Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“စစ်ကောင်စီအနေနဲ့ကတော့ စစ်ကိုင်းတိုင်းတစ်ဝိုက်က သူတို့အတွက် ချောက်တစ်ခုထဲကို မောင်းလာတဲ့ ရထားတစ်ခုလိုပဲ။တစ်တွဲကျွံရင် တစ်တွဲပျက်ကြမယ်။နှစ်တွဲကျွံရင် နှစ်တွဲပျက်ကြမယ်”

အားလုံးထိတွေ့မှုက အကြီးအငယ် ပျောက်ကြားရော ထိပ်တိုက်ပါဆိုရင်အကြိမ်ရေ ၄၀ လောက်ရှိသွားပြီ။အကိုတို့ ပုလဲမြို့နယ်တင်မဟုတ်ဘူးနော်။စလင်း၊ကနီ၊ယင်းမာပင် အစပ်တစ် လျှောက် တွေ နဲ့ ယော အစပ် ထိ ပါ မဟာမိတ်ညီနောင်တွေနဲ့ လိုက်တိုက်ခဲ့တယ်။တိုက်လဲတိုက်နေဦးမယ်။

—ပုလဲPDFဦး​ဆောင်သူ ဗိုလ်နဂါးနှင့်အင်တာဗျူး

အာဏာသိမ်းစစ်ကောင်စီ၏ ထိုးစစ်ဆင်မှုကို စစ်ကိုင်း တိုင်းမှ ​ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်များက တူမီး​သေနတ်များ ၊လက်လုပ်မိုင်းများအဓိကအသုံးပြု၍ အ​ကောင်းဆုံးခုခံတိုက်ခိုက်လျှက်ရှိသည်။ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်ရာတွင် ညီညွတ်လှသလို ၊ အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)ကနိုင်ငံတစ်ဝန်းခုခံ​တော်လှစ်စစ်စတင်​ကြောင်း​ကြေညာပြီး​နောက် ခုခံမှုအားအ​ကောင်းဆုံး​ဒေသမှာစစ်ကိုင်းတိုင်းဖြစ်သည်။စစ်​ကောင်စီတပ်ဖွဲ့ဝင်များအထိ့နာ​နေသဖြင့် စစ်ကိုင်းတိုင်းနှင့်ချင်းပြည်နယ်ကိုအကြမ်းဖက်စစ်​ကောင်စီတပ်က အင်အားအလွန်အကျွံ့ပို့၍ထိုးစစ်ဆင်ရန်ကြိုးစား​နေသည်။စစ်​ကောင်စီကအ​နော်ရထာစစ်ဆင်​ရေးဟု အမည်​ပေး၍ စစ်ကိုင်းတိုင်းကို ထိုးစစ်ဆင်ရန် ကြိုးပမ်း​သော်လည်း စစ်ကိုင်းတိုင်းရှိ မြို့နယ်အသီးသီးမှ ​ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်များကလည်း ရဲရင့်စွာ၊ညီညွတ်စွာခုခံစစ်ဆင်​နွှဲ​နေသည်ကို​တွေ့ရသည်။စစ်ကိုင်းတိုင်း၏ ​တော်လှန်​ရေးစစ်မျက်နှာတွင် လက်ရှိမြေပြင် အ​ခြေအ​နေများကို ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Pale People’s Defense Force (PPDF)၏ ဦးဆောင်သူ ဗိုလ်နဂါး အား People’s Spring သတင်းဌာနမှ ဆက်သွယ်မေးမြန်းထားသည်ကို​ ဖော်ပြလိုက်ပါသည်။ ပုလဲ PDF သည် ​အောက်တိုဘာလတွင် စစ်​ကောင်စီတပ်ကို အကြိမ်ကြိမ်အထိနာ​အောင် လက်စွမ်းပြတိုက်ခိုက်​နေ​သော​တော်လှန်​ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည်။

မေး – အခုစစ်ကိုင်းတိုင်းမှာစစ်ကောင်စီရဲ့ စစ်​ကြောင်းထိုး​နေတာကို ဘယ်လိုခုခံတိုက်​နေပါသလဲ။

