Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“ကျွန်တော်တို့ ပြည်သူလူထုရဲ့ ရင်ထဲက လာတဲ့ စိတ်ဓာတ်ကို သူတို့(စစ်​ကောင်စီတပ ဘယ်လောက်ပဲမီးရှို့ရှို့ .. ပိုပြီးမခံချင်စိတ်နဲ့ ပြန်ပြီး တွန်းလှန်မှာ”

မကွေးတိုင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ရင်း(၄) အပါအဝင် ဒေသတွင်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များသည် ဧပြီ ၆ရက် ညနေပိုင်းက ပေါက်-ဆိပ်ဖြူလမ်းတစ်နေရာတွင် စစ်ကောင်စီတပ်မှ အရာရှိ အပါအဝင် ၇ဦးကို လက်နက် ၇လက်၊ လက်နက်ခဲယမ်းကုန်ကြမ်းတင်ယာဉ် ၃စီးနှင့်အတူ ဖမ်းဆီးခဲ့သည်။

■ပေါက်မြို့နယ်PDFတစ်ဦးနှင့် မေးမြန်းခန်း

ထိုသို့ ဖမ်းဆီးခံရသည့် စစ်ကောင်စီတပ်သည် ဧပြီ ၇ရက်မှစ၍ မြေပြင်မှ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးခြင်း၊ ရဟတ်ယာဉ်အသုံးပြု တိုက်ခိုက်ခြင်း တို့ပြုလုပ်၍ အကြမ်းဖက်ထိုးစစ်ဆင်ခဲ့သည်။ စစ်ကောင်စီတပ်များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ဧပြီ ၇ရက်မှ ၁၄ရက်နေ့အတွင်း ပေါက်မြို့နယ်မှ ၁၃ရွာ အပါအဝင် ပေါက်၊ ဆိပ်ဖြူ၊ ပခုက္ကူ မြို့နယ်များမှ ကျေးရွာ ၁၅ရွာ ထက်မနည်း မီးရှို့ခံရပြီး အရပ်သား ပြည်သူများစွာ သတ်ဖြတ်ခံရကာ ပြည်သူလူထု များစွာ ဘေးကင်းရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ ယင်းအခြေအနေများနှင့်ပတ်သက်၍ ဒေသခံ PDF တပ်ဖွဲ့ဝင် တစ်ဦးကို People’s Spring (လူထု​နွေဦး)သတင်းဌာနကမေးမြန်းထားသည်ကို​ဖော်ပြလိုက်ပါသည်။

​မေး-စစ်ကောင်စီတပ်က ပေါက်မြို့နယ်နဲ့ ဆက်စပ်ဒေသတွေကို ဝင်ရောက်စီးနင်းတဲ့အခါ မီးရှို့ဖျက်ဆီးခံရတဲ့ ရွာတွေရဲ့ အခြေအနေကို ပြောပြပေးပါလား။

​ဖြေ-လွန်ခဲ့တဲ့ တစ်ပတ်လောက်အတွင်းမှာ ကျွန်တော်တို့နဲ့ နီးစပ်တဲ့ ပေါက်မြို့နယ်နားတင် ၁၃ရွာလောက်မီးရှို့သွားတာ။ ကျွန်တော်တို့ပေါက်မြို့နယ်တင်ပြောတာ။ ပေါက်မြို့နယ် အရှေ့တောင်ပိုင်း ပခုက္ကူနယ်ရှိမယ်၊ ပေါက်နယ်ရှိတယ်။ ဆိပ်ဖြူနယ်ရှိတယ် အဲဒီမှာ သုံးနယ်ဆုံမှာ ဆိပ်ဖြူနယ်ဘက်ကလည်း မီးရှို့ခံရတာရှိတယ်။ နောက်ပြီးတော့ ပခုက္ကူနယ်ဘက်ကလည်း မီးရှို့ခံရတာရှိတယ်။ ပေါက်နယ်ကတော့ သူတို့စစ်ကြောင်း လာဝင်သွားပြီး မီးရှို့သွားတဲ့နေရာမှာ နည်းနည်းပိုများတာပေါ့။
​မေး-ခန့်မှန်းခြေ အိမ်ခြေ ဘယ်လောက် မီးရှို့ခံရတယ်လို့ သိရပါလဲ။

