အမေရိကန် လေတပ်ရဲ့ အဆင့်မြှင့်တင်ထားတဲ့ F-15 ဗားရှင်းအသစ် တိုက်လေယာဉ်တွေကို ပြည်ပမှာ ပထမဆုံး အခြေစိုက်မှုအဖြစ် ဂျပန်ကို ရောက်ရှိလာကြပါတယ်။
F-15EX တိုက်လေယာဉ် ၂ ဟာ ဂျပန်က အိုကီနာဝါကျွန်းမှာရှိတဲ့ ကာဒီနာ လေတပ်စခန်းကို နိုဝင်ဘာ ၁၅ ရက်နေ့မှာ ရောက်ရှိလာပါတယ်။ အမေရိကန်ဟာ အိုကီနာဝါမှာ ဖြန့်ကျက်ထားတဲ့ F-15Cနဲ့ F-15D ၄၈ စီးရဲ့ နေရာမှာ စွမ်းဆောင်ရည်ပိုင်း အများကြီး ပိုမိုထူးကဲ သာလွန်လာတဲ့ F-15EX ၃၆ စီးကို တစ်ဆင့်ချင်း အစားထိုးသွားမှာ ဖြစ်ပါတယ်။
ဇွန်လတုန်းက F-15EXတွေဟာ ကာဒီနာ လေတပ်စခန်းကို ခဏတာ လာရောက် အခြေစိုက်ဖူးပေမယ့် ရေရှည်ဖြန့်ကျက်ထားတာမျိုးတော့ မဟုတ်ခဲ့ပါဘူး။ အခုတစ်ကြိမ် ဖြန့်ကျက်မှုကတော့ အမေရိကန်ပြင်ပ မဟာမိတ် နိုင်ငံတစ်ခုမှာ F-15EXတွေကို ပထမဆုံး ရေရှည် တပ်စွဲထားစေမှုလည်း ဖြစ်လာပါတယ်။
စတုတ္ထမျိုးဆက် တိုက်လေယာဉ်တွေဖြစ်တဲ့ F-15တွေဟာ အမေရိကန် လေတပ်မှာ အယုံကြည်ရဆုံး ပြိုင်စံရှား ဂန္ထဝင် တိုက်လေယာဉ်တွေအဖြစ် ရပ်တည်ခဲ့ပြီး နောက်ပိုင်းမှာတော့ ပဉ္စမမျိုးဆက် F-35နဲ့ F-22တွေကို အမေရိကန် လေတပ်က အသုံးပြုလာခဲ့ပါတယ်။

Public Service Announcement
ဒါပေမဲ့ F-15တွေရဲ့ အံ့မခန်း စွမ်းဆောင်ရည်၊ မြေပြင်နဲ့ ဝေဟင်မှာ ထူးကဲတဲ့ စစ်ဆင်ရေး စွမ်းဆောင်ရည်တွေကြောင့် အဲဒီ လေယာဉ်တွေကို လေတပ်က အနားမပေးဘဲ ပိုမိုကောင်းမွန်တဲ့ ဗားရှင်းသစ်အဖြစ် ထပ်မံအဆင့်မြှင့်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ရေဒါနဲ့ ထောက်လှမ်းမှုတွေကနေ ပုန်းကွယ် တိမ်းရှောင်နိုင်တဲ့ ကိုယ်ပျောက် (stealth) စွမ်းရည်မျိုး F-15EXတွေက မပိုင်ဆိုင်ပါဘူး။ ဒါပေမဲ့ တိုက်လေယာဉ် တင့်ကားတွေလို့ တင်စားခံရလောက်တဲ့ တိုက်ခိုက်ရေး စွမ်းပကားမျိုးကို အဲဒီလေယာဉ်တွေက ယူဆောင်ပေးနိုင်ပါတယ်။ လေကြောင်း စိုးမိုးရေးကို အဓိကထားတဲ့ ဘက်စုံသုံး တိုက်လေယာဉ်အဖြစ် ထုတ်လုပ်ထားပေမယ့် F-15EXဟာ စုစုပေါင်း လက်နက်ခဲယမ်း ၁၃.၃ တန်ထိ တင်ဆောင်နိုင်ပါတယ်။ ဒါဟာ မြေပြင် တိုက်ခိုက်ရေးအတွက် အဓိက ရည်ရွယ်ထားတဲ့ ဗုံးကြဲတိုက်လေယာဉ် တချို့ထက် ပိုမို သာလွန်တဲ့ လက်နက် တင်ဆောင်နိုင်စွမ်း ဖြစ်ပါတယ်။
အမေရိကန် လေတပ်ကတော့ F-15EXတွေကို စတုတ္ထခွဲ မျိုးဆက်လို့ သတ်မှတ်ပြီး ပိုမိုအဆင့်မြင့်တဲ့ ရေဒါတွေ၊ ဒစ်ဂျစ်တယ် နည်းပညာ ဖြည့်တင်းထားတဲ့ လေယာဉ်ထိန်းချုပ် စနစ်တွေ၊ သက်တမ်းပိုမို ကြာရှည်ခံမယ့် ကိုယ်ထည်တည်ဆောက်မှုတွေ၊ လက်နက် အများအပြားကို သယ်ဆောင်ပြီး တာဝေးတိုက်ခိုက်နိုင်စွမ်းတွေ ပေါင်းစပ်ပေးထားကြောင်း ပြောပါတယ်။
စစ်ရေး သုတေသီတွေကတော့ ပဉ္စမမျိုးဆက် ကိုယ်ပျောက် တိုက်လေယာဉ်တွေဟာ လက်နက်အရေအတွက် အကန့်အသတ်နဲ့သာ သယ်ဆောင်နိုင်ပြီး ရန်သူ့ရေဒါတွေနဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေကို တိတိကျကျ ချေမှုန်းတဲ့ မစ်ရှင်မျိုးကို တာဝန်ယူဖွယ်ရှိကြောင်း၊ ခွဲစိတ်ခန်းသုံး ဓားတွေနဲ့တူကြောင်း သုံးသပ်ပြကြပါတယ်။ F-15EXတွေရဲ့ တိုက်ခိုက်မှုကတော့ ပုဆိန်နဲ့ ဝင်ရမ်းသလိုမျိုး ရန်သူ့နယ်မြေမှာ ကြီးမားတဲ့ ထိခိုက်ပျက်စီးမှုတွေ ဖန်တီးဖို့ အသုံးဝင်လိမ့်မယ်လို့ ဥပမာ ပေးထားကြပါတယ်။
စစ်လက်နက် သုတေသန ဌာနတစ်ခုဖြစ်တဲ့ Defence Industry Europeကတော့ အိုကီနာဝါမှာ အခြေစိုက်မယ့် F-15 တိုက်လေယာဉ် အရေအတွက်က ပိုနည်းသွားမှာ ဖြစ်ပေမယ့် F-15EXတွေရဲ့ နည်းပညာပိုင်း အများကြီး ပိုမို အဆင့်မြင့်လာခြင်းကြောင့် အင်ဒို-ပစိဖိတ် ဒေသမှာ အမေရိကန်ရဲ့ လေကြောင်းကာကွယ်ရေး စွမ်းဆောင်ရည်ကို သိသိသာသာ မြှင့်တင်ပေးလာနိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
ကိုးကား: Japan Times






















































