Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“NDAA ထဲထည့်လိုက်တယ်ဆိုကတည်းက သေးသေးမွှားမွှားအောင်မြင်မှုမဟုတ်ဘူး။ အင်မတန်အရေးကြီးတယ်ဆိုတာ သဘောပေါက်ရမယ်။ Action လာမယ်ဆိုတာ သဘောပေါက်ရမယ်”

NDAA က Burma Act မဟုတ်ဘူး။ အမေရိကန်ရဲ့ ကာကွယ်ရေးဆိုင်ရာ ဘတ်ဂျက်မှာ ဆီနိတ်တာတွေအနေနဲ့ သူတို့လိုချင်တာလေး ထည့်ပေးလို့ ရတာကို ထည့်ပေးလိုက်တာ။ ဆိုလိုချင်တာက အရေးကြီးတယ်ဆိုတဲ့ သဘောဆောင်တယ်။

ဒေါက်တာထွန်းမြင့်နှင့်ဆက်သွယ်မေးမြန်းချက်

မြန်မာ့ဒီမိုကရေစီအရေးမှာ အမေရိကန်ရဲ့ အာရုံစိုက် အားပေးထောက်ခံမှု ခြေလှမ်းအဖြစ် အမျိုးသားကာကွယ်ရေးဥပဒေ(NDAA)မူကြမ်းကို လွှတ်တော်နှစ်ရပ်အတည်ပြုခဲ့ပြီး သမ္မတဘိုင်ဒန်လက်မှတ် ရေးထိုးဖို့ ပေးပို့လိုက်ပြီဖြစ်ပါတယ်။ အဲဒီဥပဒေမူကြမ်းဟာ မြန်မာနိုင်ငံအတွက် သီးခြား ရေးဆွဲထားတာမဟုတ်ပေမယ့် ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီကို ကာကွယ်ရေးမြှင့်တင်ရေးအတွက် လုပ်ဆောင်နေတဲ့ အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ လုပ်ဆောင်ရမယ့် အချက်တွေကို ထည့်သွင်းထားပါတယ်။ အဲဒီ NDAA ဥပဒေကြမ်းနဲ့ပတ်သက်လို့ အမေရိကန်၊ Carleton College မှ နိုင်ငံရေးသိပ္ပံ တွဲဖက်ပါမောက္ခ ဒေါက်တာထွန်းမြင့်ကို လူထုနွေဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး – NDAA နဲ့ပတ်သက်လို့ ဘာတွေလေ့လာတွေ့ရှိရလဲ။ မြန်မာနိုင်ငံအတွက် ထူးခြားချက်တွေ ဘာတွေပါလဲ ရှင်းပြပေးပါလား ဆရာ။

