Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

ရှားပါးခက်ခဲချိန်မှာစာရိတ်နည်းနည်းနဲ့အဟာရပြည့်​အောင်ဘာ​တွေစားသင့်လဲ

အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီးတစ်ဦးနှင့်မေးမြန်းခန်း

စစ်တပ်အာဏာသိမ်းမှု​နောက်ဆက်တွဲ ပြသာနာ​တွေ​ကြောင့်မြန်မာနိုင်ငံမှာလူဦး​ရေရဲ့ ၃၀ ရာခိုင်နှုန်းခန့်ဟာ စားဝတ်​နေ​ရေးအခက်အခဲကြုံ​နေရပြီး အငတ်​ဘေးကြုံနိုင်တဲ့အ​ခြေအ​နေ​ရောက်​နေတယ်လို့ WFP နဲ့ FAO တို့က သတိ​ပေးထားပါတယ်။ စစ်တပ်အာဏာသိမ်းမှု​နောက်ဆက်တွဲ နိုင်ငံတစ်ဝန်းတိုက်ပွဲ​တွေ ၊ အလုပ်လက်မဲ့ပြသာနာ ၊ ​ငွေ​ကြေး​ဖောင်ပွပြီးကုန်​ဈေးကြီးမုင့်မှု ၊ စီးပွား​ရေးအကြပ်အတည်း ၊ မိုခါမုန်တိုင်းနဲ့ ရာသီဥတု​ဖောက်ပြန်မှု စတာ​တွေ​ကြောင့် စားဝတ်​နေ​ရေးအခက်အခဲကြုံ​နေရတဲ့ပြည်သူ​တွေပိုများလာပါတယ်။ ခက်ခဲကြပ်တည်းပြီး အစားအစာရှားပါးချိန်မှာ စာရိတ်သက်သက်သာသာနဲ့ပြည်သူ​တွေ အဟာရရှိ​အောင်ဘယ်လိုစား​သောက်​နေထိုင်သင့်တယ်ဆိုတာPeople’s Spring က အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီးတစ်ဦးနှင့်မေးမြန်းခန်းကို တင်ဆက်လိုက်ပါတယ်။

​​ကျော်​ဇော/People’s Spring

မေး – FAO နဲ့ WFP တို့ရဲ့ ခန့်မှန်းတွက်ချက်မှု​တွေအရ ၂၀၂၃ မှာ မြန်မာပြည်သူ​ ၁၅ သန်း​ကျော်၊ နိုင်ငံလူဦး​ရေရဲ့ ၃၀ ရာခိုင်နှုန်းဟာ စားနပ်ရိက္ခာအခက်အခဲဖြစ်​နေပြီး အငတ်​ဘေးကြုံနိုင်တယ် ဆိုပါထားတယ်။ အစစ အရာရာ ရှားပါးကြပ်တည်းတဲ့ ကာလမှာ အ ငတ်​ဘေး မကြုံ​အောင် စား​သောက်တဲ့ပုံစံကိုဘယ်လို​ပြောင်းလဲသင့်ပါလဲ။

ဖြေ – ပိုက်ဆံရှိတဲ့သူတွေကတော့ ပြဿနာမရှိဘူးပေါ့။ ဒါပေမဲ့ ပိုက်ဆံမရှိတဲ့သူတွေအ တွက်တော့ ပြဿနာပေါ့။ အဓိကကဘာလဲဆိုရင် အသားပေါ့။ ကျမတို့နိုင်ငံမှာ လူတိုင်းက အသားကိုဝယ်မစားနိုင်ဘူး။ အဲလိုဝယ်မစားနိုင်တဲ့သူတွေ အများကြီးရှိပါတယ်။

Public Service Announcement

Public Service Announcement

အဲတော့ အသားနေရာမှာ အစားထိုးရမယ်။ အစားထိုးရာမှာ စျေးသက်သာတဲ့ဟာက ဘာလဲဆိုတာကို ကျမတို့ စဥ်းစားရမယ်။ အသား ဓာတ်က မပါလို့မဖြစ်ဘူး။ ဘာလို့ဆိုတော့ ကလေးတွေမှာဆိုလို့ရှိရင် (အသား ဓာတ်အားနည်းရင်)အရပ်ပုသွားတာမျိုးတို့ ရှိတတ်တယ်။ ဒါကြောင့်မလို့ အသားဓာတ်ဟာ ခန္ဓာကိုယ်အတွက် အရေးကြီးတယ်။