ဖြေ – အကိုတို့ တူမီးအများစုကိုင်ပြီးတိုက်နေရတယ်ဆိုပေမယ့် ကြားနေရတဲ့သတင်းတွေအတိုင်း လက်နက်ကြီးငယ်တွေနဲ့ သူတို့ (စစ်ကောင်စီ)က လာတယ်။ တင့်ကားတွေပါတယ်။တစ်ခါတစ်ရံ လေယာဥ်တွေပါတယ်။အဲဒီလို သူတို့ အင်အားအများအပြားက လာဖြုန်းနေတယ်ပဲ ပြောရမယ်။အထူးသဖြင့် စစ်ကောင်စီဟာ စစ်ကိုင်းကနေ စပြီး စစ်ဦးကျရှုံးနေပြီလို့ ပြောချင်တယ်။ဘယ်လို ရင်ဆိုင်နေလဲတိုတော့ အကိုတို့ကတော့ အကြမ်းဖက်စစ်ကောင်စီကို တိုက်ရင်းနဲ့ကို ပြင်ဆင်ထားတယ်။နောက်ပြီး စစ်ကောင်စီကို အခုမှ ပြင်ဆင်ပြီး အခုမှ ထတိုက်တာမဟုတ်ဘူး။D Day မကြေညာခင်ကတည်းက တိုက်နေကြတာ။အထူးသဖြင့် ကနီ၊ပုလဲ ၊မင်းတပ်နဲ့ ယောဘက် တစ်ဝိုက်မှာ ပြင်းပြင်းထန်ထန်တိုက်နေကြတယ်။တိုက်ရင်း နဲ့ပဲ သူတို့လှုပ်ရှားပုံကြည့်ပြီး တိုက်နေရတာပေါ့။

Public Service Announcement

Public Service Announcement

မေး – ပုလဲPDFရဲ့ မူဝါဒပိုင်းမှာ NUGရဲ့ လက်အောက်မှာနေမယ် ဆိုတာ တွေ့ရတယ်။NUG ရဲ့ ထောက်ပံမှု ၊လမ်းညွှန့်မှု​တွေကိုရ​နေပြီလား ။

ဖြေ – NUG ရဲ့ အောက်ကနေပဲသွားမှာ အကိုတို့ ခံယူချက်ပဲ။ အကိုတို့နိုင်ငံရဲ့ ပြည်သူ့အာဏာကို စစ် အုပ်စုကလုသွားတယ်။လုသွားတဲ့နောက်ပိုင်းမှာ အာဏာကို ပြန်ပေးပါဆိုပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒထုတ်ဖော်တောင်းဆိုတယ်။မရဘူး ပစ်သတ်တယ်။အကိုတို့ လက်နက်ကိုင်လမ်းစဥ်ကို ရွေးချယ်တယ်။ပြည်သူ့အာဏာကို ပြန်မရမချင်း အကိုတို့ အသက်နဲ့ ခန္ဓာကိုယ်ကို ပဓန မထားပဲတိုက်မယ်။အဲဒီလို ခံယူထားတဲ့အတွက် တစ်နေ့မှာ ဒီကောင်တွေကျရှုံးရမယ်။အဲဒီနေ့မှာ သူတို့ဆီက အာဏာကို ပြန်ပြီး လက်ခံမယ် NUG လို အစိုးရတစ်ရပ် လိုအပ်တယ်။အဲဒီအစိုးရအတွက် အကိုတို့ရဲ့ခေါင်းဆောင်အဖြစ်သတ်မှတ်ထားပြီးသား။ဒါပေမယ့် တော်လှန်ရေးကာလဖြစ်တာကြောင့် သူတို့(NUG)မှာလည်း တခြားအခက်အခဲတွေရှိတာကြောင့် အကိုတို့ဆီ အထောက်အပံ့ မရှိခဲ့ဖူးဘူး။မရဘူး။ဒါပေမယ့် အခု ဒီတစ်ရက် နှစ်ရက် အတွင်းမှာ NUG ဘက်ကဆက်သွယ်လာတယ်။သူတို့ဘက်နေ ကူညီပံပိုးမှုတွေလုပ်သွားတော့မယ် ပြောတယ်။မကြာခင်ရောက်လာလိမ့်မယ်လို့ မျှော်လင့်ရတယ်။

