Connect with us

Hi, what are you looking for?

ဆောင်းပါး

ကိုယ့်ရဲ့လာရာကို မ​မေ့တဲ့ဗန်

ချင်းတိုင်းရင်းသား ဂျိုရှုအာဗန် အတွက် ပထမဆုံး UFC ချန်ပီယံခါးပတ်ကာကွယ်ပွဲမှာ လှလှပပ အနိုင်ယူပြီးတဲ့​နောက် မွေးရပ်မြေနဲ့ အနီးဆုံးဖြစ်တဲ့ ထိုင်းနဲ့မ​လေးရှား လာမယ့်ရက်သတ္တပတ်အတွင်း လာ​ရောက်​တော့မှာပါ။

ဓါတ်ပုံ-UFC

သုည/People’s Spring

ချင်းတိုင်းရင်းသား ဂျိုရှုအာဗန် အတွက် ပထမဆုံး UFC ချန်ပီယံခါးပတ်ကာကွယ်ပွဲမှာ လှလှပပ အနိုင်ယူပြီးတဲ့​နောက် မွေးရပ်မြေနဲ့ အနီးဆုံးဖြစ်တဲ့ ထိုင်းနဲ့မ​လေးရှား လာမယ့်ရက်သတ္တပတ်အတွင်း လာ​ရောက်​တော့မှာပါ။

ဗန်က ရက်အတိအကျ ထုတ်မ​ပြော​သေး​ပေမယ့်မြန်မာနိုင်ငံကထွက်ထွက်လာပြီး ဒုက္ခသည်အဖြစ်နေထိုင်ကြီးပြင်းခဲ့ဖူးတဲ့ ထိုင်း၊ မလေးရှား က ဒုက္ခသည်စခန်းတွေကို သွားရောက်လည်ပတ်မယ်လို့ MMA သတင်းတင်ဆက်သူ The Ariel Helwani Show အင်တာဗျူးမှာပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံပြန်ဖို့က မဖြစ်နိုင်သေးဘူး။ ထိုင်းကို ပြန်မယ်။ ပြီးတော့ မလေးရှားကို ပြန်မယ်။ အဲဒီ့က ဒုက္ခသည်စခန်းမှာကျွန်တော်နေခဲ့တာလေ။ နောက်တပတ်ထဲပဲသွားမှာပါ။ ပြန်မရောက်တာ ၁၃ နှစ် ရှိပါပြီ။ မိသားစုနဲ့ မဟုတ်ဘူး။ သူငယ်ချင်းတွေနဲ့ ပြန်မှာပါ” လို့ ဗန်ကသူ့အစီအစဥ်ကိုပါတယ်။

Public Service Announcement

Public Service Announcement

ဗန်ဟာ မေလ ၂၇ ရက်မှာ မလေးရှားနိုင်ငံက Chin Refugee Committee (CRC) အသင်းရဲ့ ၂၅ နှစ်မြောက် ငွေရတုအခမ်းအနားကို နာမည်ကြီးအဆိုတော် ဖြူုဖြူကျော်သိန်းနဲ့အတူ အထူးဧည့်သည်တော်အဖြစ် တက်ရောက်မှာ ဖြစ်တယ်လို့ CRC က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မလေးရှားခရီးစဉ်အပြီးမှာ အိန္ဒိယနိုင်ငံ မီဇိုရမ်ဒေသကို ဆက်လက်ခရီးဆက်မယ်လို့ မီဇိုရမ်သတင်းဌာနတွေက ဖော်ပြထားပါတယ်။

မေလ ၃၀ ရက်မှာတော့ မီဇိုရမ်ဒေသ အိုင်းဇော်မြို့ ကျင်းပမယ့် MISMA Fight Night ပွဲမှာ UFC ဖလိုင်းဝိတ်ချန်ပီယံ ဂျိုရှုအာဗန်က အထူးဧည့်သည်အဖြစ် တက်ရောက်မယ် လို့ မီဇိုရမ်သတင်းဌာနက ထုတ်ပြန်ထားပါတယ်။

မီဇိုရမ်ဟာ ချင်းပြည်နယ်နဲ့ ၆၇ မိုင်သာ ဝေးတဲ့ အိန္ဒိယ အရှေ့မြောက်ဘက်မှာ တည်ရှိတာပါ။ ဒါ့ကြောင့် ဂျိုရှုအာဗန်ဟာ မွေးရပ်မြေနဲ့ အရမ်းမဝေးတဲ့ နေရာကို ပြန်လာတာပဲ ဖြစ်ပါတယ်။ ချင်းလူမျိုးအသိုင်းအဝိုင်းကလည်း ဂျိုရှုအာဗန်နဲ့ တွေ့ဆုံခွင့်ရဖို့ စိတ်လှုပ်ရှားနေမိကြောင်း လူမှုကွန်ယက်မှာ ရေးသားဖော်ပြနေကြပါတယ်။

