Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“ထိုင်းနိုင်ငံ အတွင်းထိ ထွက်ပြေးလာတာတော့ မရှိသေးဘူးပေါ့။ ဒါပေမဲ့ ပြည်တွင်း (ကရင်ပြည်နယ်)မှာက စစ်ဘေးရှောင်တွေက များများလာတယ်”

ကရင်စစ်ရှောင်အရေး KRC အတွင်းရေးမှူး ဆရာဘွယ်စေးနှင့်ဆက်သွယ်မေးမြန်းခြင်း

စစ်တပ်အာဏာသိမ်းမှုကို အပြင်းအထန်ဆန့်ကျင်ကန့်ကွက်ကာ ပြည်သူနှင့်အတူရပ်တည်​သောကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေများ၌ မတ်လမှစ၍ တိုက်ပွဲများပိုမိုပြင်းထန်စွာဖြစ်ပွားခဲ့သည်။ ယခင် ဆယ်စုနှစ်များအတွင်းက တိုက်ပွဲများကြောင့်လည်း ကရင်ဒေသခံသောင်းနှင့်ချီပြီး မြန်မာ-ထိုင်းနယ်စပ် ၊ထိုင်နိုင်ငံဘက်ခြမ်းရှီ ဒုက္ခသည်စခန်းများ၌ နေထိုင်နေကြရဆဲဖြစ်သည်။ အကြမ်းဖက်စစ်​ကောင်စီက အာဏာသိမ်းမှုကြောင့် ဖြစ်​ပေါ်လာ​သောတိုက်ပွဲများ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်ရ​သော စစ်​ဘေးဒုက္ခသည်အသစ်များလည်းရှိလာသည်။လက်ရှိ ကရင်ဒေသ စစ်ရှောင်အရေးနှင့်ပတ်သက်ပြီး ကရင်ဒုက္ခသည်များကော်မတီ
(KRC)အတွင်းရေးမှူး ဆရာဘွယ်စေး နှင့် ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

မေး- စစ်တပ်အာဏာမသိမ်းခင်နဲ့ အာဏသိမ်းပြီးနောက်ပိုင်း ကရင် စစ်ဘေးရှောင်အခြေအနေက ဘယ်လိုရှိပါသလဲ။

​ဖြေ-စစ်ဘေးရှောင်အခြေအနေကတော့ ကျွန်တော်တို့က ဒုက္ခသည်စခန်းထဲမှာဆိုတော့ ဒီဘက်ပိုင်း ထိုင်းနိုင်ငံ အတွင်းထိ ထွက်ပြေးလာတာတော့ မရှိသေးဘူးပေါ့။ ဒါပေမဲ့ ပြည်တွင်းမှာက စစ်ဘေးရှောင်တွေက များများလာတယ်။ များလာတဲ့ အတိုင်းအတာ လူဦးရေကတော့ ပြောလို့မတက်ဘူးပေါ့။ (မှတ်ချက် – UNHCR၏ နနုဝင်ဘာလလယ်အထိ့စာရင်းအရ ကရင်ပြည်နယ်တွင်စစ်​ဘေးဒုက္ခသည်အသစ် ၄၉၅၀၀ ဦးရှိသည်။ -အယ်ဒီတာ)

မေး- ကရင်စစ်ဘေးရှောင်အနေနဲ့ဆိုရင် ဘယ်ဒေသတွေမှာ အများဆုံးရှောင်နေကြရတယ်တာလဲ ။

Public Service Announcement

Public Service Announcement

​ဖြေ’-စစ်ဘေးရှောင်ကတော့ ကျွန်တော်တို့ တပ်မဟာ(၅)နယ်မြေထဲမှာ ဖာပွန်ပေါ့နော်၊ ဖာပွန်တို့ ကျောက်ကြီး(တပ်မဟာ ၃နယ်မြေ) အဲဒီဒေသ နံပါတစ်ပေါ့။ ဒုတိယကတော့ တပ်မဟာ(၆)၊ တပ်မဟာ(၁) ဧရိယာဘက်မှာ ။တတိယ ဧရိယာကတော့ ဘားအံပေါ့နော် နယ်စပ်ဒေသတွေမှာပေါ့နော်။

​မေး-စစ်ဘေးရှောင်ရတဲ့ အခြေအနေက ဘယ်လိုပုံစံနဲ့ ရှောင်နေကြရတာပါလဲ ရေရှည် ရှောင်နေကြရတာလား၊ ဒါမှမဟုတ် ကျေးရွာတွေကနေ သွားလိုက်ပြန်လိုက်အ​ခြေအ​နေပါလား။