ဖြေ – အမေရိကန်နိုင်ငံမှာ တစ်နှစ်ကို တစ်ကြိမ် အမျိုးသားကာကွယ်ရေးအက်ဥပဒေလုပ်ခဲ့တာ အနှစ် ၆၀ လောက်ရှိပြီ။ NDAA ပေါ့။ အဓိကကတော့ လာမယ့်နှစ်အတွက် ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ကုန်ကျစရိတ်ကို သတ်မှတ်တာပေါ့။ NDAA ကို လုပ်တဲ့အခါ ဆီနိတ်တာ အထက်လွှတ်တော်အမတ်တွေအနေနဲ့ သူတို့လိုချင်တဲ့ သူတို့ဖြစ်စေချင်တဲ့ကိစ္စကို Amendment အနေနဲ့ တွဲပြီးထည့်လို့ရတယ်။ ပြောရရင် မြန်မာနဲ့ပတ်သက်တဲ့ Burma Bill သပ်သပ်ရှိတယ်။ အဲဒါက ပြီးခဲ့တဲ့ အောက်လွှတ်တော်က အတည်ပြုပြီး အခု အထက်လွှတ်တော်မှာ ဆီနိတ်မှာ ရပ်နေတယ်။ အဲဒီလိုနားနေတဲ့အချိန်မှာ အရပ်သားနားလည်အောင်ပြောရမယ်ဆိုရင် Burma Bill ဆိုတဲ့ ဟီးနိုးကားကြီးက လမ်းပေါ်တက်နေတယ်။ လမ်းက ကြပ်နေတယ်။ လမ်းကြပ်နေတဲ့အခါ အမြန်မောင်းတဲ့ lane မှာ NDAA က တက်နေတယ်။ မစ်ချ်မက်ကောနယ်က ထည့်ပေးလိုက်စရာလေးရှိတာ ပေါ့။ NDAA ကားသမားကို မင်း ဒါလေးယူသွားလိုက်ဆိုပြီး မြန်မာနိုင်ငံနဲ့ပတ်သက်တာကို ထည့် ပေးလိုက်တာ။ သူက အမြန်ရောက်မှာကိုး။ NDAA က Burma Act မဟုတ်ဘူး။ အမေရိကန်ရဲ့ ကာကွယ်ရေးဆိုင်ရာ ဘတ်ဂျက်မှာ ဆီနိတ်တာတွေအနေနဲ့ သူတို့လိုချင်တာလေး ထည့်ပေးလို့ ရတာကို ထည့်ပေးလိုက်တာ။ ဆိုလိုချင်တာက အရေးကြီးတယ်ဆိုတဲ့ သဘောဆောင်တယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ကိစ္စဟာ အရေးကြီးတဲ့သဘောဆောင်လို့ ဒီဆီနိတ်တာက ဒီလိုတွဲ ထည့်လိုက်တာ။ သူတစ်ယောက်တည်း မဟုတ်ဘူး။ ကျန်တဲ့ဆီနိတ်တာတွေလည်း မြန်မာနိုင်ငံ နဲ့ပတ်သက်လို့ ထည့်တာရှိတယ်။ ၂ ယောက်၊ ၃ ယောက်လောက်ရှိတယ်။ အရေးကြီးတယ်ဆိုတဲ့ သဘောပေါ့။ ဘတ်ဂျက်က စုစုပေါင်း ၇၇၀ ဘီလီယံ ချမှတ်လိုက်တယ်။ ၇၇၀ ထဲမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အရေးကြီးတဲ့ကိစ္စတစ်ခုဘာပါသလဲဆိုရင် တရုတ်တောင်ပင်လယ်နဲ့ ထိုင်ဝမ်ကိစ္စတွေကို သုံးရမယ့်ငွေ ၇.၁ ဘီလီယံဆိုပြီး သတ်မှတ်ထားတာရှိတယ်။ ဒါက မြန်မာနိုင်ငံမှာ တရုတ်ဝင်ပြီးတော့ တရုတ်နဲ့ပတ်သက်တဲ့ကိစ္စတွေ ဖြေရှင်းရမှာလည်းရှိတယ်။ အဲဒီကိစ္စတွေထဲမှာ ၇.၁ ဘီလီယံထည့်ထားတယ်ဆိုတော့ မက်ကောနဲလ်ရဲ့ တောင်းဆိုချက် ၅ ချက်ထဲက နောက်ဆုံး အချက်က တရုတ်နဲ့ရုရှားက မြန်မာနိုင်ငံမှာ နည်းဗျူဟာ၊ မဟာဗျူဟာအရ ဘာတွေ စိတ်ဝင်စားပြီး မြန်မာနိုင်ငံရဲ့စစ်ကောင်စီကို ဘယ်လို Supporting လုပ်ရသလဲဆိုတာကို ရှင်းပြရမယ်။ မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာကို ဒီကောင်တွေ ဝင်ပြီးတော့ စော်ကားနေသလားဆိုတာကို ရှင်းပြဖို့ မေးထားတယ်။ ဘယ်ကိုမေးထားလဲဆိုတော့ နိုင်ငံခြားရေး၊ ဘဏ္ဍာရေး၊ ကာကွယ်ရေးနဲ့ USAID တို့ကို မေးထားတယ်။ အဲဒါအရ ၇.၁ ဘီလီယံကို ဆွဲသုံးမယ့် သဘောရှိတယ်။ သတင်း ကောင်းပေါ့။ Burma Bill က ရပ်တန့်နေချိန်မှာ အမြန်ဆုံးဖြစ်အောင် အမြန် Lane ကို တွန်းပို့ လိုက်တယ်။ တွန်းပို့ပြီး အဲဒီ ၅ ချက်ထဲက တစ်ချက်ချင်းကိုကြည့်ရင် တော်တော်လေး အားရ စရာရှိတယ်။ NUG ကို အသိအမှတ်ပြုရေး Review လုပ်ဖို့၊ CDM တွေကို Supporting ဘယ်လို လုပ်ရင်ကောင်းမလဲဆိုတာတွေ မေးထားတယ်။ အဲဒါတွေကောင်းတယ်။ နောက်တစ်ချက်က အင်မတန်အရေးကြီးတယ်။ အာဆီယံတို့၊ UN တို့၊ EU တို့က ပြောနေတာရှိတယ်မဟုတ်လား။ ဒီမိုကရေစီလမ်းကြောင်းရောက်အောင် တင်ပေးရမယ်ဆိုတဲ့ ယေဘုယျသဘောတူထားတာရှိ တယ်။ သူတို့တွေ မရှင်းတာက ဒီမိုကရေစီလမ်းကြောင်းရောက်တယ်ဆိုတာ ဘာကိုဆိုလိုသလဲ ဆိုတာ မရှင်းဘူး။ မက်ကောနဲလ်က ရှင်းတယ်။ ဒီမိုကရေစီလမ်းကြောင်းသွားတယ်ဆိုတာက ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပြီးတော့ အဲဒီအစိုးရကို အာဏာပြန်အပ်ရမယ်ဆို တဲ့သဘောကို ဆိုလိုထားတယ်။ ဒါက ပိုတိကျတယ်။ ယေဘုယျပြောထားတာမဟုတ်ဘူး။