မေး – စစ်ရေးဗျူဟာကိုကြ​တော့ ဘယ်လို​ရေးဆွဲပြီးတိုက်နေလဲ ။

ဖြေ – စစ်ရေးနဲ့ပတ်သက်လို့ကတော့ ကိုယ့်ဗျူဟာနဲ့ကိုယ်ပဲ။ကိုယ့်နယ်မြေ ကို ကိုယ်ကျွမ်းကျင်တဲ့ ဗျူဟာနဲ့ဆွဲ ပြီးတိုက်ခိုက်တယ်။အောင်မြင်မှု အကြီးအကျယ်ရခဲ့တာလို့ ဆိုရမယ်။ဘယ်လိုပဲကိုယ့်အစီအစဥ်နဲ့ကိုယ် တိုက်နေသည်ဖြစ်စေ NUG ဟာ ကိုယ့်အစိုးရလို့ ခံယူထားတယ်။မှားတာတွေရှိရင်လဲ ပြောမယ်။မကြိုက်တဲ့အားနည်းချက်တွေကိုလည်း ထောက်ပြမယ်။ဒါ​ပေမယ့်သေချာတာကတော့ NUG က ကိုယ့်အစိုးရပဲ။

မေး – စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း အတွင်းထိုးစစ်ကိုရောဘယ်လိုသုံးသပ်ပါသလဲ။

ဖြေ – စစ်ကောင်စီအနေနဲ့ကတော့ စစ်ကိုင်းတိုင်းတစ်ဝိုက်က သူတို့အတွက် ချောက်တစ်ခုထဲကို မောင်းလာတဲ့ ရထားတစ်ခုလိုပဲ။တစ်တွဲကျွံရင် တစ်တွဲပျက်ကြမယ်။နှစ်တွဲကျွံရင် နှစ်တွဲ ပျက်ကြမယ်။အကိုတို့ မဟာမိတ် ညီနောင် တပ်ဖွဲ့တွေကလည်း တိုက်နေတယ်။တနေ့ကပဲ မြောင်မှာသူတို့(စစ်ကောင်စီ)ရဲ့ အကောင်ကြီးကြီးတစ်ကောင် ကိုတိုက်တယ်။ကျသွားတယ်လို့ သတင်းရတယ်။ ဒီလိုမျိုး စစ်ကောင်စီရဲ့ အားထားရတဲ့ အကောင်ကြီးကြီးအမြီးရှည်ရှည်တွေဟာ စစ်ကိုင်းကို ရောက်လာရင် တစ်တွဲကျွံ ရင် တစ်တွဲ ကြမှာပဲ။ဒါကတော့ စစ်ကိုင်း မှာ ထိတွေ့မှုရလဒ်ပေါ့။သူတို့ဘက်ကလည်း တော်လှန်ရေးရဲ့ တပ်ဦးလို့လည်းဖြစ်နေတယ်။သူတို့ထိန်းသိမ်းလို့မရတဲ့ စစ်ကိုင်းကိုတော့ တော်တော်ကြီးကို အငြိုးတစ်ကြီး ဖိနှိပ်နေတယ်။ဒါပေမယ့် ဒီအချိန်ထိလည်း သူတို့ရဲ့ဖိနှိပ်မှုက အရာမရောက်ဘူး။အရာမရောက်တဲ့အပြင် အင်အားဖြုန်းသလိုဖြစ်နေတယ်။

