရှိ သွားလမ်းကော လာလမ်းပါ ဖြောင့်ခဲ့တဲ့လမ်း။မန္တလေးနဲ့ မုံရွာ နှစ်မြို့တစ်မြို့ဖြစ်စေခဲ့တဲ့လမ်းမကြီးပါ။ အခုတော့ မုံရွာ-မန္တလေးလမ်းမကြီးဟာ အဲဒီအခြေအနေတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်သွားစေခဲ့ပါပြီ။

Scorpio/People’s Spring

စစ်ကိုင်းတိုင်းထဲက မုံရွာ-မန္တလေးလမ်းမကြီးဟာ အာဏာသိမ်းကာလမတိုင်မီတုန်းကတော့ နေ့ရောညပါ လူမပြတ်တဲ့ လမ်းမကြီးတစ်ခုပါ။ တရေးနိုးထသွားတောင် ဘေးအန္တရာယ်မရှိ သွားလမ်းကော လာလမ်းပါ ဖြောင့်ခဲ့တဲ့လမ်း။မန္တလေးနဲ့ မုံရွာ နှစ်မြို့တစ်မြို့ဖြစ်စေခဲ့တဲ့လမ်းမကြီးပါ။ အခုတော့ မုံရွာ-မန္တလေးလမ်းမကြီးဟာ အဲဒီအခြေအနေတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်သွားစေခဲ့ပါပြီ။

မန္တလေးကနေ စစ်ကိုင်းတံတားကိုကျော်လို့ စစ်ကိုင်းမြို့က ကြိုဆိုပါ၏ဆိုတဲ့ မုခ်ဦးရောက်တာနဲ့ စစ်ကောင်စီတပ်က ကြမ်းကြမ်းတမ်းတမ်း စတင်ဆီးကြိုပါတယ်။ကားနဲ့ပဲဖြစ်ဖြစ်၊ ဆိုင်ကယ်နဲ့ပဲဖြစ်ဖြစ် အမျိုးသားဖြစ်တာနဲ့ ပေါ်တာဆွဲဖမ်းဆီးမှုတွေ ပြုလုပ်လေ့ရှိကြောင်းစစ်ကိုင်းဒေသခံတွေက ပြောပါတယ်။

“လူလတ်ပိုင်းပါလာရင်ဆွဲချတာပါ။ကိုယ်တွေသွားတုန်းကကားပေါ်ကနေလက်တွေ့ဆွဲချတာ”လို့ လက်တွေ့ကြုံခဲ့ရတဲ့ စစ်ကိုင်းတိုင်းဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ဒါ့အပြင်လိုင်းကားတို့ ကုန်ကားတို့မို့ အလွတ်ပေးတယ်မထင်ပါနဲ့။ “ကားသမားတောင် စပယ်ယာခေါ်ထားတာ”လို့ ကားသမားတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းဝင်တာနဲ့ ကျော်ထက်ကွေ့မီးပွိုင့်တို့ အိုးဘိုအဝိုင်းပတ်တို့ စတဲ့နေရာတွေကလည်း စစ်ကောင်

စီရဲ့ ပေါ်တာဆွဲလေ့ရှိတဲ့နေရာတွေဖြစ်ကြောင်း မြို့ခံတွေကပြောပါတယ်။အဲဒီနေရာတွေမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အရပ်ဝတ်တွေနဲ့ အိမ်စီးကားနဲ့ပတ်ကာပေါ်တာဆွဲလေ့ရှိကြောင်းစစ်ကိုင်းဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းနယ်ကျေးရွာတစ်ရွာကလူငယ် တစ်ယောက် ပေါ်တာဆွဲခံလိုက်ရတာတော့ မုံရွာ-မန္တလေးလမ်းပေါ်မှာရှိတဲ့ အိုးဘိုအဝိုင်းပတ်အနီးမှာပါ။ အိုးဘိုအဝိုင်းပတ်နားမှာ ရွာပြန်ဖို့ ပလက်ဖောင်းပေါ်ထိုင်ကာ ကားစောင့်နေတုန်း လူတစ်ယောက်ရောက်လာပါတယ်။ သူ့ဖုန်းကို ဆွဲယူလိုက်တယ်။ ပြီးတော့ ခပ်လှမ်းလှမ်းမှာရပ်ထားတဲ့ အိမ်စီးကားဆီ သွားတယ်။ လူငယ်က သူ့ဖုန်းလိုက်တောင်းတော့ ကားနားအရောက် ကားပေါ်ကြည့်လိုက်တဲ့အချိန် လက်နက်တွေနဲ့ စစ်ကောင်စီတပ်သားတွေ။ သူ့ကို ကားပေါ်တက်တဲ့။ သူပြေးချိန်မရတော့ဘဲ တက်လိုက်ရတော့တယ်လို့ မကြာသေးခင်ကမှ စစ်ကောင်စီတပ်ထဲကနေ လွတ်မြောက်လာတဲ့ ပေါ်တာဆွဲခံလိုက်ရတဲ့ လူငယ်က ပြောပြပါတယ်။ “ဖုန်းယူတုန်းက ပြေးလို့ရသေးတယ်။ ပေါ်တာဆွဲမယ်လည်းမထင်ဘူးလေ။”လို့ သူကပြောပြတယ်။