Public Service Announcement

Public Service Announcement

မေး – ကျွန်တော်တို့နားလည်သလောက် လွှတ်တော်နှစ်ရပ်က သဘောတူပြီး သမ္မတဆီပေးပို့လိုက်ပြီဆိုတော့ ဒီလုပ်ငန်းစဉ်က သမ္မတလက်မှတ်ရေးထိုးဖို့ပဲ ကျန်တော့တယ်ဆိုတဲ့အဆင့်ပေါ့။ ဒါကရောပြင်ဆင်ချက်ဖြစ်လာနိုင်သေးလား။ ဒါမှမဟုတ် သမ္မတလက်မှတ်ရေးထိုးပြီး ဘယ်အချိန်လောက်မှာ အသက်ဝင်တဲ့ဥပဒေတစ်ရပ်အဖြစ်ပေါ်ထွက်လာနိုင်မလဲ။

ဖြေ – ဒီနှစ်မကုန်ခင် ဒါက ဥပဒေဖြစ်သွားမှာပေါ့။ ဘာလို့လဲဆိုတော့ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် နှစ်ရပ်စလုံးက သဘောတူပြီးသားလေ။ ပြန်ပြီးပြင်ဖို့ဆိုတာ များသော အားဖြင့် ဘတ်ဂျက်အပေါ်မှာ မူတည်လိမ့်မယ်။ သမ္မတတောင်းထားတာရဲ့ ၂၅ ဘီလီယံလောက်ပို ပေးထားတယ်။ အဲဒီတော့ သမ္မတအနေနဲ့ ဝမ်းသာစရာပေါ့။ ကျွန်တော့်အထင်ကတော့ တရုတ်နဲ့ ရုရှားကိစ္စကို သူတို့စိတ်ဝင်စားတယ်။ အလေးထားတဲ့ပုံစံမှာရှိတယ်။

မေး – အမေရိကန်ရဲ့ အခုလိုမျိုး စစ်အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် ရှုတ်ချထားတယ်။ လက်ရှိ အကြမ်းဖက်မှုတွေကိုလည်း ဆက်တိုက်ရှုတ်ချထားတာမျိုးရှိတယ်။ အရေးယူပိတ်ဆို့မှုတွေလည်းရှိတယ်။ ဒီကြားထဲမှာမှ NDAA မှာ မြန်မာနိုင်ငံနဲ့ပတ်သက်တာကို ကဏ္ဍတစ်ခုအနေနဲ့ ထည့်သွင်းထားတာက မြန်မာ့ဒီမိုကရေစီအရေးအတွက် ဘယ်လောက်အရေးကြီးလဲ။ ဘယ်လောက် အရွေ့ကိုဖြစ်လာနိုင်မလဲ။