ဒါအပြင်မီဇိုရမ်ပြည်နယ်ဟာ မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းစစ်တပ်က​ချင်းပြည်နယ်ကနေအိမ်​တွေမီးရှို့ဖျက်ဆီးအကြမ်းဖက်တာ​ကြောင့် ချင်းတိုင်းရင်းသား​တွေ ယာယီထွက်​ပြေးတိမ်း​ရှောင်ကြတဲ့ ​ဒေသ​တွေထဲမှာ မီဇိုရမ်ပြည်နယ်လည်းပါဝင်ပါတယ်။

အသက် ၂၄ နှစ်အရွယ် ဂျိုရှုအာဗန်ဟာ မြန်မာပြည်အနောက်ပိုင်း ချင်းပြည်နယ် ဟားခါးမြို့မှာ မွေးဖွားခဲ့တာပါ။ ဗန် ၁၀ နှစ်သား အရွယ်မှာတော့ စစ်ရေးနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် မိသားစုနဲ့အတူ မလေးရှား ဒုက္ခသည်စခန်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်၊ ဗန် အသက် ၁၂ နှစ်အရွယ်မှာတော့ မိသားစုနဲ့အတူ အမေရိကန်ကို ပြောင်းရွှေ့ခဲ့ပြီး ဟူစတန်မြို့မှာ အခြေချခဲ့တာပါ။

ကျောင်းသားဘ၀ထဲက အထိုးအကြိတ်တွေ ဝါသနာထုံတဲ့ ဗန်ဟာ ၂၀၂၁ ခုနှစ်မှာတော့သိုင်း​ပေါင်စုံပြိုင်ပွဲ- MMA လောကထဲကို စတင်ဝင်ရောက်ခဲ့ပါတယ်။သိုင်း​ပေါင်းစုံ​လောကထဲကို ဝင်​ရောက်ခဲ့တာ ဗန်ရဲ့အ​ဒေါ်ရဲ့အခန်းကဏ္ဍကလည်းအ​ရေးကြီးခဲ့တယ်လို့ ဗန်က အင်တာဗျူး​တွေမှာ​ပြောကြားခဲ့ပါတယ်။ ​ကျောင်းသားဘဝကတည်းကအထိုးအကြိတ်ဝါသနာပါပြီး ရန်ဖြစ်လာရင်လက်စွမ်းပြ​လေ့ရှိတဲ့ ဗန်ကို အ​ဒေါ်ဖြစ်သူက ထိုးကြိတ်တာဝါသနာပါရင် MMA ကစားဖို့ အ​မျှော်အမြင်ရှိရှိလမ်း​ကြောင်းဖွင့်​ပေးခဲ့တာဖြစ်ပါတယ်။

ဟူစတန်မြို့ အခြေစိုက် Fury FC က စီစဉ်တဲ့ MMA ပြိုင်ပွဲတွေကို ဝင်ရောက်ထိုးသတ်ခဲ့ပြီး ဗန်ဟာ ပွဲစဉ် ၈ ပွဲမှာ ၇ ပွဲနိုင်ပြီး ၁ ပွဲသာ ရှုံးခဲ့ပါတယ်။

၂၀၂၃ မှာတော့ ဗန်နဲ့ MMA လောကမှာ နာမည်အကျော်ကြားဆုံး UFC တို့ စာချုပ်ချုပ်ဆိုခဲ့ပြီး ဖလိုင်းဝိတ်တန်း စိန်ခေါ်ပွဲတွေ တောက်လျှောက်ဆိုသလို ထိုးသတ်ခဲ့ပါတယ်။ ဗန်ဟာ UFC 317 မှာတော့ အမေရိကန်ဖိုက်တာ ဘရာတွန်ရိုင်ဗယ်ကို အနိုင်ရပြီးနောက် ဖလိုင်းဝိတ်တန်း ချန်ပီယံ ပန်တိုချာကို စိန်ခေါ်ခွင့်ရခဲ့ပါတယ်။

၂၀၂၅ ဒီဇင်ဘာ ၇ ရက်မှာကျင်းပတဲ့ UFC 232ပြိုင်ပွဲမှာ ဗန်ဟာ ဖလိုင်းဝိတ်ချန်ပီယံ ပန်တိုဂျာကို အနိုင်ယူပြီး ချန်ပီယံသစ် ဖြစ်ခဲ့တာပါ။ UFC မှာ ချန်ပီယံခါးပတ်ရ ပထမဆုံး အာရှတိုက်က ကစားသမားဖြစ်လာခဲ့သလို ၊ ပထမဆုံးအရှေ့တောင်အာရှဖွားဖိုက်တာလည်းဖြစ်လာပါတယ်။

