Connect with us

Hi, what are you looking for?

သတင်း

ခုခံစစ်အတွက် ဆက်လက် ကူညီ ပံ့ပိုးပေးဖို့ ချင်းတပ် CPU/CPA မေတ္တာရပ်ခံ

ချင်းပြည်သူ့ အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် (CPU/CPA) ဖွဲ့စည်း တည်ထောင်ခြင်း (၁) နှစ်ပြည့် ကြေညာချက် ထုတ်ပြန်ခဲ့ရာ ခုခံစစ်အတွက် ဆက်လက် ကူညီ ပံ့ပိုးပေးဖို့ မေတ္တာရပ်ခံထားပါတယ်။

(ချင်းပြည်သူ့ အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် (CPU/CPA) က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ — CPU/CPA)

နိုဝင်ဘာ ၁၆၊ ၂၀၂၆။ ထားမြတ် / People’s Spring

ချင်းပြည်သူ့ အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် (CPU/CPA) ဖွဲ့စည်း တည်ထောင်ခြင်း (၁) နှစ်ပြည့် ကြေညာချက် ထုတ်ပြန်ခဲ့ရာ ခုခံစစ်အတွက် ဆက်လက် ကူညီ ပံ့ပိုးပေးဖို့ မေတ္တာရပ်ခံထားပါတယ်။

ချင်းညီနောင် အဖွဲ့ဝင်တွေဖြစ်တဲ့ ချင်းဒေသ ကာကွယ်ရေးတပ် (CDF)-မင်းတပ်၊ CDF ကန်ပက်လက်၊ CDF မတူပီနဲ့ မတူပီမြို့နယ် ဒိုင်ဒေသက CDF ဒိုင်တို့ဟာ ၂၀၂၅ နိုဝင်ဘာ ၁၅ ရက်မှာ CPU/CPA အဖြစ် ဖွဲ့စည်းခဲ့ရာ တစ်နှစ်ပြည့် နှစ်ပတ်လည်အတွက် အခုလို ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

(၁) နှစ်ပြည့် အခါသမယအတွင်း တော်လှန်ရေး ကာလမှာ အသက်ပေး လှူသွားကြတဲ့ အာဇာနည် ရဲဘော်များ၊ ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းကို ပေးလှူကြသော ရဲဘော် ရဲမေများနဲ့ တကွ လက်ရှိ စစ်မြေပြင်တွေမှာ မိမိတို့ ချင်းလူမျိုးရဲ့ ဘိုးဘွားပိုင် မြေအား သူရသတ္တိ ပြည့်စုံစွာဖြင့် ခုခံ ကာကွယ်နေကြသော ချင်းပြည်သူ့တပ်မတော် ရဲဘော်များ၊ အတူ တိုက်ပွဲဝင်နေတဲ့ မဟာမိတ် ရဲဘော်များ အားလုံးကို ဂုဏ်ပြု ဦးညွတ် အလေးပြုကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Public Service Announcement

Public Service Announcement

ချင်းပြည်ကို ယနေ့တိုင် ကြံ့ကြံ့ခံ ခုခံ ကာကွယ်နိုင်ဖို့ မြေပြင်ရှိ ရဲဘော်များ၊ ထောက်ပို့ ရဲဘော်များ၊ ကုသရေး တာဝန်ယူသူများ၊ အဖွဲ့အစည်းရဲ့ တာဝန်ရှိသူ အသီးသီးနဲ့အတူ တစ်သားတည်း ရပ်တည်ကာ ငွေကြေး၊ အချိန်၊ လုပ်အားတို့ဖြင့် တက်ကြွစွာ ပူးပေါင်း ပါဝင်ကြတဲ့ ဒေသခံ ပြည်သူလူထုအား အထူး ဂုဏ်ယူ ကျေးဇူးတင်ကြောင်း ဖော်ပြထားပါတယ်။

“လက်ရှိ ခုခံစစ်အတွင်း မိမိတို့အတွက် ငွေရေးကြေးရေး၊ ဆေးဝါး ရိက္ခာများ ပေးလှူနေကြသော ပြည်တွင်း ပြည်ပ ရှိ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ အနေဖြင့် ဆက်လက် ကူညီ ပံ့ပိုးပေးကြရန်အတွက်လည်း မေတ္တာရပ်ခံလိုပါသည်။ ထို့အပြင် ယနေ့ထိ မိမိတို့အား ဘက်ပေါင်းစုံမှ ကူညီပေးနေသော မဟာမိတ် ရက္ခိုင် အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) နှင့် လက်ရှိ မြေပြင်တွင် အတူတကွ တိုက်ပွဲဝင်နေကြသည့် ညီနောင် တော်လှန်ရေး မဟာမိတ် အဖွဲ့အစည်း အားလုံးကိုလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း ဖော်ပြအပ်ပါသည်” လို့ CPU/CPA က ထုတ်ပြန်ပါတယ်။

ချင်းပြည်သူလူထု လိုလား တောင့်တနေသော ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ အမျိုးသား တန်းတူရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ရရှိတဲ့အထိ ရည်မှန်းချက် တူညီတဲ့ မဟာမိတ် တော်လှန်ရေး အင်အားစုများနဲ့အတူ လက်တွဲကာ စစ်ရေး၊ နိုင်ငံရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆက်လက် ဆောင်ရွက်သွားမယ်လို့လည်း CPU/CPA က အသိပေးပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ CPU/CPA ထိန်းချုပ်ထားတဲ့ မင်းတပ်နဲ့ ကန်ပက်လက် မြို့နယ်တွေ ပြန်ရဖို့ ၂၀၂၆ မေလက စတင် ထိုးစစ်ဆင်လျက် ရှိပါတယ်။ စစ်တပ်က မြေပြင် စစ်အင်အား အလုံးအရင်း အသုံးပြု ထိုးစစ်ဆင်နေတာအပြင် လေကြောင်း တိုက်ခိုက်မှုတွေလည်း အပြင်းအထန် ပြုလုပ်လျက် ရှိပါတယ်။ ဒါ့အပြင် တိုက်ပွဲ ဖြစ်ပွားရာ နေရာ မဟုတ်တဲ့ အရပ်သား ပြည်သူ နေထိုင်ရာ နေရာတွေကိုလည်း ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် အရပ်သား ပြည်သူ သေဆုံး ထိခိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်ခဲ့ပါတယ်။

စစ်တပ်ဟာ ချင်းတောင်ပိုင်း ထိုးစစ်မှာ အထိနာ ရှေ့တိုးနိုင်ခြင်း မရှိသေးတာကြောင့် စစ်အင်အားတွေ ဆက်လက် ဖြည့်တင်းနေလို့ စစ်ရေး အခြေအနေတွေ ပိုမို တင်းမာလျက် ရှိပါတယ်။

ဆက်စပ်သတင်းများ