​ဖြေ- ကျောက်ကြီးမြို့နယ်တို့ ဖာပွန်တို့မှာဆိုရင် တိုက်ပွဲက ပြည်တွင်းထဲမှာ နယ်စပ်ဒေသနဲ့ မနီးတဲ့အတွက် သူတို့ကတော့ တောထဲတောင်ထဲမှာပဲ ရှောင်ပုန်ကြတယ်။ ဒီဘက်လာဖို့လည်း အခွင့်အလမ်းမရှိဘူးပေါ့။ အဲဒီအခါကျတော့ အဲဒီဘက်မှာ ၃၀၀၀နဲ့ ၅၀၀၀ ကြားထဲမှာရှိတယ်။ ကျန်တဲ့ဟာတွေလည်း သူ့ဟာနဲ့ သူရှိနေပါတယ်။

​မေး-ဒီကာလမှာ စစ်ဘေးရှောင်တွေအနေနဲ့ဘာတွေလိုအပ်ချက်ရှိတယ်လို့ ကြားမိပါသလဲ။

​ဖြေ-စစ်ရှောင်ကတော့ သိတဲ့အတိုင်း တချို့တွေကျတော့ ရွာတစ်ရွာလုံး အိမ်တွေဘာတွေမီးရှို့ခံရတယ်။ နောက်ပြီးတော့ ဗြုန်းခနဲ့ ဒိုင်းခနဲ တောထဲမှာ သူတို့က တစ်ဆင့်ပြေး၊ နှစ်ဆင့်ပြေး၊ သုံးဆင့်ပြေး ပြေးရတာတွေရှိတဲ့အတွက် သူတို့မှာ လိုအပ်တဲ့ ဟာလေးတွေက အိမ်ထောင်တစ်အိမ်ထောင်မှာဆိုရင် အိုးတွေခွက်တွေ ပုဂံတွေလိုမယ် နောက်ပြီး အဝတ်အစားတွေလည်းလိုမယ်၊ အဝတ်အစားတော့ သူတို့ အဲဒီလောက် မမက်မောဘူး ။ သူတို့ မက်မောတာ အစားအသောက်တွေဆေးဝါးတွေ သူတို့မှာ တကယ်လိုပါတယ်။

မေး-တခြား​​ဒေသ​တွေမှာစစ်ရှောင်တွေကို ကူညီတဲ့သူ​တွေကို စစ်ကောင်စီဘက်က လုံခြုံရေအကြောင်းပြပြီး ရိက္ခာတွေ သယ်ဖို့ ကန့်သတ်ပိတ်ပင်တာရှိတယ်လို့ သိ့ရပါတယ်။ဆရာတို့ဘက်မှာရော အဲဒီလို အခြေအနေတွေကြုံရပါသလား။

​ဖြေ-ကျွန်တော်တို့ ဒေသတွေမှာကျတော့ အကူအညီက တချို့တွေက ထိုင်းနိုင်ငံထဲက ဖြတ်ပြီးတော့ သွားရတာမျိုးတွေရှိတယ်။ အဲဒါကျတော့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ စည်းမျဉ်းစည်းကမ်းတွေရှိတယ် နည်းနည်းလေးတော့ အခက်အခဲတွေတော့ရှိတာပေါ့။ နောက်ပြီး ဝေးကွာတဲ့နေရာတွေကို ပို့ဆောင်ရတဲ့ဟာတွေကလည်း တချို့ဟာတွေကလည်း ရောက်တယ်တချို့ဟာက မရောက်ဘူးပေါ့ နောက်ပြီး လမ်းမှာ လုံခြုံရေးပေါ့။ အခက်အခဲတွေရှိပါတယ်။

မေး-လက်ရှိ KNU တပ်မဟာနယ်မြေတွေမှာ တိုက်ပွဲတွေရှိနေသလိုရှေ့ဆက်လည်း စစ်ရေးဆက်ပြင်းထန် နိုင်တယ်လို့လည်း ပြောကြတော့ ဘယ်လိုမြင်မိပါသလဲ။

​ဖြေ- အဲဒီဖြစ်ခဲ့တဲ့ တိုက်ပွဲတွေပေါ့။ အရင်တုန်းကဆိုလို့ရှိရင် ဒီနှစ်အတွင်းမှာ ဆိုရင်မိုးတွင်းကနေ စခဲ့ပြီ။ ဆောင်းရာသီရောက်တော့ ပိုပြီးတော့ တိုးမြှင့်လာတယ်။ ကျွန်တော်တို့ ဖြတ်သန်းမှုအပေါ်မှာ ဆိုရင် ဒေသခံတွေရဲ့ ဖြတ်သန်းမှု အပေါ်မှာ ဆိုလို့ရှိရင် ဒီ နွေရာသီ စစ်ဆင်ရေးက တအားပြင်းထန်တယ်။ ဆိုတော့ နွေရာသီကာလမှာ ပြင်းပြင်းထန်ထန် တိုက်ပွဲတွေဖြစ်ပေါ်လာနိုင်တယ်။