ဒါ့အပြင် အသက်၂၄ နှစ်နဲ့ ချန်ပီယံခါးပတ်ရခဲ့တာကြောင့် UFC ပြိုင်ပွဲမှာ ဒုတိယအသက်အငယ်ဆုံးချန်ပီယံလည်း ဖြစ်လာပါတယ်။ဒါဟာ သိုင်းပေါင်းစုံပြိုင်ပွဲမှာ ကမ္ဘာပေါ်မှာ နာမည်အကျော်ကြားဆုံး ၊အကြမ်းဆုံးပြိုင်ပွဲဖြစ်တဲ့ UFC မှာ မြန်မာဖိုက်တာတစ်ဦးအနေနဲ့ ပထမဆုံးချန်ပီယံဖြစ်ခဲ့တာပါ။

မေလ ၁၀ ရက်မှာတော့ ဂျိုရှုအာဗန်ဟာ UFC ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်ကာကွယ်ပွဲအဖြစ် ဂျပန်ဖိုက်တာ တက်ဆူရိုနဲ့ ထိုးသတ်ခဲ့ပြီး နောက်ဆုံးအချီမှာ ဒိုင်ပွဲရပ်နဲ့ အနိုင်ယူကာ ချန်ပီယံခါးပါတ်ကို​အောင်မြင်စွာကာကွယ်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာတော့ UFC ရဲ့ တစ်နှစ်တာအကောင်းဆုံး သတ်မှတ်ခံရတဲ့ ပွဲတစ်ပွဲ ဖြစ်လာနိုင်ကြောင်း MMA လောကမှာ ဂုဏ်ပြုခံရသလို ချင်းတိုင်းရင်းသားလေးဗန်ရဲ့ထိုးသတ်ချက်ကိုလည်းMMA ကစားသမားအားလုံးက ချီးကျူးခဲ့ကြပါတယ်။

အမေရိကန်မှာ ငယ်စဉ်ကတည်းက မိသားစုနဲ့ အတူ ပြောင်းရွှေ့နေထိုင်ပေမယ့် မြန်မာနိုင်ငံကိုချစ်တဲ့ ဗန်ဟာ UFC ပြိုင်ပွဲ အောင်ပွဲခံတိုင်း မြန်မာအလံနဲ့ အတူ အောင်ပွဲခံလေ့ရှိသူ ဖြစ်ပါတယ်။

“ဂျိုရှုအာဗန်က တကယ့်ကို ဘ၀မမေ့တဲ့ ကလေးတစ်ယောက်ပါပဲ။ မလေးရှား ဒုက္ခသည်စခန်းမှာ ၄ နှစ်လောက် သူ နေသွားတယ်လို့ သိရတယ်။ အခု သူ ချန်ပီယံဖြစ်တဲ့အချိန်မှာ ဒီဒုက္ခသည်စခန်းကို ပြန်လာမယ် ဆိုတော့ကျွန်တော်တို့အားလုံး အရမ်းဝမ်းသာရပါတယ်။ သူ့ကို လေးစားအားကျရတဲ့ လူငယ်တွေ အများကြီး ရှိပါတယ်။ ဒုက္ခသည်စခန်းမှာ လမ်းပျောက်နေတဲ့ လူငယ်တွေလည်း သူ့လိုမျိုး ကောင်းမွန်တဲ့ တိုက်ခိုက်သမားဖြစ်အောင် ကြိုးစားချင်စိတ်တွေ ပေါ်ပေါက်လာနိုင်ပါတယ်။ သူ့လိုမျိုးစိတ်အားထက်သန်တဲ့လူငယ်တိုင်းရင်းသားတွေ မြန်မာမှာ ရှိတယ် ဆိုတာလည်း ကမ္ဘာကို ချပြနိုင်တာ ဂုဏ်ယူမိပါတယ်။ ဂျိုရှုအာဗန်ကို ဘုရားသခင် အမြဲကောင်းချီးပေးပါစေ” လို့ မလေးရှားရောက် ချင်းတိုင်းရင်းသားတဦးက​ပြောတယ်။