Public Service Announcement

Public Service Announcement

​ဖြေ-ကျွန်တော်တို့နဲ့ ဝေးတာတွေကျတော့ မသိဘူး။ ကျွန်တော်တို့နားမှာဆိုရင် အစဆုံး ရေကျော်ကို ရှို့တာ။ ရေကျော်ကို ရှို့တာက ရေကျော်ရွာမှာဆိုရင် အိမ်ခြေ ၂၆၀ကျော်လောက်ရှိတဲ့အနက်မှာ လက်ရှိ ကျန်တာ ၇၀ ကျော်ကျန်တယ်။ ရွာက ကွက်သစ်လေးရှိတယ် ရွာစွန်က အိမ်လေးတွေရှိတယ် ရွာမ အလယ်ခေါင်ကတော့ အကုန်လုံးပါသွားတယ်။ အဲဒီရွာဆို တိရိစ္ဆာန်တွေရော၊ အဓိကတော့ ဆိတ်တွေ တော်တော်များများ ပါသွားတယ် ။နောက် ဝက်တော်တော်ပါသွားတယ်။ အဲဒီမှာတော့ လူတော့ ပါမသွားဘူး။ အဲဒါပြီးတော့ ကျောင်းကုန်းကို သူတို့ ဆက်ရှို့တယ်။ ကျောင်းကုန်းကတော့ အိမ်ခြေက ၇၉ အိမ်လောက် ပါသွားတယ်။

​မေး-ပြည်သူလူထု သေဆုံးမှုတွေရော ကြားသိရပါသလား

​ဖြေ-ပြည်သူလူထုသေဆုံးမှုက ဒီဘက်မှာဆိုရင် ကျွန်းရင်မှာဆိုရင် လေကြောင်းက ပစ်တယ်။ အသက် ၆၀ ကျော် တစ်ယောက် သေဆုံးမှုဖြစ်တယ်။ မြစ်ဖျားဘက်မှာလည်း ကျွန်တော်တို့ ကြားတာ ၄ဦး သတ်ဖြတ်ပြီး ထားခဲ့တာရှိတယ်။ အဲဒါကတော့ ကျွန်တော်တို့နယ်မဟုတ်ဘူး ပခုက္ကူမြို့နယ်ထဲမှာ။ ဆိပ်ဖြူမြို့နယ်ထဲက လယ်သာ နားကိုလည်း အိမ်အချို့ကို သူတို့ မီးရှို့ခဲ့တယ်။

​မေး-တစူးရွာ ဘက်မှာလည်း စစ်ရှောင်နေတဲ့ အမျိုးသမီးတွေ လက်နက်ကြီးမှန်ပြီးသေဆုံးတယ်လို့ကြားလို့ အဲဒါမှန်ပါသလား။

​​ဖြေ-အဲဒါကတော့ ကျွန်တော်တို့ ပေါက်နယ်ထဲတော့ ဟုတ်တယ်။ သို့သော် တစ်နေရာနဲ့ တစ်နေရာလှမ်းတယ်။ တံစူးတို့ ၊ လယ်ယာတို့၊ ရှားလှတို့ တောင်ပြိုတို့၊ ကင်းမတို့ ကင်းမကတော့ ကျွန်တော်တို့ပေါက်နယ်မှာအရင်ဆုံးအရှို့ခံရတဲ့ ရွာပေါ့ဗျာ။ အဲဒီမှာ အခု ဒီစစ်ကြောင်းတွေလာတဲ့အခါမှာ ရှားလှတို့၊ တောင်ပြိုတို့၊ ဒိန်းကွင်းတို့ အဲဒီဘက်တွေမီးရှို့တယ်။ နောက်ပြီး ဇီးတောတို့မီးရှို့သွားတယ်။ အဲဒီဘက်က သေတဲ့ ပျောက်တဲ့ စာရင်းတွေတော့ ကျွန်တော်တို့ တိတိကျကျမသိဘူး။ ကျွန်တော်တို့ အဲဒါတွေနဲ့ပတ်သက်ပြီး တိကျတဲ့စာရင်း မီးရှို့သွားတဲ့ အိမ်ခြေ၊ သူတို့ရဲ့ ပိုင်ဆိုင်မှု နစ်နာမှု ငွေကြေးတန်ဖိုးတွေ နောက်ပြီးတော့ဆုံးရှုံးသွားတဲ့ ပြည်သူတွေ အဲဒါတွေ စစ်တမ်းကောက်နေတာလည်းရှိတယ်။

​မေး- လက်ရှိ အခြေအနေက ရွာဒေသခံတွေက ရှောင်နေရဆဲပဲလား ။အိမ်တွေက လည်း မီးရှို့ခံထားရတယ်ဆိုတော့ သူတို့ အခြေအနေ ဘယ်လိုသိရပါသေးလဲ။