မေး-တိုက်ပွဲက ကရင်ပြည်နယ် တစ်ခုတည်းမဟုတ်ဘဲ အခြားဒေသတွေမှာလည်း ပွင့်လင်းကာလမှာ ပြင်းပြင်းထန်ထန်ဖြစ်လာနိုင်တဲ့အလားအလာရှိတော့ လူထုတွေကို ဘာသတင်းစကား ပေးလိုပါသလဲ။

​ဖြေ- အထူးသဖြင့် လူထုပေါ့နော် ဒီတောတောင်ဒေသတွေမှာ ဆိုလို့ရှိရင် စစ်ပွဲကြီးဖြစ်လာနိုင်တယ်။ အပေါ်က လေယာဉ်ပေါ်က ဗုံးကြဲတာတွေလည်း ဖြစ်လာနိုင်တယ်။ ဆိုတဲ့အခါကျတော့ ဒေသခံခေါင်းဆောင်တွေရှိတယ်။ ဒေသမှာ လုံခြုံရေးတာဝန်ယူထားတဲ့ ခေါင်းဆောင်တွေရဲ့ ညွှန်ကြားမှု တွေကို ထိထိရောက်ရောက်လိုက်နာပေးဖို့ပေါ့။ သတင်းတွေကိုလည်းပဲ အချိန်မီ နည်းလမ်းရှာပြီး ပို့ပေးကြဖို့ ပြောလိုပါတယ်။

မေး-ထိုင်းဘက်မှာလည်း အရင် ဆယ်စုနှစ်တွေတုန်းကတည်းက က ရှောင်နေတဲ့ စစ်ရှောင်ဦးရေက ဘယ်လောက်ရှိပါသလဲ။

​ဖြေ- ကျွန်တော်တို့ ဒုက္ခသည်စခန်းတွေမှာ ဆိုလို့ရှိရင် ကရင်နီဒုက္ခသည်စခန်းပါအပါအဝင် လူဦးရေ ရှစ်သောင်းကျော်ရှိပါသေးတယ်။ စခန်း ၉ခုပေါ့။

မေး-ဟိုးအရင်တုန်းက ထိုင်းဘက်ကို ဝင်ရောက်ပြီး စစ်ဘေးရှောင်နိုင်တဲ့ အနေအထားရှိခဲ့တော့ လက်ရှိအခြေအနေမှာရော တိုက်ပွဲတွေ ပြင်းထန်တယ် စစ်ရှောင်တွေရှိလာတယ်ဆိုရင် ထိုင်းဘက်ကို အရင်လို ဝင်ရောက်နေထိုင်ခွင့်အလားအလာ ဘယ်လိုရှိပါသလဲ။

​ဖြေ-တကယ်တန်းကျတော့ ထိုင်းနိုင်ငံကလည်း ပြောပါတယ်။ ထိုင်းနိုင်ငံနဲ့ NGO အဖွဲ့အစည်းတွေ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့တိုင်ပင်ဆွေးနွေးတာရှိပါတယ်။ အာဏာသိမ်းပြီးနောက် တိုက်ပွဲအကြီးအကျယ် ဖြစ်လာမယ်ဆိုလို့ရှိရင် ထိုင်းနိုင်ငံဘက်ကို စစ်ပြေးဒုက္ခသည်တွေ ကူးလာနိုင်တယ်။ ကူးလာမယ်ဆိုလို့ရှိရင် ဒီဘက်မှာ ရွာသူရွာသားတွေက ဘယ်လိုကူညီရမယ် ဘယ်လိုလမ်းပြရမယ် ဘယ်နေရာမှာ နေသင့်တယ်ဆိုတာ သူတို့ တိုင်ပင်ပြီးလုပ်ထားတယ်။ ဝင်ရောက်လာပြီဆိုရင် ကူညီမယ့်ဟာမျိုးလည်း NGO အဖွဲ့တွေက သူတို့ အသင့်လုပ်ထားတယ် ။ ဥပမာ TBCဆိုရင် လူပေါင်း ၄၀၀၀ ကျော်အတွက် အသင့်လုပ်ထားတယ် အခုထက်ထိပေါ့။ ဒါပေမဲ့ တစ်ယောက်မှတော့ ရောက်မလာသေးဘူးပေါ့။ လူပေါင်း ၄၀၀၀ ဆိုတာ သူတို့ နေဖို့နေရာရယ် အဆောက်အအုံတွေ ရိက္ခာတွေ အဓိကလုပ်ထားတာပေါ့။ သူတို့ ပြင်ဆင်ထားတယ်။ သူတို့ အဲဒီလိုပြောတယ်။

