Connect with us

Hi, what are you looking for?

သတင်း

နမ့်လန်မှာ ကျောင်းထိုင်ဘုန်းကြီးအသစ်က RCတိုက်ဆောက်ဖို့ နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ ရှေးဟောင်းဘုန်းကြီးကျောင်းကို ဖြိုချ

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်လန်မြို့မှာ ဘုန်းကြီးကျောင်းအသစ်ဆောက်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့ နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ ရှေးဟောင်းရှမ်းလက်ရာ ဘုန်းကြီးကျောင်းကို ကျောင်းထိုင်ဘုန်းကြီးနဲ့ ဂေါပကအဖွဲ့က ဖြိုချဖျက်ဆီးပစ်လိုက်တယ်လို့ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ-၁၆၊ ၂၀၂၆။ မိထက်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်လန်မြို့မှာ ဘုန်းကြီးကျောင်းအသစ်ဆောက်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့ နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ ရှေးဟောင်းရှမ်းလက်ရာ ဘုန်းကြီးကျောင်းကို ကျောင်းထိုင်ဘုန်းကြီးနဲ့ ဂေါပကအဖွဲ့က ဖြိုချဖျက်ဆီးပစ်လိုက်တယ်လို့ဒေသခံတွေက ပြောပါတယ်။

ကျွန်းအပါအဝင် သစ်ကောင်းတွေနဲ့ အခိုင်အမာတည်ဆောက်ထားပြီး သစ်တိုင်ပေါင်းရာချီရှိတဲ့ အဲဒီနှစ်ထပ်ကျောင်းဆောင်နေရာမှာ RC နှစ်ထပ်အဆောက်အအုံ ဆောက်မယ်လို့ဆုံးဖြတ်ပြီး ဖြိုချဖျက်ဆီးပစ်တာလို့ သိရပါတယ်။

“မြို့ခံတော်တော်များများက မဖျက်ဆီးစေချင်ဘူး။ ထပ်ဆောက်ချင်ရင်လည်း မြေလွတ်တဲ့နေရာမှာ ဆောက်ဖို့တိုက်တွန်းကြတယ်။ ဒါပေမယ့် ဘုန်းကြီးကလည်း မကြာသေးခင်ကမှကျောင်းထိုင်ဖြစ်တာ။ သူကတိုက်အသစ်လိုချင်တယ်။ တားမယ့်သူလည်းမရှိဘူး။ ဌာနဆိုင်ရာတွေလည်း ဝေဖန်သုံးသပ်တာမရှိဘူး။ အခုတော့ အပုံလိုက်ဖြစ်သွားပါပြီ”လို့ နမ့်လန်ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီကျောင်းတိုက်ဟာ ကိုလိုနီခေတ်ကတည်ဆောက်ခဲ့တာဖြစ်ပြီး ရှေးဟောင်းရှမ်းလက်ရာ အနုပညာတန်ဖိုးတွေရှိတဲ့ နေရာဖြစ်ပါတယ်။ ဒေသခံတွေဟာ ကျောင်းထိန်းသိမ်းရေးကို စနစ်တကျလုပ်ဆောင်ခဲ့ပေမယ့် ယခုနှစ်မှာတော့ ဖျက်ဆီးခံလိုက်ရတာလို့ ဆိုပါတယ်။

“ကျောင်းထိုင်ဘုန်းကြီးက အသက်ငယ်တယ်ဆိုတော့ အသိတရားနည်းတယ်။ ဘုန်းကြီးကျောင်း ဆောက်မယ်ဆိုတော့ အလှူခံလို့ကောင်းတာပေါ့။ ဂေါပကအဖွဲ့ကလည်း မတားရဲဘူး။ တားရင်အလုပ်ပြုတ်မှာစိုးလို့”လို့ အဲဒီကျောင်းကိုကိုးကွယ်နေတဲ့ သီပေါမြို့ဒေသခံတစ်ဦးက ပြောပါတယ်။ နမ့်လန်မြို့ဟာ သီပေါမြို့နယ်ထဲမှာပါဝင်ပါတယ်။

ဖျက်ဆီးခံလိုက်ရတဲ့ကျောင်းအဆောက်အအုံအစိတ်အပိုင်းတွေကို သီပေါမြို့ပေါ်ကို သယ်နေတာလည်း တွေ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မူလကျောင်းအဆောက်အအုံထဲက ရှေးဟောင်းပစ္စည်းတွေနဲ့ ရှေးဟောင်းတံခါးတွေဗီဒိုတွေကို အလွဲသုံးစားလုပ်မှာကိုလည်း ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

တချိန်က နမ့်လန်မြို့ရဲ့ ဂုဏ်ယူစရာ၊ မျိုးဆက်ပေါင်းများစွာရဲ့ အမှတ်တရနဲ့ သမိုင်းသက်သေတစ်ခုဖြစ်ခဲ့တဲ့ ကျောင်းတော်ကြီးဟာအတိတ်ရဲ့ မှတ်တမ်းတစ်ခုအဖြစ်သာ ကျန်ရစ်ခဲ့ပြီလို့ ဒေသတွင်းအခြေအနေတွေကို ဖော်ပြပေးနေတဲ့ နမ့်လန်လူထုအသံက ရေးသားထားပါတယ်။ ဖျက်ဆီးခဲ့တဲ့သူတွေက သမိုင်းတရားခံတွေအဖြစ်မှတ်တမ်းတင်ထားတယ်လို့လည်း မြို့ခံအချို့က ပြောပါတယ်။

ဆက်စပ်သတင်းများ