ဖြေ – မျှော်လင့်ချက်ကတော့ နဂိုသူတို့လုပ်ခဲ့တဲ့ပေါ်လစီနဲ့လုံး၀မတူဘူး။ လမ်းသစ်လျှောက်နေတယ်။ ခြေလှမ်းအသစ်လျှောက်နေတယ်ဆိုတဲ့သဘောသက်ရောက်တယ်။ အသစ်တစ်ခု၊ အင်အားတစ်ခုကို တည်ဆောက်နေတဲ့ပုံစံရှိတယ်။ အင်အားဆိုတာ သူတို့လုပ်မယ့် လုပ်ရပ်ကို Defense လုပ်နိုင်ဖို့ reason ကောင်းကောင်းပေးနိုင်ဖို့ လုပ်နေတဲ့ပုံစံရှိတယ်။ အဲဒါကို ဘာကြောင့် ပြောရသလဲဆိုရင် NDAA ထဲမှာ တိတိကျကျလုပ်ရမယ့်လုပ်ငန်းတွေကို တိတိကျကျဝန်ကြီးဌာန လေးခုကိုတောင်းထားတာက တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။ အဲဒီအချက်က နဂိုက ဆိုရင် sanction လောက်နဲ့ ရပ်ရင် ရပ်သွားမယ်လေ။ ဒီလိုအဆင့်မဟုတ်ဘူး။ အခုက NUG ကိုအသိအမှတ်ပြုရေး၊ CDM ကို ဘယ်လောက် Supporting လုပ်ရမလဲ။ စစ်ကောင်စီကို တရားဝင်မှု မပေးဖို့က အစလုပ်ထားတယ်။ နောက်တစ်ခုက ဒီဥပဒေနဲ့ Burma Bill နဲ့ ချိတ်ရမယ်ဆိုရင် war crime humanity တို့၊ genocide တို့၊ human rights violation တွေပေါ့။ အဲဒါတွေကို Burma Bill မှာ အချက်အလက်နဲ့ အကျယ်တ၀င့်ရေးထားတယ်။ အဲဒီတော့ NDAA ထဲမှာ အဲဒီလိုတော့ ရေးမထားဘူး။ ဒါပေမဲ့ တိုက်ရိုက်တောင်းဆိုထားတယ်။ ဝန်ကြီးဌာနလေးခုကို ရှင်းပြဖို့ တောင်းဆိုထားတယ်။ အလကားတော့ ရှင်းပြခိုင်းတာမဟုတ်ဘူး။ အလုပ်တစ်ခု လုပ်ချင်လို့ ရှင်းပြခိုင်းတဲ့သဘောပေါ့။

မေး – မြန်မာပြည်သူတွေ စိုးရိမ်တာကျတော့ အမေရိကန်က ဒီမိုကရေစီနိုင်ငံကြီးလည်းဖြစ်တော့ ဒီမိုကရေစီအရေးကို အားပေးတယ်။ ဒါပေမဲ့ တကယ့် action မယူဘဲ အပြောနဲ့ ဖြစ်မှာကို စိုးရိမ်ကြတယ်။ အခုလို ခြေလှမ်းမျိုးလှမ်းလာတာကို ဆရာတို့ ဘယ်လိုသုံးသပ်လို့ရမလဲ။