အဲတော့ လိုအပ်တဲ့အသားဓာတ်အတွက် အ စားထိုးလို့ရတာက ကြက်ဥပေါ့နော်။ ကြက်ဥကို ဦးစားပေးအနေနဲ့ စားစေချင်တယ်။ ဖြစ်နိုင်ရင်တော့ အစာအုပ်စု(အသား၊ ငါး၊ ပဲနှင့် အသီးအရွက်)ကို စုံအောင်စားစေချင်တယ်။ ဥပမာ မနက်ဆိုလို့ရှိရင် ထမင်းပေါ့။ ထမင်းနဲ့ ပဲပြုတ်နဲ့ စားတာမျိုးတို့၊ စားတော်ပဲပြုတ်မှ မဟုတ်ပါဘူး။ ဘယ်ပဲမဆိုစားလို့ရပါတယ်။ ဥပမာ ကတ္တီပါပဲပြုတ်ဆိုလည်းရတယ်။ ထမင်းလေးနဲ့၊ ကတ္တီပါပဲပြုတ်လေးနဲ့ ဆီလေး စားလေးနဲ့နယ်ပြီး ကြက်ဥပြုတ်လေးတစ်လုံးနဲ့ဆိုလည်း လုံလောက်ပါတယ်။

ဒါကြောင့်မို့လို့ အသားနေရာမှာ ကြက်ဥရယ်၊ ပဲအမျိုးမျိုးရယ် အစားထိုးမယ်။ နောက်ပြီးတော့ နေ့လယ်နဲ့ ည စားတဲ့အခါမှာလည်း အသားရနိုင်တယ်ဆိုရင် ဥပမာ အာလူးနဲ့ ဝက် သားတို့လိုမျိုး၊ ကြက်သားနဲ့ ဘူးသီးတို့လိုမျိုးပေါ့။ အဲလိုမျိုး အသားချည်းသက်သက်မ ဟုတ်ဘဲနဲ့ ဟင်းသီးဟင်းရွက်လေးတွေနဲ့ရောပြီး အသားနေရာမှာ အစားထိုးလိုက်တာမျိုးပေါ့။ နောက်ပြီးတော့ ဆီဆိုရင်လည်း အများကြီးသုံးစရာမလိုတော့ဘူး။ ဒီကာလ ဆီကလည်း စျေးကြီးတယ်လေနော်။ ဒါကြောင့်မို့ဆီပြန်ဟင်းစားမယ့်အစားအသားနေရာမှာဟင်းသီးဟင်းရွက်လေးတွေနဲ့ရောပြီးအစားထိုးလိုက်မယ်ဆိုရင် စားလည်းစားကောင်းမယ် အာဟာရလည်းပြည့်ဝမှာ ဖြစ်ပါတယ်။

ဟင်းချိုဆိုရင်လည်း ဥပမာ လယ်သမားဟင်းလိုဟာမျိုးပေါ့။ အသီးအရွက်များများပစ်ထည့်တာမျိုး၊ ငါးရနိုင်ရင်တော့ ငါးလေးတစ်ကောင်နှစ်ကောင်ထည့်ပြီး စားမယ်ဆိုရင်လည်း ရပါတယ်။ နောက်တစ်ခု ကာဗွန်ဟိုဒရိတ်ကို အားလူးကနေလည်း ယူလို့ရပါတယ်။ ဥပမာ အားလူးများများစားတယ်ဆိုရင်လည်း တစ်ပတ်ကို သုံးလေးကြိမ်လောက်(အရော) ထည့်တာမျိုး၊ အားလူးဟင်းစာလိုက်တယ်ဆိုရင် တော်တော်လည်းအာဟာရပြည့်သွားမယ်၊ လိုအပ်တဲ့ ကယ်လိုရီကိုလည်းရမယ်။

