Connect with us

Hi, what are you looking for?

ဆောင်းပါး

နှင်းဆီကြောက်သူများ

နူးညံ့တဲ့ အနီရောင်ပွင့်ဖတ်လေးတွေ၊ သင်းပျံ့တဲ့ ရနံ့တွေပိုင်ဆိုင်ထားတဲ့ နှင်းဆီပန်းဟာ ကမ္ဘာတစ်ဝန်းမှာတော့ အလှအပနဲ့ ချစ်ခြင်းမေတ္တာရဲ့ ပြယုဂ်တစ်ခုပါ။ ဒါပေမဲ့ အာဏာရှင်တွေ စိုးမိုးထားတဲ့ မြန်မာနိုင်ငံမှာတော့ နှင်းဆီပန်းဟာ အုပ်ချုပ်သူတွေအတွက် တုန်လှုပ်ခြောက်ခြားစေတဲ့ ပန်းတစ်ပွင့်ဖြစ်နေခဲ့ပါတယ်။

ပက်စ်စီ/People’s Spring

နူးညံ့တဲ့ အနီရောင်ပွင့်ဖတ်လေးတွေ၊ သင်းပျံ့တဲ့ ရနံ့တွေပိုင်ဆိုင်ထားတဲ့ နှင်းဆီပန်းဟာ ကမ္ဘာတစ်ဝန်းမှာတော့ အလှအပနဲ့ ချစ်ခြင်းမေတ္တာရဲ့ ပြယုဂ်တစ်ခုပါ။ ဒါပေမဲ့ အာဏာရှင်တွေ စိုးမိုးထားတဲ့ မြန်မာနိုင်ငံမှာတော့ နှင်းဆီပန်းဟာ အုပ်ချုပ်သူတွေအတွက် တုန်လှုပ်ခြောက်ခြားစေတဲ့ ပန်းတစ်ပွင့်ဖြစ်နေခဲ့ပါတယ်။

အထူးသဖြင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ရောက်ပြီဆိုရင် နှင်းဆီပန်းကိုမြင်ရတာဟာ အာဏာရှင်တွေအတွက် အသည်းတုန်အူတုန်သွားစေခဲ့ပါတယ်။ လက်နက်တွေကိုင်ဆောင်ထားတဲ့ စစ်တပ်တစ်တပ်အတွက် နှင်းဆီပန်းတစ်ပွင့်က ဘာကြောင့် တုန်လှုပ်စေခဲ့ပါသလဲ။

တကယ်တော့ နှင်းဆီပန်းဟာ ဖမ်းဆီးအကျဥ်းချခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ခွဲခြားလို့မရတဲ့ ပန်းတစ်ပွင့်ဖြစ်နေခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုရှေ့ထွက်တဲ့အခါ ဦးခေါင်းမှာ ပန်းအမြဲ ပန်ဆင်လေ့ရှိပါတယ်။ အဲဒီပန်းတွေထဲမှာမှ နှင်းဆီပန်းကတော့ သူအနှစ်သက်ဆုံးနဲ့ အပန်များဆုံး ပန်းတစ်ပွင့် ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

နှင်းဆီပန်းဟာ နူးညံ့မှု၊ အလှအပနဲ့ ချစ်ခြင်းမေတ္တာကိုကိုယ်စားပြုပါတယ်။စစ်အာဏာရှင်တွေကသေနတ်၊ကျည်ဆန်နဲ့ အကြမ်းဖက်မှုကို သုံးစွဲချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကတော့ မေတ္တာတရား၊ အကြမ်းမဖက်တဲ့နည်းလမ်းနဲ့ ငြိမ်းချမ်းရေးကို အခြေခံပြီး တော်လှန်ခဲ့ပါတယ်။ ဒီတော့ နှင်းဆီပန်းဟာ သူ့ရဲ့ ငြိမ်းချမ်းတဲ့ တော်လှန်ရေးလမ်းစဉ်ကို ဖော်ပြတဲ့ ပြယုဂ်တစ်ခု ဖြစ်လာခဲ့တာပါ။

