သော်မွန်/People’s Spring
မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေကို ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်ပြီးနောက်ပိုင်း သူမရဲ့ တခြားဘယ်မိသားစုဝင်မှ တိုက်ချီဒိုလောက် နှစ်အကြာကြီး အတူမနေခဲ့ရပါဘူး။ တိုက်ချီဒိုဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ၁၁ နှစ်လောက်အတူနေခဲ့ပြီး သူ့အသက် ၁၆ နှစ်အရွယ်မှာ သူ့မိခင်ကြီး ပြန်လည်လွတ်မြောက်လာမယ့်ရက်ကို စောင့်ဆိုင်းရင်း ဒီနေ့ ဇွန်လ ၂၁ ရက် ညဦးပိုင်းမှာ ကွယ်လွန်သွားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁နှစ်မြောက် မွေးနေ့အလွန် နှစ်ရက်အကြာမှာ တိုက်ချီဒိုဆုံးပါးခဲ့တာဆိုတော့ သူ့မိခင်ကြီးရဲ့မွေးနေ့အထိ အားတင်းထားပုံပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်တွင်းက လူထု၊ ပြည်ပရောက် မြန်မာပြည်ဖွားတွေရဲ့ တခဲနက်ချစ်ခင်ထောက်ခံမှုကို ခံရပေမယ့် သူ့ရဲ့အနီးကပ်မှာ သားငယ် ကင်မ်အဲရစ် ခေါ် ကိုထိန်လင်း လက်ဆောင်ပေးထားခဲ့တဲ့ တိုက်ချီဒိုလေးအပေါ် မိသားစုဝင်တစ်ဦးသဖွယ် သည်းသည်းလှုပ်ချစ်ခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်နှိုက်ကလည်း ခွေးချစ်သူတစ်ဦးဆိုတော့ တိုက်ချီဒိုဆိုတာ သူ့သားငယ် ကင်မ်အဲရစ် ခေါ် ကိုထိန်လင်းပေးတဲ့ လက်ဆောင်ထက်ပိုတဲ့ နောက်ထပ် သားငယ်တစ်ဦးပါ။
လွန်ခဲ့တဲ့ ၁၅ နှစ် ၂၀၁၁ ခုနှစ်က ကိုထိန်လင်း မြန်မာပြည်အလည်လာတဲ့ခရီးစဥ်မှာတော့ မိသားစုဝင်တွေ ဆုံစည်းခဲ့ကြပါတယ်။ အဲဒီတုန်းက အခုလိုဇွန်လမှာ ကိုထိန်လင်းက သူ့မေမေရဲ့ ၆၆နှစ်မြောက် မွေးနေ့အတွက် မြန်မာပြည်လာရောက်ခဲ့တာပါ။ ကိုထိန်လင်းရဲ့တောင်းဆိုမှုနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သားအမိတွေ ရှေးဟောင်းယဥ်ကျေးမှုမြို့တော် ပုဂံကို အပန်းဖြေခရီးထွက်ခဲ့ကြပါတယ်။

Public Service Announcement
အဲဒီခရီးစဥ်နဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ရေးခဲ့ပါတယ်။ “အရေးကြီးဆုံးတစ်ချက်က ကင်မ်ရယ်၊ ကျွန်မရယ်၊ ကျွန်မတို့ရဲ့ခွေးလေး တိုက်ချီဒိုရယ်(ဒါဟာ မိသားစု အပန်းဖြေခရီးဆိုရင်တော့ ခွေးလေးကို အိမ်မှာ ထားပစ်ခဲ့ဖို့ မစဥ်းစားသင့်ဘူး မဟုတ်လား)” ဟုတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုက်ချီဒိုကို မိသားစုဝင်တစ်ဦးလို၊ သားငယ်တစ်ဦးလို သဘောထားခဲ့တာပါ။ နောက်ပိုင်းနှစ်တွေမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုက်ချီဒိုကို ခွေးလို့ ခေါ်ရင်တောင် သိပ်မကြိုက်ဘူးလို့ အနီးကပ်နေဖူးသူတွေက ပြောပါတယ်။
တိုက်ချီဒိုကလည်း အရမ်းစွာသလို သူ့မိခင်ကြီးအနားကို တခြားလူတွေ ကပ်တာကိုလည်း သိပ်မကြိုက်ဘူးလို့ ဆိုကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အနီးကပ်လုံခြုံရေးတော်တော်များများ တိုက်ချီဒို ကိုက်တာမခံရဖူးသူ မရှိသလောက်လို့ ပြောစမတ်တွင်ပါတယ်။