ဖြေ – နိုင်ငံတကာရဲ့ မြန်မာနိုင်ငံကို supporting လုပ်တာမှာ သူတို့လုပ်နိုင်တာကို ကျွန်တော်တို့ အနေနဲ့ ချိန်ဆပြီး မျှော်လင့်ရမှာဖြစ်တယ်။ အဓိကယုံကြည်ထားရမှာက မြန်မာနိုင်ငံရဲ့ ပြဿနာက ပြည်တွင်းပြည်သူတွေက ရှင်းရမှာဆိုတာ base line နားလည်ဖို့လိုတယ်။ နားလည်လို့လည်း NUG တွေလုပ်နေတယ်။ PDFတွေ လုပ်နေတယ်။ ပြည်တွင်းကအရှိန်မြှင့်ထားတယ်ဆိုရင် နိုင်ငံတကာက action လုပ်ဖို့ လမ်းတွေက ပိုပိုပွင့်လာတဲ့သဘောပဲ။ အခုက Burma bill ထဲမှာ မထားဘဲ ဒီထဲက ဆွဲထုတ်လိုက်ပြီး ဒီလိုမျိုး အင်မတန်ဩဇာရှိတဲ့ ဆီနိတ်တာတစ်ယောက်က NDAA ထဲထည့်လိုက်တယ်ဆိုကတည်းက သေးသေးမွှားမွှားအောင်မြင်မှုမဟုတ်ဘူး။ အင်မတန်အရေးကြီးတယ်ဆိုတာ သဘောပေါက်ရမယ်။ Action လာမယ်ဆိုတာ သဘောပေါက်ရမယ်။ နောက်ဆုံးဖြစ်နိုင်တဲ့ Action က သူတို့ အခု ပိတ်ဆို့အရေးယူဒဏ်ခတ်ရေးဆိုတာ ကျိန်းသေတယ်။ သတင်းသမားတွေ အနေနဲ့ရော၊ NUG နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ရော၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးအနေနဲ့ရော၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ဘဏ္ဍာရေးဝန်ကြီးအနေနဲ့ရော ဘာပေးသင့်သလဲဆိုရင် မင်းအောင်လှိုင်တို့ပိုင်ဆိုင်တဲ့ကုမ္ပဏီတွေ၊ သူတို့နဲ့ဆက်နွှယ်တဲ့ ကုမ္ပဏီ တွေ အစုံပေါ့ဗျာ။ ဒါတွေကို ဒေါ်ဇင်မာအောင်တို့က အမေရိကန်ကို အသေးစိတ်တင်ပြသင့်တယ်။ ပစ်မှတ်ထားဒဏ်ခတ်အရေးယူမှုလုပ်ချင်ရင် ဒီလူတွေဟာ ဒီလက်နက်တွေဝယ်ဖို့အတွက် စစ်တပ်ကို ဒီလိုထောက်ပံ့နေတယ်။ ဒါနဲ့ပတ်သက်ပြီး သူတို့အနေနဲ့ တိတိကျကျပိုပြီး လုပ်ဆောင်နိုင် လိမ့်မယ်။ ဆိုလိုချင်တာက သူတို့ဆီက Action မျှော်လင့်တဲ့အချိန်မှာ ကိုယ်ကနေ လုပ်ရမယ့် လုပ်ငန်းကို ကိုယ့်ဘက်ကနေ လုပ်ပြီးမှ အလုပ်ကဖြစ်မှာကိုး။ နောက်တစ်ချက်က NUG နဲ့ CDM ကိစ္စတွေမှာ CDM ဆက်ပြီးတော့ အားကောင်းအောင်လုပ်နေတဲ့ ကိစ္စတွေမှာ လိုအပ်တာတွေ ရှင်းပြဖို့။ နောက်တစ်ခုက 1Billion မြန်မာဗဟိုဘဏ်အပ်ငွေကို အမေရိကန်အနေနဲ့ unfreeze လုပ်ဖို့ပေါ့။ Burma Bill ထဲမှာ NUG ကို တရားဝင်အသိအမှတ်ပြုဖို့ တောင်းထားတယ်။ အခု မက်ကောနဲလ်ကလည်း ပြောနေတယ်။ အဲဒီလိုမျိုးလုပ်ဖို့အတွက် သူတို့စဉ်းစားနေတဲ့ ပုံစံ ရှိတယ်။ အဲဒီလိုအသိအမှတ်ပြုလိုက်ပြီဆိုရင် NUG အနေနဲ့ 1Billion ဗဟိုဘဏ်အပ်ငွေကို ရမှာ ဖြစ်တယ်။ အဲ့တော့ ဒါတွေက အင်မတန်မှကို တိကျတဲ့ Action ယူမယ့်လမ်းကို ဖောက်နေပြီ။ သွားနေပြီဆိုတဲ့သဘောကို ဆောင်တယ်။

မေး – NDAA နဲ့ပတ်သက်လို့ ဖြစ်ဖြစ်၊ NUG နဲ့ အမေရိကန်ကို တိုက်တွန်းအကြံပြုချင်တာဖြစ်ဖြစ် ထပ်ဖြည့်ပြောကြားချင်တာရှိမလားဆရာ။