လူထုခေါင်းဆောင် အကျဥ်းချခံထားရပေမဲ့ မနေ့က ကျရောက်တဲ့ သူ့မွေးနေ့မှာတော့ ပြည်သူလူထုက နေရာစုံမှာ မွေးနေ့ပွဲတွေ အထိမ်းအမှတ်အခမ်းအနားတွေ မမေ့မလျော့ ပြုလုပ်ခဲ့ပါတယ်။ စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လာရင် ပန်းကလေးတစ်ပွင့်ကအစ သည်းမခံတတ်ပုံကို ခုလိုတွေ့ကြမှာပါ။

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ် အေးသာယာမြို့မှာ နေထိုင်တဲ့ အသက် ၃၄ နှစ်အရွယ် မနွယ် (ခ) နွယ်နွယ်ဟာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ်အဖြစ် အနီရောင်ဝတ်စုံဝတ်၊ နှင်းဆီပန်းနီကိုကိုင်ပြီး “GZ တို့၏ တိုက်ပွဲခေါ်သံ” သီချင်းနဲ့ AI နည်းပညာသုံး ဗီဒီယိုတစ်ခုကို TikTok ပေါ် တင်ခဲ့ပါတယ်။

ဒီဗီဒီယိုကြောင့်ပဲ အေးသာယာမြို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ ရဲတပ်ဖွဲ့က မနွယ်ရဲ့ နေအိမ်အထိ လာရောက်ဖမ်းဆီးခဲ့ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့် အရေးယူခဲ့ပါတော့တယ်။

နောက်တစ်ဦးကတော့ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံဈေးမှာ ကုန်ခြောက်ရောင်းတဲ့ ဈေးသည် ဒေါ်မိုးမိုးပါ။ ဒေါ်မိုးမိုးဟာ နေ့စဉ် နှင်းဆီပန်းပန်လေ့၊ ဘုရားပန်းထိုးလေ့ရှိသူ ဖြစ်ပါသတဲ့။ ဒေါ်မိုးမိုးဟာ မနေ့ကလည်း သာမန်နေ့တွေလိုပဲ နှင်းဆီပန်းပန်၊ ဘုရားပန်းထိုးခဲ့တယ်။ မနက်ပိုင်းမှာပဲ စစ်တပ်က ဒေါ်မိုးမိုးကို လက်ထိပ်ခတ်ဖမ်းဆီးသွားခဲ့တဲ့အပြင် ၎င်းရဲ့ကုန်စုံဆိုင်ကိုပါ ချိတ်ပိတ်သွားခဲ့ပါတယ်။

မုံရွာမြို့မှာလည်း ဖြစ်စဉ်က ထပ်တူပါပဲ။ ဗိုလ်တေဇလမ်းထိပ်ရှိ အသီးဆိုင်တစ်ခုမှာ ဆိုင်တွင်းဘုရားစင်ပေါ် နှင်းဆီပန်းတွေ ကပ်လှူထားတာကို တွေ့ရုံနဲ့ စစ်ကောင်စီတပ်တွေက ဆိုင်ပိုင်ရှင်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

ထို့အတူ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်မှာ သားအမိနှစ်ဦး နှင်းဆီပန်းပန်ပြီး အောင်တော်မူဘုရားကို သွားစဉ် လမ်းမှာတင် ဖမ်းဆီးခြင်း ခံခဲ့ရသလို၊ စစ်ကိုင်းမြို့အဝင် စစ်ဆေးရေးဂိတ်မှာလည်း နှင်းဆီပန်းသယ်လာသူတစ်ဦးကို ကျပ် ၁၀ သိန်း ငွေဒဏ်ရိုက်ပြီး ငွေညှစ်ခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။

စစ်တပ်ဟာ နှင်းဆီပန်းတင်မကသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အရွယ်ဖြစ်တဲ့ “၈၁” ဆိုတဲ့ ဂဏန်းအပေါ်မှာပါ ဆက်ဆက်ထိမခံ ဖြစ်ပြန်ပါတယ်။

​မန္တလေးမြို့မှာ 81 Electronic လျှပ်စစ်ပစ္စည်းကုမ္ပဏီက (ပြီးခဲ့တဲ့ဇွန်လ၇ ရက်အပြေးပြိုင်ပွဲတုန်းက) ဝေခဲ့တဲ့ 81 logo ပါအားကစားဝတ်