နောက်တစ်ခုက ဟင်းသီးဟင်းရွက်ဆိုရင်လည်း(ကျေးလက်မှာ)စိုက်ထားတဲ့အပင်တို့၊ အလေ့ကျပေါက်တာတို့ အများကြီးရှိပါတယ်။ ဒါကြောင့် ဟင်းသီးဟင်းရွက်ကို လည်းများများစားပေးရမယ်။ ဥပမာ ကန်စွန်းရွက်ကြော်၊ ဟင်းနုနွယ်ရွက်ကြော်တို့ပေါ့။ ဒီနေရာမှာ ချက်နည်းကတော့ အရေးကြီးတာပေါ့။ အကြော်ချည်းပဲ ငြီးငွေ့လာတယ်ဆိုရင်အသီးပြောင်းစားတာမျိုးပေါ့။ ဥပမာ တောင်ပေါ်ဒေသတွေမှာဆိုလို့ရှိရင် ဂေါ်ရကားသီးတွေရပါတယ်။ အဲဒါဆိုလို့ရှိရင် ဂေါ်ရကားသီးကို ကြက်ဥလေးနဲ့ရောကြော်ပြီး စားလို့လည်းရပါတယ်။ နောက်တစ်ခုက အသီးအရွက်လေးတွေကို ကြက်ဥလေးနဲ့ရောရောပြီး (အသား)အစားထိုးစားသွားလို့ရပါတယ်။ အဲဒီလို အသီးအရွက်များများစားမယ်ဆိုရင်လည်းအဆင်ပြေပါတယ်။

နောက်တစ်ခုက ရှမ်းပြည်တို့လိုနေရာမျိုးဆိုရင်ပဲပုပ်ရတယ်။ ပဲပုပ်တွေက အာဟာရပြည့်တယ်။ ဒါကြောင့်မလို့ ပဲပုပ်စေ့ကြော်၊ ပဲပုပ်စေ့ချက်တို့ ဒါမျိုးလေးတွေစားလို့ရတယ်။ နောက်ပြီးတော့မှ ပဲတွေနဲ့လုပ်တာဆိုရင် ရှမ်းတူဟူးလုပ်စားတာတို့၊ မြေပဲတိုဟူး လုပ်စားတာမျိုးတို့ စားလို့ရပါတယ်။ အဲလိုမျိုးပေါ့နော်။ အဓိကကတော့ ချက်နည်းပေါ့။ ကျမတို့က စားကောင်းအောင် ဘယ်လိုမျိုးချက်မလဲ ဆိုတဲ့ဟာလေးတွေကို စဥ်းစားပြီးတော့မှချက်မယ်ဆိုရင်ရပါတယ်။ အဲတော့ စျေးကြီးတဲ့ အသားဟင်းတွေစားမှ မဟုတ်ပါဘူး။ ဒါကြောင့်မလို့ ဒါလေးတွေပြောင်းစားပေးမယ်ဆိုရင် ရပါတယ်။

နောက်တစ်ခုက မြို့ပေါ်လူတန်းစားအတွက်ဆိုရင်လည်း ဘိန်းမုန့်တို့၊ နောက် ကန်စွန်းဥပြုတ်တို့၊ ပြောင်းဖူးပြုတ်တို့ပေါ့နော်။ ဒါမျိုးလေးတွေစားမယ်ဆိုရင် ကျမတို့ကအာဟာရပြည့်ဝမယ်။ နောက်ပြီးတော့ ဒါဟာဆိုလို့ရှိရင် အကုန်အကျသက်သာပြီး အာဟာရပြည့်ဝတဲ့ ကောင်းမွန်တဲ့စားသောက်နည်းတွေ ဖြစ်ပါတယ်။ ဒါကြောင့်မလို့ ကျမတို့ ခေါင်းထဲမှာထည့်ထားရမှာက အာဟာရပြည့်ဝအောင်ဆိုလို့ရှိရင် အစာအုပ်စုစုံအောင် စားဖို့လိုအပ်ပါတယ်။ ဥပမာဆိုလို့ရှိရင် ထမင်းနဲ့ ကန်စွန်းရွက်ကြော်၊ ဟင်းနုနွယ်ရွက်ကြော်ချည်းစားမယ်ဆိုလို့ရှိရင် ဒါအာဟာရမပြည့်ဘူး။ အဲဒီလိုပဲ ထမင်းနဲ့ ကြက်သားဟင်းချည်းစားမယ်ဆိုရင်လည်း အာဟာရမပြည့်ဝတဲ့အထဲမှာ မပါပါဘူး။ ဒါကြောင့်မလို့ ကျမတို့က စားတဲ့နေရာမှာ အာဟာရပြည့်ဝချင်တယ်ဆိုရင်ပရိုတိန်းဆိုတဲ့ အသားဓာတ်ပါရမယ်၊ အဆီဓာတ်ပါရမယ်၊ ကာဗွန်ဟိုက်ဒရိတ်လို့ခေါ်တဲ့ ကဆီဓာတ်ပါရမယ်၊ ပြီးတော့မှ ဗိုက်တာမင်နဲ့ သတ္တုဓာတ်ပါရမယ်၊ နောက်ပြီး ရေများများသောက်ရမယ်။ ဒါလေးတွေကိုပြည့်စုံအောင် တစ်နေ့တစ်နေ့ စားတဲ့အခါမှာ ကုန်ကျစရိတ်လည်းသက်သာပြီးတော့ အာဟာရပြည့်ဝပါလိမ့်မယ်လို့ ပြောချင်ပါတယ်။