မေး-တကယ်လို့ တိုက်ပွဲတွေ ဖြစ်လာရင် အဲဒီဘက်ကို ရောက်လာနိုင်ခြေရှိပါသလား။

​ဖြေ-တိုက်ပွဲတွေဖြစ်လာရင် လူတွေက ရောက်လာချင်တယ်။ ဒါပေမဲ့ အခု တ
ကယ့်အခက်အခဲ ပြဿနာက ကိုရိုနာဗိုင်းရပ်စ်ရောဂါပေါ့။ အဲဒီကိစ္စကလည်း တ
ကယ့်ကို အဟန့်အတားဖြစ်ပါတယ်။ လူတွေ အစုအပြုံလိုက် အဲဒီလို ဝင်လာမယ်ဆိုရင် လက်ခံရတာ ခက်ခဲတယ်ပေါ့ စစ်ဆေးရမယ် လုပ်ရမယ့်အရာတွေ အများကြီးရှိတဲ့အတွက်ကြောင့်မို့လို့ တစ်ဖက်နိုင်ငံကလည်း အဲဒါကို နည်းနည်းလေး သေသေချာချာလေးဖြစ်အောင် ဟန့်တားထားတာလည်းရှိတယ်လေ။

​မေး-လက်ခံဖို့ ပြင်ဆင်ထားပေမယ့် တကယ်တန်းဝင်လာရင် ချက်ချင်းလက်ခံဖို့ ခက်နိုင်တဲ့သဘောလား။

​ဖြေ-ဟုတ်ကဲ့ တကယ်တန်းလက်ခံဖို့ အခက်အခဲဆိုတာက အဲဒါက ကျော်လွှားအောင်တော့လုပ်နိုင်ပါတယ်။ လူလက်ခံဖို့ အစီအစဉ်ကြီးတွေလုပ်ရမှာ ဖြစ်တယ်။ အဲဒီအတွက် ခက်ခဲတယ်လို့ ဆိုလိုချင်တာပေါ့။

Public Service Announcement

​မေး-ဒေသအသီးသီးမှာ တိုက်ပွဲတွေပြင်းထန်လာနိုင်တော့ လူထုတွေကို ဘယ်လိုသတင်းစကားပေးလိုပါသလဲ။

​ဖြေ-လူထုတွေကတော့ အခံသပ်သပ်ပဲလေ။ ပြည်သူလူကိုတော့ ကျွန်တော်တို့ ကိုယ်ချင်းစာပြီးတော့ သနားလည်းသနားတယ်။ ဘာမှလည်း မလုပ်နိုင်ပေမယ့်လည်း ကျွန်တော်တို့က ကိုယ့်ဘာသာအပေါ် အခြေခံပြီး နေ့၊ည အဆက်မပြတ် ဆုတောင်းပေးပါတယ်။ အဲဒါကို သိစေချင်တယ်။

မေး-အခုက စစ်အာဏာသိမ်းမှုကြောင့် ရယ်၊ ကပ်​ရောဂါ​ကြောင့်ရယ်မြန်မာပြည်သူတွေက အခက်အခဲမျိုးစုံကြုံနေရတယ် ဒီအခက်အခဲတွေကြားရှင်သန်နိုင်အောင် ဘာတွေ အကြံပေးလိုပါသလဲ။

​ဖြေ-အခက်အခဲတွေကြား ရှင်သန်နိုင်အောင်က အခုက မီးလောင်နေတာ မီးလောင်မှု များတဲ့အခါအားကောင်းတဲ့ အခါရေက ဘယ်လိုမှလုပ်လို့ရမှာ မဟုတ်ဘူး။ ဒါကြောင့် မီးလောင်တာကိုနည်းနည်းကာကွယ်နိုင်အောင် နည်းနည်း ရှောင်လွှဲနိုင်အောင် သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းလေးတွေကိုလိုက်နာပေးပြီးတော့ သွားလာဖို့ နေထိုင်ပေးဖို့ အဲဒါနည်းလည်းတစ်ခုပဲလို့ မြင်တယ်။

ကျေးဇူးတင်ပါတယ်။

ဆက်စပ်သတင်းများ