ထိုင်းက ဘုန်းတော်ကြီးကျောင်း တစ်ခုမှာ တရားဟောစင်မြင့် တစ်ခုကို ပန်းကန်ပြားပျံ (UFO)ပုံစံ တည်ဆောက်ထားတာကြောင့် လူမှုကွန်ရက် မီဒီယာတွေမှာ လူပြောများနေပါတယ်။
အခုနှစ် လွိုင်ခရာသုမ် ပွဲတော်ကာလမှာ ဘုန်းတော်ကြီး တစ်ပါးက ဗုဒ္ဓတရားတော်တွေကို ရွတ်ပွားရာမှာ ပန်းကန်ပြားပျံထဲ ဝင်ထိုင်နေသလို ပုံစံမျိုး ဖြစ်နေတာကြောင့် အတော်လေး အမြင်ဆန်းပြီး လူမှုကွန်ရက်ပေါ်မှာ အဲဒီအကြောင်း မျှဝေနေကြတာ ဖြစ်ပါတယ်။
ဖက်ချာဘူရီမှာရှိတဲ့ ဝတ်ဘန်ဒိုင်သောင်ဘုန်းတော်ကြီးကျောင်းကတော့ UFO ဆိုတာဟာ အဆုံးမရှိတဲ့ ခရီးကို ရည်ညွှန်းတဲ့ သင်္ကေတ တစ်ခုလို့ မှတ်ယူတဲ့အတွက် အခုလို စီစဉ်ခဲ့တာလို့ ဆိုပါတယ်။ အဆုံးမရှိတဲ့ခရီး (သံသရာ) ဆိုတာက ဗုဒ္ဓအဆုံးအမ တရားတော်တွေနဲ့လည်း ဆက်စပ်နေတာကြောင့် UFOပုံ တရားဟော စင်မြင့်ကို အသုံးပြုဖို့ စိတ်ကူးရခဲ့တာလို့ ဘုန်းတော်ကြီးကျောင်းရဲ့ Facebook စာမျက်နှာမှာ ရေးသားထားခဲ့ပါတယ်။
ပွဲတော်ကာလ တရားပွဲမှာ UFOပုံ တရားဟော စင်မြင့်ကို အသုံးပြုခဲ့တာဟာ အတွေးအခေါ်ပိုင်းကို ထင်ဟပ်စေဖို့သာဖြစ်ပြီး လူစိတ်ဝင်စားအောင် စတန့်ထွင်တာ မဟုတ်ဘူးလို့လည်း ဘုန်းကြီးကျောင်းဖက်က ဖြေရှင်းထားပါတယ်။

Public Service Announcement
ဗုဒ္ဓ ဘုရားရှင်ဟာ ကိုယ်တော်ရဲ့ ဆုံးမမှုတွေကို လူအများ ကောင်းကျိုးချမ်းသာ ရရှိစေဖို့၊ ပျော်ရွှင်စေနိုင်ဖို့ ရည်ရွယ် ဖြန့်ဝေခဲ့ကြောင်း၊ ဒါကြောင့် ဓမ္မကို ဟောကြားပို့ချတဲ့ အခါမှာ ဘုရားကျောင်းနဲ့ ကိုက်ညီတဲ့ အဆင်တန်ဆာပဲ ရှိရမယ် ဆိုတာမျိုး၊ လူ့အဖွဲ့အစည်း တစ်ခုတည်းအတွက်ပဲ ရည်ရွယ်ရမယ် ဆိုတာမျိုး ကန့်သတ်မထားဘဲ ခေတ်နဲ့အညီ ဆန်းသစ်ပြီး လူအများဆီ ပျံ့နှံ့သွားအောင် ဆောင်ရွက်ဖို့ လိုကြောင်းလည်း ဘုန်းကြီးကျောင်းက ရေးသားထားပါတယ်။
အာကာသယာဉ် တစ်စီးဟာ အရမ်းဝေးကွာတဲ့ ဂြိုဟ်ကမ္ဘာတွေဆီ သယ်ဆောင်သွားနိုင်ပေမယ့် ဗုဒ္ဓရဲ့ တရားတော်တွေကတော့ အဆုံးမရှိတဲ့ နာကျင်မှုတွေကနေ လူသားတွေကို ငြိမ်းချမ်းခြင်းနဲ့ လွတ်မြောက်ခြင်းဆီ သယ်ဆောင်သွားနိုင်မှာဖြစ်ကြောင်း ဘုန်းကြီးကျောင်းရဲ့ သတင်းစကားထဲမှာ ဖော်ပြထားပါတယ်။
အာကာသယာဉ်တွေကို လူသားတွေက တည်ဆောက်လို့ရပြီး ဓမ္မ ဆိုတာကတော့ ဉာဏ်အလင်းပွင့်မှုရဲ့ ယာဉ်တစ်စီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဗုဒ္ဓရဲ့ တရားတော်တွေကို ဖြန့်ဝေရာမှာ ဘယ်လို ပုံစံ၊ ဘယ်လိုနည်းလမ်းကို သုံးသလဲ ဆိုတာက အရေးမကြီးဘဲ အဲဒီ ဆိုဆုံးမမှုတွေက လူသားတွေရဲ့ စိတ်နှလုံးမှာ ကိန်းအောင်းပြီး နောက်မျိုးဆက်တွေဆီ လက်ဆင့်ကမ်းဖို့ကသာ အဓိကကျကြောင်းလည်း ဘုန်းတော်ကြီးကျောင်းက မှတ်ချက်ပြုထားပါတယ်။
ကိုးကား: Bangkok Post
























