မေး -အခုအချိန် မှာ​ဒေသခံကာကွယ်​ရေးအဖွဲ့တွေရဲ့ အဓိကအခက်အခဲက​ရော ဘာများဖြစ်မလဲ ။

ဖြေ – ကိုယ့်မှာရှိတဲ့ လက်လုပ်ပစ္စည်းတွေကို အဓိကသုံးနေရတယ်။အကိုတို့ ရင်ဆိုင်နေရတာလဲ လက်နက်ကိုအားကိုးပြီး ပြည်သူကို အနိုင်ကျင့်ထားတဲ့ စစ်အုပ်စုကို ရင်ဆိုင်နေရတာကြောင့် စစ်လက်နက်ပဲ။ အဓိက လိုအပ်ချက်က ရှင်းရှင်းလေးပဲ ဗိုလ်ချုပ် ပြောခဲ့သလို စစ်မြေပြင်ကို ထွက်ရမှတော့ ဆင်းရဲမယ်၊ငတ်မယ်။အဲဒါနဲ့ပတ်သတ်ပြီး နေဖို့ရာ ခေါင်းထဲမထည့်ဘူး။စားဖို့ရာ လည်း သိပ်မစဥ်စားဘူး။အကိုတို့မှာ စိတ်ဓာတ်နဲ့ခံယူချက်က စွမ်းအားတစ်ခု အနေနဲ့ရှိနေပြီးသား။ဒါကြောင့် အခက်အခဲက လက်နက်ခဲယမ်းပဲ ။

မေး – အောက်တိုဘာ ၁၁ ရက်က ပုလဲ ကျောက်စလင်းတောင် တိုက်ပွဲ(စစ်​ကောင်စီတပ်မှ ၃၀ည​ကျော်​သေဆုံးခဲ့ဟုဆို) ထက် ပိုပြီး ပြင်းထန်တဲ့ တိုက်ပွဲတွေ ရှိခဲ့ဖူးလား။

ဖြေ – အဲဒီတိုက်ပွဲကအမြင့်ဆုံးမဟုတ်ဘူး။ကိုယ့်ဘက်က ဖိအားနည်းနည်းနဲ့တိုက်ရတဲ့ တိုက်ပွဲမျိုးပါ။ တကယ်တမ်း ကနီ၊မင်းတပ်ဘက်မှာ တိုက်ခိုက်တာတွေအတွက် မှတ်တမ်းမရှိခဲ့လို့သာပါ။ ပုလဲ ပြည်သူ့ကာကွယ်ရေးတပ်ဆီ ကို NUG ရဲ့ D-Day မကြေညာခင် ကတည်းက စစ်ကောင်စီကနေ ပြီး စစ်ကြောင်း ငါးကြိမ် ထိုးခဲ့တာ။အကိုတို့ရှိနိုင်မယ်လို့ ယူဆတဲ့ တောင်ပေါ်တွေမှာ စခန်းရှိမယ်ထင်ပြီး လိုက်ရှင်းတဲ့အခါ တစ်ခုမှ စခန်းရှင်းနိုင်တဲ့သတင်းမရှိခဲ့တာ အားလုံးသိမှာပါ။ အဲဒီလို စစ်ကြောင်းနဲ့လာထိုးတဲ့အခါ သူတို့က လက်နက်ကြီး လက်နက်ငယ်တွေနဲ့တိုက်တာ။အကိုတို့က တူမီးတွေနဲ့ခံတိုက်တယ်။ပထမ တစ်ကြိမ်တုန်းက ၈၃ ယောက်လာတဲ့စစ်ကြောင်းမှာဆိုရင် စစ်ကြောင်းမှူး သေတယ်။ တောင်ပေါ်မှာ ချရတာ။သူတို့က ပြည်သူလူထုရဲ့ နေအိမ်ကို အချိန်မရွေးဝင်ပြီးသူတို့ရိက္ခါအတွက် ရိုက်သတ်ချက်။အကိုတို့ကတော့ လူမနေတဲ့အိမ်တွေမှာဝင်ပြီး စောင့်တိုက်ရတယ်။အဲဒီအချိန်မှာ မရဲတရဲနဲ့လာမေးတဲ့ ပြည်သူတွေရှိတယ်။အကိုတို့က PDF တွေလားတဲ့။ဟုတ်တယ်လို့ပြောတဲ့အခါ သူတို့ကျွေးပါ့မယ်ဆိုပြီး သူတို့ရဲ့ ဝေစုထဲက ထမင်းဟင်းလေးတွေကို ဖြစ်သလိုစားပြီးတိုက်ခဲ့ရတာ။ အဲဒီ တိုက်ပွဲက ခြောက်ရက်ကြာတယ်။တချို့ရက်တွေကတော့ ထမင်းလွတ် တိုက်ခဲ့ရတာ။သူတို့ဘက်က အယောက် လေးဆယ် စွန်းရုံပဲကျန်တာ။ညတွင်းချင်း သူတို့ယာဥ်တန်းတွေနဲ့ ထုတ်သွားရတာမျိုးတွေက အကြိမ် ကြိမ်ရှိခဲ့တယ်။အဲဒီ အခြေအနေက ပိုပြီးကြမ်းတမ်းခဲ့တယ်