ဗန်ရဲ့ပွဲစဉ်တွေကို အမေရိကန်နိုင်ငံရောက် မြန်မာတွေ အပြင် ပြည်တွင်းက မြန်မာပရိသတ်တွေကလည်း တခဲနက်အားပေးလေ့ ရှိကြပါတယ်။ ဒါအပြင် ချန်ပီယံခါးပါတ်ကာကွယ်ပွဲမှာ ထိုင်းနိုင်ငံက ​မွေ့ထိုင်း နဲ့ MMA ဖိုက်တာ​တွေကပါ ဗန်ကိုအား​ပေးခဲ့ကြတာ၊ ဗန်ကို​ ​လေးစားအားကျလာကြတဲ့အ​ကြောင်းသူတို့ရဲ့ လူမှုကွန်ယက်​တွေမှာ ​ရေးသားလာကြပါတယ် ။ ပထမဆုံးချန်ပီယံ ခါးပါတ်ကာကွယ်ပွဲ ​အောင်ပွဲနဲ့အတူ ဗန်ဟာ အခုဆိုရင် အာရှမှာ​ရော ၊ကမ္ဘာမှာပါ လူသိပိုများလာပြီဖြစ်ပါတယ်။

ဒါကြောင့် ချန်ပီယံဗန်ရဲ့ အိမ်အပြန်အာရှခရီးကို မြန်မာပြည်သူတွေနဲ့ ချင်းတိုင်းရင်းသား အများအပြားလည်း မျှော်နေကြောင်း အိန္ဒိယနိုင်ငံရောက် ချင်းတိုင်းရင်းသားတစ်ဦးက ဆိုပါတယ်။

“မီဇိုရမ်ကို ဂျိုရှုအာဗန်လာမယ်လို့ ပြီးခဲ့တဲ့ပွဲ မတိုင်ခင်ကတည်းက သတင်းကြားနေတာပါ။ အခုတော့ သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ဗန် လာဖို့ သေချာသွားပါပြီ။ MISMA Fight Night ပွဲမှာ ဗန်ဟာ ဧည့်သည်အဖြစ် တက်ပြီး ပရိသတ်တွေကို နှုတ်ဆက်သွားမယ်လို့ သိရတယ်။ မီဇိုရမ်က အစကတည်းက ချင်းတိုင်းရင်းသားတွေ များတော့ ဗန့်ကို တွေ့ဖို့ကို ချင်းလူမျိုးမျိုး တော်တော်များများ မျှော်နေကြပါတယ်” လို့ ၎င်းက ​ပြောပါတယ်။

၁၃ နှစ်ကြာမှ ပထမအဆုံး ပြန်တဲ့ ချန်ပီယံ ဗန်ရဲ့ အိမ်အပြန်ခရီး ဖြစ်ပြီး အမှတ်တရတွေ အရမ်းများမယ့် ခရီးတစ်ခုဖြစ်မယ် လို့ မျှော်လင့်မိကြောင်း ဗန်က ဖွင့်ဟပါတယ်။

“ဒီခရီးက အရမ်းပျော်ရမှာပါ။ ကျွန်တော်တက်ခဲ့တဲ့ ကျောင်းလေးကိုလည်း ပြန်သွားကြည့်ချင်တယ်။ အမှတ်တရတွေ အရမ်းများမယ့် ခရီးပါပဲ” လို့ ဗန်က ဆိုပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

(၁၇)ကြိမ်မြောက် World MMA Awards ဆုပေးပွဲမှာ ချင်းလူမျိုးဖိုက်တာ ဂျိုရှုအာဗန် က (တစ်နှစ်တာအတိုးတက်ဆုံးဖိုက်တာဆု) Breakthrough Fighter of the Year ဆုကို ဆွတ်ခူးခဲ့ပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော် မြက်ခင်းပြင်မှာ ကျင်းပခဲ့တဲ့ ကိုယ်ခံပညာ တိုက်ခိုက်ရေးပေါင်းစုံ (MMA) အားကစား ပြိုင်ပွဲကို ပစ်မှတ်ထားခဲ့တဲ့ လက်နက်ကိုင် အဖွဲ့တစ်ခုကို ဖော်ထုတ် တားဆီးနိုင်ခဲ့ကြောင်း အမေရိကန် ထောက်လှမ်းရေး ဗျူရို (FBI)က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် အစိုးရ ရုံးစိုက်ရာ အိမ်ဖြူတော် ဝင်းထဲမှာ ကျင်းပနေတဲ့ ကိုယ်ခံပညာ ပေါင်းစုံ တိုက်ခိုက်ရေး (MMA) ပြိုင်ပွဲကို စတင်နေပြီ ဖြစ်ပါတယ်။

သတင်း

UFC ဖလိုင်းဝိတ်တန်း ချန်ပီယံ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်ဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရှိ Sihhmui စစ်ဘေးရှောင်စခန်းကို ဒီနေ့ မေလ ၂၉ရက်မှာ သွားရောက်လည်ပတ်ခဲ့ပါတယ်။