“ကိုဇေယျာသော်ကိုတောင် လိုက်ကိုက်တာ အပြေးမြန်လို့ လွတ်သွားတာ၊ ကိုစိုးဝင်းတို့ အကိုက်ခံရဖူးတယ်”လို့ NLD လွှတ်တော်အမတ်တစ်ဦးက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ဘဝမှာ ပထမဆုံးအမှတ်ရတဲ့ အိမ်မွေးတိရစ္ဆာန်က ကြောင် ဖြစ်ပေမယ့် ကြောင်ထက် ခွေးကို ပိုချစ်သူလို့ မြန်မာပြည်ကရေးတဲ့စာ(Letters from Burma)တစောင်မှာ ဝန်ခံဖူးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တက္ကသိုလ်ကျောင်းသူဘဝနဲ့ အင်္ဂလန်ကို ရောက်တဲ့အခါမှာတော့ ခွေးချစ်သူတို့ရဲ့ ကမ္ဘာထဲကို ဝင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အောက်စဖို့ကနေ ကျောင်းပြီးလို့ ကုလသမဂ္ဂမှာ ဝန်ထမ်းလုပ်တော့လည်း နယူးယောက်မြို့ မန်ဟက်တန်မှာ သူ့ကို အကာအကွယ်ပေးချင်တဲ့ ’အင်ပီ’ ဆိုတဲ့ အယ်လ်ဆေးရှင်းခွေးအကြောင်း ရေးခဲ့ဖူးပါတယ်။ အင်ပီနဲ့ ပတ်သက်လို့ ‘အင်ပီရဲ့ ကျွန်မအပေါ် သဘောထားက အမေတစ်ယောက်လို အကာအကွယ်ပေးချင်တယ်။ ကျွန်မ အပြင်က အပြန်နောက်ကျရင် သူက အပြစ်တင်ချင်သလို အမူအရာနည်းနည်းပြပေမယ့် စိတ်ရှည်လက်ရှည် ထိုင်စောင့်တတ်ပြီး သူ မသိတဲ့ သူတွေ လာလည်ရင် ကျွန်မဘေးက ဆိုဖာပေါ်မှာ ဘယ်သူမှ မထိုင်ရအောင် လုပ်တယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ရေးပါတယ်။
မြန်မာပြည်က ရေးတဲ့စာထဲမှာ ဒေါ်အောင်ဆန်းစုကြည်က သူနဲ့ မိုက်ကယ်အဲရစ်တို့ လက်ထပ်ပြီးပြီးချင်း ဘူတန်သွားနေတုန်းက ကိုယ်ပိုင်ခွေးတစ်ကောင် မွေးတဲ့အကြောင်းလည်း ထည့်ရေးပါတယ်။ သူတို့ လက်ထပ်တဲ့ ၁၉၇၂ ခုနှစ်က ကိုယ်ပိုင်ခွေးမွေးတဲ့ အကြောင်းကို နှစ်
ပေါင်း ၃၉နှစ်အကြာ ၂၀၁၁ မှာ ပြန်ရေးပြတာတောင် ဒေါ်အောင်ဆန်းစုကြည်က အသေးစိတ် မှတ်မှတ်ထင်ထင် ရေးပါတယ်။ အဲဒီခွေးလေး သူတို့ဆီ ရောက်တဲ့အချိန်မှာ အဖြူနဲ့ အညိုစပ်ထားတဲ့ အထုတ်လေးတစ်ထုတ်လို ဖြစ်နေပြီး သင့်တော်တဲ့ နာမည်ပေးဖို့ ခက်ခက်ခဲခဲနဲ့ လပေါင်းများစွာကြာ အချိန်ယူ စဥ်းစားခဲ့တယ်လို့ ဆိုပါတယ်။ အဆုံးမတော့ သူ့ကို စတွေ့ကတည်းက ခေါ်ခဲ့တဲ့အတိုင်း ‘ပါပီ’ဆိုတာ သူနဲ့အလိုက်ဆုံးပဲလို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ရေးပါတယ်။ ပါပီငယ်ငယ်က အိပ်ရင် ဒေါ်အောင်ဆန်းစုကြည် လည်ပင်းကို ပတ်အိပ်တတ်ပြီး ကြီးလာတော့ သူတို့နဲ့အတူ ကမ္ဘာတစ်ဝက်လောက်ကို စွဲစွဲမြဲမြဲ အတူလိုက်ရင်း အကြမ်းခံတဲ့ ခရီးသွားတစ်ဦးဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။
ပါပီဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားတွေ လူ့လောကကြီးထဲ ရောက်လာတဲ့အခါမှာ သူတို့အပေါ်စောင့်ရှောက်တဲ့ မျက်စိနဲ့ ဒေါက်ထောက်ကြည့်တော့တာပဲလို့ ထည့်သွင်း ရေးသားပါတယ်။ ပါပီကို သိက္ခာရှိတဲ့ ခွေးအိုကြီးမို့ အောက်စဖို့ဒ်က ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့သူငယ်ချင်းတွေ၊ ဆွေမျိုးတွေက သိကြပြီး အိမ်ထောင်စုရဲ့ အမှတ်အသားဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ပထမဆုံးမိသားစုခွေး ပါပီဟာ အသက်ကြီးရင့်တဲ့အရွယ် ၁၉ နှစ်အရွယ် ဆုံးပါးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ရေးပါတယ်။ ပါပီဆုံးပါးတဲ့အချိန်က ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်မှာ နေအိမ်အကျယ်ချုပ် ကျနေတဲ့အချိန် ဖြစ်ပါတယ်။
အခုလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ တကျော့ပြန်အာဏာသိမ်းစစ်တပ်ကလွဲလို့ ဘယ်သူမှ မသိတဲ့ နေရာတစ်ခုမှာ ဖမ်းဆီးခံထားချိန်မှာ သူချစ်တဲ့၊ သူ့ကိုချစ်တဲ့ တိုက်ချီဒိုဟာ ပြန်မဆုံနိုင်တော့ဘဲ ခွဲခွာသွားခဲ့ပြန်ပြီဖြစ်ပါတယ်။ ။


















