မေး -ဒီ​နေ့အထိ့ ပုလဲ PDF အ​နေနဲ့ အကြမ်းဖက်စစ်​ကောင်စီတပ်ကိုတိုက်ခိုက်ခဲ့တဲ့အကြိမ်​​​ရေ သိပါရ​စေ ။

​ဖြေ -အားလုံးထိတွေ့မှုက အကြီးအငယ် ပျောက်ကြားရော ထိပ်တိုက်ပါဆိုရင်အကြိမ်ရေ ၄၀ လောက်ရှိသွားပြီ။အကိုတို့ ပုလဲမြို့နယ်တင်မဟုတ်ဘူးနော်။စလင်း၊ကနီ၊ယင်းမာပင် အစပ်တစ် လျှောက် တွေ နဲ့ ယော အစပ် ထိ ပါ မဟာမိတ်ညီနောင်တွေနဲ့ လိုက်တိုက်ခဲ့တယ်။တိုက်လဲတိုက်နေဦးမယ်။

မေး -စစ်​ကောင်စီတပ်အထိအနာဆုံးတိုက်ခိုက်မှုက ဘယ်ဟာ​တွေဖြစ်မလဲ။

ဖြေ -အဲဒီ တိုက်ပွဲက နည်းနည်းတော့ ကြာသွားပြီပေါ့။စစ်ကောင်စီရဲ့ အသေအဆုံးများတာက မိုင်းဆွဲတိုက်ခိုက်ခံနေရလို့ပဲ။တစ်ခါ အစီး ၇၀ ကျော်လောက်တက်လာတဲ့ စစ်ကားတန်းကို မိုင်းဆွဲ တိုက်တာ နှစ်ရက်ထဲနဲ့ကို သူတို့ သေတာ ၄၀ ကျော်လောက်ရှိခဲ့ဖူးတယ်။အလောင်းတွေကို ကားနဲ့တိုက်ပြီးတောင် ပြန်ယူရတာမျိုး။

မေး – တူမီး အများစု အသုံးပြု​နေရတဲ့အခြေအနေမှာ ဘယ်တိုက်ပွဲက လက်နက်အားနည်းချက် ဖြစ်ခဲ့လဲ။