မေး – မြန်မာပြည်သူ​တွေက ဆန်ကိုအဓိက စားသုံးကြတယ်။ဆန်မရှိ​တော့တဲ့အ​နေအထားဆိုရင် အစားထိုးပြီးဘာ​တွေစားသင့်ပါလဲ။

ဖြေ – ကျမတို့နိုင်ငံဟာဆိုလို့ရှိရင် ဆန်ကိုအဓိ ကစားသုံးကြတယ်။ ဒီနေရာမှာ ဆန်ပေါ့နော်၊ ဆန်ချောပေါ့၊ ဆန်ချောတွေက စျေးကြီးတယ်။ အဲတော့ ဆန်ကြမ်းကတော့ အများဆုံးရတာပေါ့နော်။ ဥပမာဆိုလိုရှိရင် ဆန်နဲ့လုပ်တဲ့ Snack တွေဘာတွေလုပ်ပြီးတော့မှ စားလို့ရတယ်။ နောက်တစ်ခုက ဗိုက်ပြည့်အောင်ဆိုလို့ရှိရင် ဥပမာ ပြောင်းဖူးပေါ့။ ပြောင်းဖူးစားတယ်ဆိုလို့ရှိရင် ဒါတော်တော်လေး ဗိုက်ပြည့်သွားပါတယ်။ ဒါကြောင့်မလို့ ပြောင်းဖူးကို ကဆီဓာတ်မှာ အစားထိုးဝင်မယ်၊ နောက်ပြီးတော့ အာလူးကိုအစားထိုးဝင်မယ်ပေါ့။ ဒါလေးကို ကျမတို့က စဥ်းစားပြီးတော့မှ စားမယ်။

ဆန်ကတော့ ကျမတို့က ဆန်အစား ဂျုံစားမလားပေါ့။ ဥပမာဆိုလို့ရှိရင် ဂျုံကကျတော့ လုပ်တတ်တာဘာတွေရှိလဲဆိုလို့ရှိရင် ပေါင်မုန့်ဆိုရင်တော့ မြို့ပေါ်လူထုတွေအတွက် အဆင်ပြေမှာပေါ့နော်။ နောက်တစ်ခုဂျုံနဲ့ဆိုလို့ရှိရင် ချပါတီလုပ်တာမျိုးတို့ သူကကျတော့ သိပ်ပြီးတော့ စျေးမကြီးဘူး။ ဒါပေမဲ့ လုပ်နည်းကတော့ ကိုယ့်ဟာကို ကြည့်ရမှာပေါ့။ အဲတော့ ဆန်အရမ်းရှားတဲ့ ဒေသတွေဖြစ်မယ်ဆိုရင် ပုံမှန်ဆို မနက်စာကို ထမင်းနဲ့ ပဲပြုတ်လေးနဲ့ စားမယ်နေရာမှာ ချပါတီလေးလုပ်ပြီး ပဲဟင်းနဲ့စားတာမျိုးလုပ်လို့ရတယ်။ ဒါက အိန္ဒိယအစားအစာလိုတော့ ဖြစ်သွားတာပေါ့။ ပြီးတော့ ဂျုံဟာဆိုရင် အရမ်းကြီးစျေးမကြီးတဲ့အတွက် ဒီလိုမျိုးလုပ်စားမယ်ဆိုလို့ရှိရင် ရပါတယ်။