အိုးဘိုအဝိုင်းပတ်တင်မကဘဲ ကောင်းမှုတော်ဘုရားအကျော်ကရထားသံလမ်းဆုံမှာလည်းစစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးလေ့ရှိကြောင်း စစ်ကိုင်းဒေသခံတွေက ပြောပါတယ်။

“ကောင်းမှုတော်နားက သံလမ်းကူးနေရာနဲ့နွားဈေးမှာလည်းဆွဲတယ်”လို့ဒေသခံအမျိုးသမီးတဦးက ပြောပြတယ်။

နောက်ထပ်နေရာကတော့အုန်းတောလမ်းဆုံပါ။ စစ်ကောင်စီဂိတ်လည်းရှိပါတယ်။အဲဒီနေရာမှာလည်း မကြာခဏပေါ်တာဆွဲကြောင်းခရီးသွားတွေကပြောပါတယ်။

“အုန်းတောအတက်မှာ ဆွဲတာမြင်ခဲ့တာ။ လမ်းဘေးမှာဒူးထောက်ထိုင်ခိုင်းထားတာ”လို့ မုံရွာမြို့ခံ အမျိုးသားတဦးကပြောပြပါတယ်။

တချို့ကတော့ ငြင်းကြပါတယ်။ ငါတို့သွားခဲ့တာ ဘာမှမဖြစ်ပါဘူးအေးဆေးပါပေါ့။ဟုတ်ပါတယ်။ တရက်နဲ့တရက် မတူပါဘူး။ စစ်ကောင်စီတပ်ဟာ နေ့စဥ်ဆွဲနေတာမဟုတ်ဘဲ ကြုံရင်ကြုံသလိုဆွဲနေတာဖြစ်ကြောင်း မြို့ခံတွေက ပြောပါတယ်။ ဆွဲဲတဲ့နေ့တွေမှာတော့ မနက် ၁၀ နာရီရှေ့ပိုင်းနဲ့ နေ့လယ် ၂ နာရီနောက်ပိုင်း ဆွဲလေ့ရှိတယ်လို့ ဆိုပါတယ်။ ဒါကိုလည်း တရားသေမှတ်မထားဖို့ စာဖတ်သူကို အကြံပြုပါတယ်။

“စစ်ကိုင်းမှာနေ့တိုင်းမဟုတ်တောင်ရက်ခြားလောက်ပေါ်တာဆွဲပါတယ်။ တံတားပေါ်မှာအဆိုးဆုံးပဲ”လို့ အခြားဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

ဟုတ်ပြီ။ ငါတို့က ယောကျာ်းလေးမဟုတ်ဘူး။ မိန်းကလေးပဲ မဖမ်းလောက်ဘူးလို့များမထင်လိုက်ပါနဲ့။ မုံရွာ-မန္တလေးလမ်းပေါ် ရှောင်တခင်ရောက်ရောက်လာတတ်တဲ့ စစ်ကောင်စီတပ်တွေဟာ မိန်းကလေးတွေပါဖမ်းပြီး မတော်မတရားပြုတာ၊ ငွေယူပြီး ယောကျာ်းသားတွေနဲ့ လူချင်းလဲခိုင်းတာတွေပါ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

“ဖမ်းထားပြီး အကိုတွေမောင်တွေနဲ့ လူချင်းလဲခိုင်းတာ”လို့ စစ်ကိုင်းဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

လမ်းပေါ်တွေတင်လား မဟုတ်သေးပါဘူး။ စစ်ကိုင်းနဲ့ မုံရွာမြို့ပေါ်မှာလည်း စစ်ကောင်စီက နေ့ရောညပါ ပေါ်တာဆွဲနေတာ နှစ်ချီနေခဲ့ပါပြီ။ ယခင်က အလင်းဆိုင်တွေနဲ့ ညလုံးပေါက်စည်ကားခဲ့တဲ့ မုံရွာဟာညနေရောက်တာနဲ့တိတ်ဆိတ်ခြောက်ကပ်သွားခဲ့ပါတယ်။ စစ်ကောင်စီတပ်ဟာ နေ့စဥ် နေ့ခင်းမှာပါ ပေါ်တာဆွဲနေပြီး တစ်ရက်ကို လူဆယ်ချီ ဖမ်းဆီးနေကြောင်း မြို့ခံတွေက ပြောပါတယ်။