ဖြေ – စခန်းပြန်ရောက် တဲ့အခါကြမှ တဝါးဝါးနဲ့ ရယ်ကြရတာမျိုးတွေရှိခဲ့တယ်။ တိုက်ပွဲတစ်ခုဆိုရင် အဲဒီနယ်မြေမှာ နှမ်းပင်တွေရှိတယ်။နောက်တောအုပ်တစ်ခုနဲ့တစ်ခုကြားဖြတ်ရတဲ့ ကွင်း ပြင်တွေရှိခဲ့ရင် အကိုတို့အခေါ် မိကျောင်းတွားသွားသလိုမျိုး လုပ်ကြရတာ။တစ်ခါ အကို့ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ဗိုလ်မိုးကောင်းက နှမ်းခင်းထဲ မိကျောင်းတွားသွားရင်းနဲ့ တစ်ဖက်က ရန်သူကလည်း မိကျောင်း တွားသွားရင် မျက်နှာချင်းဆိုင်ကို တွေ့တာ။ရန်သူ့စစ်ကြောင်းနဲ့နော်။ဒီအတိုင်း မျက်နှာချင်းကို ကပ်ကိုသွားတာ။သေနတ်ကလည်း မိကျောင်းသွား ဆိုတော့
ကန့်လန့်ကိုင်ထားရတာ။ရန်သူကလည်း ကြောက်ကြောက်နဲ့ ပစ်တာ အုန်းဆိုပြီး ဗိုလ်မိုးကောင်း ခေါင်းပေါ်က ခမောက် လန်ထွက်သွားတာ။ခေါင်းမထိဘဲ ခမောက် ထိပြီး ဟက်ထွက်သွားတာ။ဗိုလ်မိုးကောင်းက သေနတ်နဲ့ပြန်ပစ်တာ ပစ်တော့ အကိုတို့က တူမီးကိုကွ။ပစ်တော့ နှမ်းပင်က ကျတဲ့ မိုးသီး တွေက တူမီးယမ်းကို စို ပြီး ကျည်မပေါက်ဘူးဖြစ်သွားတာ။အဲဒီမှာ ဘေးကရှိတဲ့ အ
ကိုတို့ရဲဘော်က ရန်သူ့နံဘေးကို တူမီးနဲ့ချိန်ပြီး ပစ်တော့။တူမီးက ကျည်ပေါက်ပြီး အဲဒီ ရန်သူ ထိသွားတာ။အဲဒီကနေ သူတို့က လူတွေလည်းရမ်း ပစ်ပြီးသူတို့တက်လာတဲ့တောအုပ်ပြန်ဆုတ်။အကိုတို့လည်း အကိုတို့တောအုပ်ပြန်ဆုတ် ။ဗိုလ်မိုးကောင်းဆို သတ္တိမရှိလို့တော့မဟုတ်ဘူး။ စခန်းရောက်မှ ပြောတာ နှလုံးခုန်တွေကို မှားသွားတာပဲကွာတဲ့။အဲဒီလိုမျိုးတွေပေါ့။စစ်ပွဲထဲမှာ မပြည့်စုံတော့ ဘောင်ဘီမရှိတဲ့အချိန်က ရဲဘော်တွေက ပုဆိုးတွေဝတ်တာများတယ်။တိုက်ပွဲအတွင်း ငုတ်တွေနဲ့ချိတ်မိလို့ ပြန်ဝတ်ချိန်ကလည်း မရ စလွယ်ကြီးသိုင်းပြီး ပစ်ရတာတွေရှိခဲ့တာ။အဲဒီလို ဟာသ လေးတွေလည်းရှိခဲ့တယ်။

မေး -​လက်နက်အခက်အခဲရှိ​နေ​တော့ ပျောက်ကြားစစ်ပွဲ​တွေမှာရန်သူ့လက်ကိုယ့်လက်နက်ဗျူဟာကို​ပြောကြတယ်။လက်​တွေ့မှာ​ရောစစ်​ကောင်စီတပ်ကို အထိ့နာ​အောင်ဗုံးခွဲတိုက်ခိုက်ရင်းလက်နက်​တွေရ​အောင်ယူလို့မရဘူးလား။

ဖြေ – တစ်လက်တော့ရဖူးတယ်။ဒါပေမယ့် တိုက်ပွဲအတွင်းမှာ ရန်သူ့လက်နက် ရဖို့ထက် ကိုယ့် ရဲဘော်တွေ အန္တရာယ် ကင်းဖို့က ပထမ အရေးကြီးဆုံးအချက်ပဲ။နောက်ပြီး အကိုတို့ရဲ့ တိုက်နေရတဲ့ပုံစံကိုက အလစ်အငိုက်တိုက်ရတယ်။ချောင်းတိုက်ရတယ်။ရေရှည်စိမ် တိုက်ဖို့ ကြ အဆင်မပြေဘူး ။ ခြွေစစ် နဲ့ပဲ သွားရတာ။
ရန်သူ့လက်နက် ရအောင် တိုက်လို့ မရဘူးလားဆိုတော့လည်း တိုက်လို့ရတဲ့အပိုင်း ဗျူဟာတွေရှိတယ်။ လူတွေ ချစတေးရမှာ။ ရန်သူတွေကို အုပ်နဲ့ ဝိုင်းရမယ်။ မိုင်းခင်းမယ်။ပစ်မယ်။အဲဒီအချိန် သူတို့က လက်နက်ကြီးတွေကို သေချာ သလောက်သုံးမှာ။ကိုယ်တို့ဝိုင်းလိုက်မယ် ရန်သူက အားလုံးကျရင်ကျမယ်။သူတို့ မသေခင်မှာ ပစ်လွှတ်မယ် လက်နက်ကြီး လက်နက်ငယ်တွေ ကြောင့် ကိုယ်တို့ဘက်ကလည်း အထိအခိုက်များမယ်။အင်အားသုံးတာများသလောက် ရန်သူကို ပစ်မှတ် ချပေးတာ ပိုသချောသွားစေတာမျိုး ပေါ့။ပေးဆပ်ရတာများသွားလိမ့်မယ်။အဲဒီစနစ်ကို မသုံးသေးဘူး။