နောက်တစ်ခုက ကျမတို့ အရင်တုန်းကဆိုရင် လူးတို့၊ ဆတ်တို့ စားခဲ့ဖူးတယ်။ အဲဒါတွေကလည်း ဆန်တွေသိပ်ပြီးတော့ ရှားပါးပြီး ဆင်း ရဲတဲ့အခါမျိုးမှာ စားခဲ့တာတွေရှိတယ်။ အဲတော့ပြောချင်တာက လူးတို့၊ ဆတ်တို့လည်း စားလို့ရတယ်။ ဒါပေမဲ့ ကျမတို့လူမျိုးတွေရဲ့ပါးစပ်တွေက အဲဒါတွေနဲ့ အဆင်မပြေဘူး။ ဒါကြောင့် ပြောင်းဖူးဆိုရင် အဆင်ပြေတယ်။ ပြောင်းဖူးကတော့ သူ့ရာသီနဲ့သူပေါ့။ တော် တော်လေးလည်း ပေါတယ်။ အဆင်လည်းပြေတယ်၊ ဗိုက်လည်း ပြည့်တယ်ပေါ့။ ဆိုတော့ အဲဒီနေရာ(လူး၊ ဆတ်၊ ဆန်)မှာ ပြောင်း ဖူးအစားထိုးလို့လည်း အဆင်ပြေပါတယ်။

နောက်တစ်ခုက အသီးအနှံပေါ့။ အသီးမှာမှ ငှက်ပျောသီးဆိုလို့ရှိရင် ဘယ်နေရာမှာမဆို ရတယ်။ မြို့ပေါ်ဆိုရင်သာ ငှက်​ပျောသီးက စျေးကြီးတာဖြစ်ပေမယ့် တောမှာဆိုရင် အလေ့ကျပေါက်တာ၊ စိုက်ပျိုးထားတာတွေရှိတော့ပေါပေါရတယ်။

ပြောင်းဖူးနဲ့ ငှက် ပျောသီးဆိုရင်တော့ ပြောင်းဖူးကပိုအာဟာရဖြစ်တယ်။ ကယ်လိုရီအနေနဲ့ဆိုရင်လည်း ငှက်ပျောက်သီးတစ်လုံးက ကယ်လိုရီ ၁၀၀ ပဲရှိတယ်၊ ပြောင်းဖူးကတော့ တစ်ဖူးကို ကယ်လိုရီ ၁၅၀ ရှိတယ်။ ကာဗွန်ဟိုက်ဒရိတ်ချင်းတူပေမယ့် ကယ်လိုရီအရ ကွာသွားတယ်။

မေး – ဆန်ရှိ​ပေမယ့် မ​လောက်ငရင် ဆန်ပြုတ်လုပ်စားတာမျိုး ဒါမှမဟုတ် ဆန်နဲ့တခြားစားစရာ​ရောစားတာမျိုးက ဘယ်ဟာက ပိုအဟာရဖြစ်​စေပါသလဲ။

ဖြေ – ဆန်ပြုတ်ဆိုရင် ထမင်းချည်းပဲပြုတ်စားတာထက် ကန်စွးန်ဥလေးထည့်လိုက်တာမျိုး၊ ပြောင်းဖူးလေးထည့်လိုက်တာမျိုးက ပိုအဆင်ပြေတယ်။ နောက်ပြီးတော့မှ ငါးတို့ဘာတို့ရတယ်ဆိုရင် ထည့်လို့အဆင်ပြေတယ်။ နောက်တစ်ခုက ဟင်းသီးဟင်းရွက်ပေါ့နော်။ ဟင်းသီးဟင်းရွက်ဆိုရင် ရွှေဖရုံသီးတို့၊ မုန်လာဥနီတို့ထည့်လိုက်တယ်ဆိုရင် ဆန်ပြုတ်က ပိုချိုသွားတာပေါ့။