ဖြေ – ကျွန်တော်အခု တိုက်တွန်းမှာက သူတို့ရေးပြီး ပို့ထားရင်လည်း ပို့ထားလိမ့်မယ်။ အချက်အလက်တွေအနေနဲ့လည်း ပြောရင်ပြောထားပြီးဖြစ်လိမ့်မယ်။ NUG အနေနဲ့။ ဒါပေမဲ့အရေးကြီးလို့ ကျွန်တော် နည်းနည်းပြောမယ်။ ဘာလဲဆိုရင် ဦး၀◌ဏ္ဏမောင်လွင်က ၇၁ မျက်နှာရှိတဲ့ Credentials Committee ကို Briefing Paper ပို့ထားတာရှိတယ်။ အဲဒီ Briefing Paper ထဲမှာရော၊ ဇော်မင်းထွန်းကိုယ်တိုင် NP( မှတ်ချက်- အကုန်သိ့သတင်းဌာန အယ်ဒီတာမှ ထပ်မံအသစ်လုပ်ထား​သော Neo Politics အွန်လိုင်းသတင်းဌာန) အယ်ဒီတာနဲ့ အင်တာဗျူးမှာရော သူတို့ရဲ့ စိုးရိမ်ချက်က သူတို့အနေနဲ့ နိုင်ငံတော်ပုန်ကန်မှုကို လုပ်မထားဘူးဆိုတာ သူတို့ အရမ်း defense ပြီး sensitive ဖြစ်တယ်။ အဲဒီ document ထဲမှာ စစ်တပ်က ဖေဖော်ဝါရီ ၁ ရက်က လုပ်ရခြင်းဟာ မြန်မာနိုင်ငံရဲ့ တရားဥပဒေအရ ၂၀၀၈ အခြေခံဥပဒေအရ ကာကွယ်ခြင်းဖြစ်တယ်လို့ ချေပထားတယ်။ ၂၀၀၈ အခြေခံဥပဒေဟာ ဒီမိုကရေစီလမ်းကို တက်နေတဲ့ဥပဒေဖြစ်တယ်။ အဲဒီလမ်းကို NLD က မလိုက်နာခဲ့လို့ သူတို့က လုပ်ရခြင်းလို့ ပြောထားတာရှိတယ်။ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းခြင်းဟာ သူတို့ကိုယ်တိုင် နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ထားတယ်ဆိုတာကို NUG ရဲ့ တရားရေးဝန်ကြီးနဲ့ နိုင်ငံခြားရေးဝန်ကြီးရော ပူးပေါင်းပြီးတိတိလင်းလင်း သူတို့(စစ်တပ်)ရေးထားတဲ့အခြေခံဥပဒေကို သူတို့ချိုးဖောက်တယ်ဆိုတာကို အမေရိကန်ရဲ့အမတ်တိုင်း၊ ဆီနိတ်တာတိုင်းနားလည်အောင် ဒီစာကို ပို့ပြီး ဥပဒေပိုင်းအရ ရှင်းပြရမယ်။ ဒါတွေ ရှင်းပြလိုက်ရင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကို မြန်မာစစ်တပ်က စော်ကားထားတယ်။ အချုပ်အခြာအာဏာကိုလည်း ပုန်ကန် ထားတယ်။ အဲဒါကို ရုရှားနဲ့ တရုတ်က ကူညီထောက်ပံ့နေတယ်။ ကမ္ဘာ့ဒီမိုကရေစီကို စော်ကားတယ်ဆိုတာကို သက်ရောက်တယ်။ အဲဒီအချက်ကို သေချာရှင်းရှင်းလင်းလင်းဖြစ်အောင် ပို့နိုင် ရမယ်။ အဲဒါဆိုရင် စစ်ကောင်စီက မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာကို ဖျက်ဆီးနေတယ်။ နိုင်ငံတော်ပုန်ကန်မှုကျူးလွန်ထားတယ်လို့ ရှင်းပြရမယ်။ တည့်တည့်ပြောရရင် အမေရိကန်အနေနဲ့ NUG ကို တရားဝင်အသိအမှတ်ပြုဖို့ ပိုပြီး အရှိန်ပြင်းထန်လာမယ်။

ကျေးဇူးတင်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီလ ၁၂ ရက် ညနေ ၃ နာရီခွဲက အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ဆီကို အိတ်ဖွင့်ပေးစာ သွားရောက်ပေးရာ မြန်မာ့ရေးရာဌာနက ယူဆောင်သွားတယ်လို့ သိရပါတယ်။

သတင်း

“မြန်မာပြည်သူများအတွက် ပျော်ရွှင်ဝမ်းမြောက်ဖွယ်ခရစ္စမတ်လက်ဆောင်ပါ”ဟု မြန်မာ့အရေးလေ့လာသူ ဒေါက်တာမီမီဝင်းဘတ်က ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားသည်။

သတင်း

NDAA ဥပဒေကြမ်းကို အောက်လွှတ်တော်က အတည်ပြုအပြီး ၈ရက်အကြာတွင် အထက်လွှတ်တော်က ထပ်မံအတည်ပြုခဲ့သဖြင့် သမ္မတဘိုင်ဒန် လက်မှတ်ရေးထိုးမည့်အဆင့်သာ ကျန်ရှိသည်။

သတင်း

NDAA ကို အောက်လွှတ်တော်က အတည်ပြုပြီး နောက် ၈ ရက်အကြာတွင် အထက်လွှတ်တော်က ထပ်မံအတည်ပြုပေးလိုက်ခြင်းဖြစ်သည်။ ယင်းသို့ ကာလတိုအတွင်း လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုလိုက်သဖြင့် မကြာမီအတွင်း သမ္မတဘိုင်ဒန် လက်မှတ်ရေးထိုးကာ အတည်ပြုနိုင်ဖွယ်ရှိနေသည်။