​ဖြေ-လက်ရှိအခြေအနေမှာတော့ ရာသီဥတုကလည်း နွေရာသီဆိုတော့ အလိုလိုမှ ကျွန်တော်တို့ဒေသက ပူတဲ့ဒေသ။ ပူတဲ့ဒေသဆိုတော့ ရွာလုံးကျွတ်မီးရှို့သွားတဲ့ရွာတွေမှာ ဆိုလိုတာက မီးက သုံးလေးရက်လောက် မသေးဘူးဗျ။ စစ်ကြောင်းကလည်း ဒီအနား ပတ်ဝန်းကျင်မှာ ရှိနေတော့ ငြှိမ်းသတ်တာတွေ လုပ်ဆောင်ပေးတာတွေ မလုပ်နိုင်ဘူး။ ၅ရက်လောက်မှ သူတို့လည်း နည်းနည်းခွာမှ ကျွန်တော်တို့နဲ့ နီးစပ်တဲ့ ကျောင်းကုန်းတို့ ရေကျော်တို့က နီးစပ်တော့ ရွာတွေကို သွားပြီး ကူညီပြီးတိရစ္ဆာန်အပုပ်ကောင်တွေ ရှင်းလင်းပြီးမြေမြှုပ်ပစ်တာလုပ်ရတယ်။ အပင်တွေမီးလောင်နေတာ နွားချီးပုံတွေမှာ မီးလောင်နေတာတွေကို ကျွန်တော်တို့ သွားပြီးမှ ငြှိမ်းသတ်ပေးတာတွေလည်း ရှိတယ်။ ကျန်ခဲ့တဲ့ အိမ်လေးတွေမှာ လူတချို့တော့နေတယ်။ တချို့ကလည်း အိမ်သာကျန်ခဲ့တာ အနေအထားတွေအရ မနေရဲတော့ မနေဘူး။ မီးရှို့ထားတဲ့ရွာတွေထဲတော့ ပြန်တော့ မနေကြဘူးဗျ။ ပူလည်း ပူတယ်တအားပူတယ်။ မိုးတွေဘာတွေ သုံးလေးမိုးလောက်ရွာသွားပြီဆိုမှ ရမယ်။ အခုကတော့ လှောင်နေတာ တအားပူတယ် နေလို့မရဘူး။တောတွေထဲမှာပဲ နေကြတာပေါ့။ သစ်ပင်ရှိမယ့်နေရာတွေ ရေရှိမယ့်နေရာတွေသာ အများစု မှီငြမ်းပြီးနေရတာ။ တော်တော်များတယ်။ အရှို့မခံရတဲ့ ရွာတွေကလည်း သူတို့ လာရင်လည်းရှို့မှာပဲဆိုတဲ့ အတွေးတွေနဲ့ အဲဒီမှာ ကျွန်တော်တို့ ရွာတွေဆိုရင်လည်း ရွာထဲမှာ လူသိပ်မနေကြဘူး ပစ္စည်းတွေထုပ်ထားတာ။ ဘေးပတ်ဝန်းကျင်မှာ နေကြတုန်းပဲ ။ဒီဘက်နယ်မှာတော့ ရွာမှာ နေသားကျတဲ့ရွာမရှိသေးဘး။

​မေး-အခုလိုစစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီးတဲ့အ​ပေါ်​ဒေသခံ​တွေရဲ့ခံစားချက်က​ရော ဘယ်လိုရှိလဲ။

​ဖြေ-ကျွန်တော်တို့နေရာဒေသတွေက အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်းနေတဲ့ ဒေသလေးပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ သူတို့တွေနဲ့ အဲဒီလို ပြင်းပြင်းထန်ထန် တိုက်ပွဲရယ်လို့မရှိဘူး။ အဲဒါကို သူတို့က ဘာညာမဟုတ်ဘဲ ရွာထဲမှာ တွေ့တဲ့သူကို သတ်သွားတာ။ သူတို့က အနီး၊အစိမ်းတွေ ဘာတွေလည်း ခွဲတာလည်းမဟုတ်ဘူး။ ရွာတွေဆိုလည်း ရွာထဲမှာ ရွာတွင်းမိန်းလမ်းတွေမှာ နီးစပ်တဲ့အိမ် ဘယ်အိမ်ညာအိမ်လို့ ခွဲခြားတာမရှိဘူး အကုန်လုံး တိုက်ပြီးရှို့တာ။တွေ့တာ အကုန်လုံးရှို့တာ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဒေသခံ ပြည်သူတွေအနေနဲ့ကတော့ ဒါ အမှန်တိုင်းပြောရရင် အတော်လေး ဒီစစ်ကောင်စီကို ရွံရှာမုန်းတီးတာပေါ့ဗျာ။ အဲဒီတော့ကျတော့ သူတို့တတွေ အိမ်တွေကိုပဲ မီးရှို့လို့ရမှာပါ။ ကျွန်တော်တို့ ပြည်သူလူထုရဲ့ ရင်ထဲက လာတဲ့ စိတ်ဓာတ်ကို သူတို့ ဘယ်လောက်ပဲမီးရှို့ရှို့ ကျွန်တော်တို့ ပြည်သူတွေက သူတို့ကို ပိုပြီးမခံချင်စိတ်နဲ့ ပြန်ပြီး တွန်းလှန်မှာ။ အမှန်တရားကို ပြောတာ။ ကျွန်တော်တို့ တွေ အေးအေးဆေးဆေး နေကြပါတယ်။ ဒါကို သူတို့က ဒီလိုကြီး လာလုပ်တာ တော်တော်လေး လွန်တယ်လို့ ထင်တယ်။ ပြီးတော့ သူတို့ စစ်ကြောင်းထိုးတဲ့ အချိန်မှာ ဘာမှ မရှိတဲ့ လက်နက်မရှိတဲ့ ဒီပြည်သူတွေကို သူတို့လေကြောင်း ပစ်ကူတွေနဲ့ လာပြီး သဲကြီးမဲကြီး ပစ်ခတ်ပြီးမှ တကယ်တန်းက သူတို့က တကယ့်ကို ရန်သူကြီးလို သဘောထားပြီး သေချင်တဲ့သူသေ၊ ကြေချင်တဲ့သူကြေဆိုတဲ့ စိတ်ဓာတ်ကြီးနဲ့ တိုက်ခိုက်ခြင်းကို ကျွန်တော်တို့ခံခဲ့ရတာပါ။