မေး-တိုက်ပွဲ အတွင်းမှာ ပြည်သူလူထု အဓိက ရပ်ရွာနေသူတွေအပေါ် ဘယ်လို ပြုမှု ဆက်ဆံရမယ်ဆိုတဲ့ မူဝါဒမျိုးချမှတ်ထားလဲ ။

ဖြေ – တိုက်ပွဲ တွေအတွင်းမှာ အကိုတို့ တချို့အိမ်တွေဝင်တော့ ဆန်၊ဆီ နဲ့ ကြက်တွေရှိတယ်။တစ်ကောင်မှ ကို အကိုင်မခံဘူး။တစ်ခုမှ ယူပြီး အသုံးအစွဲမခံဘူး။တစ်ခုတော့ရှိတယ်။စျေးဆိုင်တွေ့ရင်တော့ အဲဒီစျေးဆိုင်ကိုစုံစမ်းတယ်။ပိုက်ဆံက ဒီလောက်တက်နိုင်တယ်။ဘယ်လောက်ပေးပါလို့ ခွင့်တောင်းယူတယ်။တချို့စျေး ဆိုင်တွေကတော့ မပေးပါနဲ့လို့ တောင် ပြောတာ။ဒါပေမယ့် အကိုတို့ ပိုက်ဆံပေးဖြစ်အောင်ပေးခဲ့တယ်။

မေး-စစ်​ကောင်စီက စစ်ကိုင်းကိုထိုးစစ်ဆင်ဖို့အ​နော်ရထာစစ်ဆင်​ရေးလို့အမည်​​ပေး​ပေးပြီးထိုးစစ်ဆင်​နေတယ်လို့သိ့ရတယ်။ ဒီစစ်ဆင်​ရေးကို ​ချေဖျက်​အောင်နိုင်ဖို့ယုံကြည်မှုရှိပါလား ဘာ​ကြောင့်ပါလဲ ။ပြည်သူ​တွေက ရောဘယ်လိုကူညီနိုင်ပါလဲ ။

ဖြေ – သူတို့ဘာသူတို့ စစ်ဆင်ရေးအမည်တွေ ဘာတွေ အခု အနော်ရထာဆိုတာပဲ တပ်တပ် တိုက်ခိုက်ပုံက အင်အားသုံးတာက လွဲလို့ဘာမှ ဗျူဟာ မရှိဘူး။သူတို့မှာ စစ်ပွဲနဲ့ပတ်သက်ရင် ဇာတ်တိုက်ထားတဲ့ စစ်ပွဲအများစုပဲရှိခဲ့တာ။အဲဒီတော့ ဘာနာမည် တပ်တပ် သူတို့ရဲ့စစ်ဆင်ရေးကို ကြောက်စရာမလိုဘူး။တော်လှန်ရေး စိတ်ရှိသူတွေရဲ့စည်းလုံးညီညွတ်စိတ်သာအဓိကပါ။ တိကျတဲ့ရန်သူ့ သတင်းတွေ ကို ပြည်သူတွေက ပြည်သူ့တပ်ဖွဲ့တွေဆီပေးပါ။ငွေကြေးထောက်ပံနိုင်တဲ့ပြည်သူတွေကလည်း နည်းများမဆို ထောက်ပံ့​ပေးကြပါ။

မေး-စစ်ကိုင်တိုင်းက မြို့နယ်အများစုမှာ ​​ဒေသခံ PDF ​တွေကစစ်​ကောင်စီတပ်​တွေကို အထိ့နာ​အောင် ဟန်ချက်ညီညီတိုက်ခိုက်​နေကြတာ​တွေ့ရတယ်။ကျန်​ဒေသ​တွေလည်းစစ်ကိုင်းကိုအတုယူပြီး စစ်​ကောင်စီတပ်ကိုအထိ့နာ​အောင်တိုက်နိုင်ဖို့ဆိုရင်ဘယ်လိုအကြံပြုလိုပါသလဲ ။