စုံကို ဝတ်ဆင်ပြီး ပြေးခဲ့တဲ့ အမျိုးသားတစ်ဦးကို စစ်အုပ်စုက လမ်းမပေါ်တင် ရိုက်နှက်ဖမ်းဆီးသွားခဲ့ပါတယ်။ သာမန်ကုမ္ပဏီကြော်ငြာအင်္ကျီ ဝတ်ထားတာကိုပင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့်မွေးနေ့ လှုပ်ရှားမှုအဖြစ် စွပ်စွဲပြီး အကြမ်းဖက်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာပြည်တင်မကသေးပါဘူး။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က မြန်မာစစ်တပ်သံရုံးရှေ့မှာ တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းနဲ့အဖွဲ့က ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် နှင်းဆီပန်း ၈၁ ပွင့် သွားရောက်ပေးအပ်ခဲ့ပါတယ်။သံရုံးက ထိုင်းရဲတပ်ဖွဲ့ကို တိုင်လိုက်တာကြောင့် ခွင့်ပြုချက်မတောင်းဘဲ လုပ်ဆောင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုနေရှိုင်းကို ခေါ်ယူစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ဒါ​ပေမယ့်ထိုင်းရဲတပ်ဖွဲ့က​ခေတ္တ​ခေါ်ယူ​မေးမြန်းပြီး ပြန်လွှတ်​ပေးခဲ့ပါတယ်။ ကိုနေရှိုင်းနဲ့အဖွဲ့က ထိုင်းရဲ​တွေကို နှင်းဆီပန်း​တွေပြန်​ပေးခဲ့ပါတယ် ။မြန်မာနိုင်ငံမှာ​တော့ပြည်သူက နှင်းဆီပန်းပန်တာကို ကြီး​လေးတဲ့ ရာဇဝတ်မှုကျူးလွန်သလို အာဏာလုထားတဲ့စစ်တပ်က ပြုမူ​နေတာပါ။

စစ်အာဏာသိမ်းပြီးကတည်းက ပြည်သူတွေကို နည်းမျိုးစုံနဲ့ နှိပ်စက်နေတဲ့ စစ်ကောင်စီဟာ အခုဆိုရင် သာမန် နှင်းဆီပန်းတစ်ပွင့်နဲ့ “၈၁” ဆိုတဲ့ ဂဏန်းတစ်ခုကိုတောင် ရင်မဆိုင်ရဲလောက်အောင် ကြောက်ရွံ့ထိတ်လန့်နေတာကို မနေ့က ဖြစ်စဉ်တွေက သက်သေပြနေပါတယ်။ ပြည်သူတွေရဲ့ ခေါင်းဆောင်အပေါ် ထားတဲ့ ချစ်ခြင်းမေတ္တာနဲ့ တော်လှန်ရေးစိတ်ဓာတ်ကို လက်နက်အားကိုးနဲ့ ဘယ်လိုမှ နှိပ်ကွပ်လို့မရနိုင်ကြောင်း နှင်းဆီသပိတ်တွေက ထင်ဟပ်နေပါတော့တယ်။ ။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။

သတင်း

ကနေဒါ၊ ချက်နဲ့ ဂျပန်နိုင်ငံရောက် မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဇွန်လ ၁၉ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် (၈၁)နာရီကြာ ရေးဆွဲထားတဲ့ ပုံတူပန်းချီ ၂ ကားကို လေလံအစီအစဉ်ပြုလုပ်ပြီး ရရှိလာတဲ့ ငွေကို စစ်ဘေးဒုက္ခသည်တွေအတွက် ထောက်ပံ့ပေးသွားမယ်လို့ ပန်းချီဆရာမ နုယဉ်က အသိပေးထားပါတယ်။

သတင်း

လူထု‌ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကိုထိန်လင်းတို့ အမြန်ဆုံး ပြန်ဆုံတွေ့ပါစေလို့ အာရက္ခတပ်တော်(AA) ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က မနေ့က ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ မှာ ဆုတောင်းပေးခဲ့ပါတယ်။