​မေး-တချို့တပ်မှူးတွေ ရေးထားတာတွေ့ရပါတယ် ပေါက်မြို့နယ်အတွင်း ၅ရက်လောက် တိုက်ပွဲတွေဖြစ်ခဲ့တာမှာ စစ်ကောင်စီတပ်က ၃၀လောက်သေတယ်ဆိုတာမျိုး တွေ့ရတော့ အဲဒါ ဖြစ်နိုင်ပါသလား။

​ဖြေ-အဲဒါကတော့ ဖြစ်တော့ ဖြစ်နိုင်တယ်။ ဆိုတော့ ကျွန်တော်တို့နဲ့ နီးစပ်တဲ့နေရာနားမှာ တိုက်ပွဲခဏ တိုက်ပွဲတစ်ကြိမ်ဖြစ်တယ်။ ဟိုးအနောက်မှာလည်း ဖြစ်တယ်ကြားတယ်။ အဲဒီလိုလေးတွေ ကျတယ် ကြားတယ်ပေါ့။ တချို့တွေကတော့ ဒီလိုမီးရှို့မှာဖြင့်တော့ ဘယ်လိုပဲဖြစ်ဖြစ် ပြန်လည်ခုခံမှာပဲ မီးရှို့တာကတော့ ဒီကောင်တွေက ရှို့မှာပဲ ဆိုပြီး အဲ ဒီလိုလေးတွေ ကိုယ့်ရှိတဲ့ လက်နက်ခဲယမ်း လေးတွေနဲ့ ခေါက်ချိုးလေးတွေနဲ့ ဒါလေးတွေနဲ့ ခုခံတာလေးတွေရှိတယ်။ အဲဒါကြောင့် အဲဒီလောက်ကျတာ ဖြစ်တော့ ဖြစ်နိုင်တယ်။ ကြားတော့ ကြားတယ် ဒါတွေက အတိအကျ ရတဲ့ သတင်းမဟုတ်တဲ့အတွက်ဟုတ်ပါတယ်လို့တော့ တအားကြီး မပြောရဲဘူးပေါ့နော်။

​မေး-အခုက စစ်​ကောင်စီတပ်က ခုခံတဲ့ရွာရော မခုခံတဲ့ရွာရော အကုန်လုံးရှို့သွားတဲ့ သဘောလား။

​ဖြေ-ဟုတ်တယ်ဗျ။

​မေး-အခြားဘာတွေဖြည့်စွက်ပြောလိုပါသလဲ။

​ဖြေ-ကျွန်တော်တို့အားလုံး၊ ပြည်သူအားလုံး ဒီနေ့ ဒီအချိန် ဒီလောက်ကြီးထိ ရောက်ပြီးပေါ့။ ကျွန်တော်တို့ တညီတညွတ်တည်း ပြိုင်တူတွန်းမှ ဒီဟာကြီးက ရွေ့ကို ရွေ့မှာ ဖြစ်တဲ့အတွက် ပြည်သူအကုန်လုံး တက်နိုင်တဲ့ဘက်က ပြိုင်တူ၀ိုင်းပြီးတွန်းစေချင်တာပါ။ ဒါမှ အာဏာရှင်စနစ်ကြီးပျောက်သွားမှသာ ကျွန်တော်တို့ရဲ့နောင်လာမယ့် မျိုးဆက်သစ်လေးတွေမှာ အာဏာရှင်စနစ် မကျန်ခဲ့တော့မှာ ဖြစ်တယ်။ အဲဒါကိုကျွန်တော်က ပြောချင်တာပါ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။