ဖြေ – ကျွန်တော် တို့ PDF တွေမှာ သူတို့နဲ့ ထိပ်တိုက်တွေ့ ရင် ယှဥ်နိုင်တဲ့ လက်နက် က မရှိဘူး။ဒါပေမယ့် သတ္တိနဲ့ စွမ်းရည်က သူတို့ထက် ပိုတယ်။အဲဒါကသေချာတယ်။ဒါပေမယ်လို့ ကိုယ့်ဘက်က အထိအခိုက်နည်းအောင်လို့ကတော့ မိုင်း ခင်း တိုက်ရတာပေါ့။မခန့်မှန်းနိုင်တဲ့နည်းတွေ၊နောက်နည်းမျိုးစုံ နဲ့ တိုက်ရမှာပဲ။အဓိကတော့ ခြွေစစ် ပုံစံပဲ အကြမ်းဖက် စစ်ကောင်စီက ကောင်တွေ တစ်ယောက်ပဲသေသေ နှစ်ယောက်ပဲသေသေ လက်နက် ရတာမရတာ အဓိကမဟုတ်ဘူး။သူတို့​ ​သေ သွားဖို့ပဲ။အဲဒီပုံစံနဲ့ နေရာအနှံ အ ပြားကနေတိုက်စစ် ဖွင့်စေချင်တယ်။ဒေသအလိုက် နေရာအနှံ့ ကနေ တောမီးသဖွယ် ဟိုနေရာ ထတောက် ဒီနေရာ ထတောက်နေရင် သူတို့ရဲ့ အင်အားတွေက ပြန့်ကြဲနေမှာပါပဲ။

မေး – အကြမ်းဖက် စစ် ကောင်စီ အမြန် ကျရှုံးဖို့ဆိုရင် ဘာတွေလိုအပ်လဲ ၊ဘယ်အရာက အဓိကကျတယ်လို့သုံးသပ်ပါလဲ ။

ဖြေ – အတားအဆီးဆိုတဲ့ကိစ္စက ပုံသဏ္ဍာန်မျိုးစုံနဲ့ရှိတယ်။အောင်မြင်မှုဆီသွားတဲ့နေရာမှာ အဓိက ကျော်ဖြတ်ရမှာက နိုင်ငံရေးမှာပါတဲ့ (ပါတီနိုင်ငံရေး၊လက်နက်ကိုင် နိုင်ငံရေး)သူတွေက အောင်ပွဲဆီချဥ်းကပ်တဲ့အခါ ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေရဲ့ ရိုးသားမှု၊ အားနည်းလာရင် အတားအဆီးဖြစ်မှာပဲ။ဦးဆောင်တဲ့သူတွေတင်မကဘူး တစ်နိုင်ငံလုံးမှာရှိနေတဲ့သူတွေက ရိုးသားမှုနဲ့ ညီညွတ်မှုလိုတယ်။ရိုးသားတဲ့သူတွေညီညွတ်နေရမယ်။အများစုကလည်း ရိုးသားနေရမယ်။အဲဒါတွေအားနည်းရင်တော့ အောင်ပွဲဆီ ချဥ်းကပ်တဲ့အခါ အတားအဆီးပဲ။လိုအပ်ချက်ဖြစ်တဲ့ လက်နက်ထက် ပိုအရေးကြီးတယ်။အားလုံးက ရိုးသားပြီး ညီညွတ်ရင် လက်နက်က အချိန်တန် ရောက်လာလိမ့်မယ်။ ကိုယ်ကျိုးတည်ဆောက်မှုတွေက ခလုတ်ကသင်းအတားအဆီးပါပဲ။

မေး- ဘာများဖြည့်စွက်​ပြောချင်ပါလဲ ။

ဖြေ- စားဖားတွေ ညီညွတ်တာမလိုချင်ဘူး။အလုပ်လုပ်နေတဲ့သူတွေပဲ ညီညွတ်ကြမယ်။အာဏာရှင်ကို တော်လှန်နေကြတာချင်းအတူတူ အချင်ချင်း ခလုတ်ကသင်းတွေဖြစ်မနေအောင် ညီညွတ်ကြရမယ်။ရိုးသားကြရမယ်။

ကျေးဇူးတင်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။