“မုံရွာမှာ အပြင်ကိုတယောက်ထဲမထွက်ရဲဘူး။ အဖော်မိန်းကလေးဖြစ်ဖြစ် ကလေးတယောက်ဖြစ်ဖြစ်ပါမှအပြင်ထွက်ရဲတာ။”လို့ မုံရွာမြို့ခံ လူငယ်တစ်ဦးက ပြောပါတယ်။

ငွေလိုက်နိုင်တဲ့၊ အချိတ်အဆက်ကောင်းတဲ့သူတွေဆိုရင်တော့ ပြန်လွတ်တာတွေရှိတယ်လို့ စစ်ကိုင်းဒေသခံတွေက ဆိုပါတယ်။ ဒါပေမယ့် သိန်းရာချီ ကုန်ပါသတဲ့။ “ကျောင်းသား ပါသွားတာတောင် သိန်းတစ်ရာအနည်းဆုံးပဲ။ သာမန်လူပါသွားရင် ဘာနဲ့မှလိုက်လို့မရဘူး”လို့ စစ်ကိုင်းဒေသခံတဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်းတင်မကပါဘူး။ မန္တလေး၊ တံတားဦး၊ ကျောက်ဆည်၊ မြစ်သား၊ပျော်ဘွယ်၊ မိတ္ထီလာ၊ ညောင်ဦး၊ကျောက်ပန်းတောင်း စတဲ့မန္တလေးတိုင်းထဲက မြို့နယ်တွေနဲ့ မကွေးတိုင်းထဲက နယ်တွေမှာပါ စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

“မနက်၅နာရီကစဆွဲတယ်။ နေရပ်မေးတယ်။ ရွာမေးပြီးဆွဲတာ။”လို့ တံတားဦးမြို့ဒေသခံတဦးက ပြောပါတယ်။

အညာလမ်းတွေမှာ အရဲစွန့်သွားလာကြရင်း ဘေးကင်းကြသူတွေရှိဖူးသလို ယနေ့အထိ ဆက်သွယ်မရတော့တဲ့သူတွေလည်း အများကြီးပါ။ မဖြစ်မနေ သွားလာရတာတွေကြောင့် ကြောက်ကြောက်နဲ့ သွားလာနေရကြောင်း စစ်ကိုင်းနဲ့ မုံရွာဒေသခံတွေက ပြောပါတယ်။

“မုံရွာမြို့ထဲမှာနေရတာ အကျဉ်းထောင်ကြီးထဲနေနေရတဲ့အတိုင်းပဲဗျာ”လို့ မုံရွာမြို့က လူငယ်တစ်ဦးက ပြောလိုက်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာဇူလိုင် ၂၂ ရက်ညက သားဖြစ်သူအလုပ်မှအပြန်ပေါ်တာဆွဲခံရတာကြောင့် ဖခင်ဖြစ်သူကတညင်းကုန်းမှာရှိတဲ့စစ်သားစုဆောင်းရေးတပ်ကို သွားရောက်စုံစမ်းမေးမြန်းခဲ့ရာ ဖခင်ကိုပါ စစ်တပ်ကထပ်မံဖမ်းဆီးလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်အတွင်းမှာ စက်လှေတိမ်းမှောက်ပြီး အလုပ်ပြန် သင်္ဘောကျင်းလုပ်သား ၅ ဦး ပျောက်ဆုံးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မုံရွာမြို့မှာ အာဏာသိမ်း စစ်တပ်နဲ့ ရဲတွေက ၆ ရက်အတွင်း လူငယ်နဲ့ လူလတ်ပိုင်း ၁၈၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီးပြီး အနောက်မြောက် တိုင်းစစ်ဌာနချုပ် (နမခ) အတွင်း ပို့ဆောင်လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

ကြက်ဥနဲ့ ငါးခြောက်ဟင်းပါတာကို ဟင်းကောင်းလို့ သတ်မှတ်နေရတဲ့ မိသားစုတွေ ဘယ်လောက်တောင်များနေသလဲတော့မသိ၊ ဒါပေမဲ့အညာဟာ အရာရာရှားပါးတဲ့ အရပ်ဖြစ်တာမို့ ထမင်းအနပ်တိုင်း အသား၊ငါး ပါဖို့ဆိုတာတော့ မလွယ်ကူပါဘူး။