က​လေးငယ်​တွေကို စာရိတ်နည်းနည်းနဲ့အဟာရပြည့်​အောင်ဘာ​တွေ​ကျွေးမလဲ

မေး – ဒီကာလမှာ ကလေးငယ်တွေအတွက် အာဟာရပြည့်ဝပြီး အကုန်အကျလည်းသက်သာအောင် ဘယ်လိုအစားအစာမျိုးတွေ ကျွေးသင့်ပါသလဲ။

ဖြေ – ကလေးငယ်တွေအတွက် အာဟာရပြည့်ဝအောင်ဆိုလို့ရှိရင် အဓိကကတော့ ဆန်မှုန့်ပေါ့။ ကလေးဖြစ်တဲ့အတွက် နည်းနည်းလေးပဲ စားတာပါ။ ကျမတို့အရင်တုန်းကဆိုလို့ရှိ ဆန်ကိုရေဆေးပြီးတော့တောင်မှ လှော်ကျွေးကြသေးတာလေ။ ဆန်တစ်စွန်းလောက်ဆိုရင်ကို ကျမတို့က ကလေးတစ်ယောက်ရဲ့ တစ်နေ့စာအတွက် လုံလောက်နိုင်ပါတယ်။

အဲဒီမှာ ကလေးမှာဆိုရင်လည်း(အရွယ် ရောက်ပြီးသူများနည်းတူ) အသီးအရွက်ပြည့်စုံအောင်ထည့်ပေါ့နော်။ တတ်နိုင်တယ်ဆိုလို့ရှိရင်တော့ အသားကို (၃)ကျပ်သားလောက်ထည့်မယ်။ နောက်ပြီးကျလို့ရှိရင် မုန်လာဥနီတို့၊ ရွှေဖရုံသီးတို့၊ အာလူးတို့ ဒါလေးတွေထည့်သွားလို့ရှိရင်လည်း အာဟာရပြည့်ဝတဲ့ ဆန် ပြုတ်ဖြစ်ပါတယ်။ ဒီနေရာမှာ ချိုချင်တယ်ဆိုလို့ရှိရင်တော့ ရွှေဖရုံသီးကိုထည့်ပေါ့။ စိမ့်စိမ့်လေးဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့ အားလူထည့်လို့ရပါတယ်။ အဲတော့ စောစောက ကျမပြောသလို အသီးအရွက်တွေကတော့ ထည့်သွားလို့ရပါတယ်။

မေး – မြို့ပြနဲ့ ကျေးလက် အစားအစာရရှိနိုင်မှု မတူညီကြပါဘူး။ ဒီတော့ အာဟာရပြည့်ဝပြီး စျေးသက်သက်သာသာနဲ့ လုပ်စားလို့ရနိုင်တဲ့ အစားအစာ ဘာတွေရှိနိုင်ပါလဲ။ မြို့ပြလူထုအတွက်ရော ကျေးလက်လူထုအတွက်ရော နှစ်ရပ်လုံးအတွက် အကြံပြုပေးစေလိုပါတယ်။

ဖြေ – မြို့ပြမှာပဲ ဖြစ်ဖြစ်၊ ကျေးလက်မှာပဲ ဖြစ် ဖြစ် အလွယ်တူလုပ်စားလို့ရနိုင်တဲ့ အစားအစားတွေ ကျမတို့ လက်တစ်ကမ်းမှာပဲ ရှိပါတယ်။ အဲဒါတွေက ဘာတွေလည်းဆိုတော့ ဥပမာ ကန်စွန်းဥနဲ့လုပ်စားတဲ့ဟာတွေဆိုရင် လွယ်တယ်။ နောက်ပြီးတော့ ဂျုံနဲ့လုပ်တဲ့ ချပါတီလိုဟာမျိုးဆိုလည်း ရတယ်။ နောက်ပြီးကျတော့ မုန့်ပြားသလက်လိုဟာမျိုးလည်း လုပ်လို့ရတယ်။ မုန့်ပြားသလက်မှာ ရေနဲ့ ဆန်နည်းနည်းပဲထည့်ရတဲ့အတွက် ဒါလွယ်တယ်လို့ ပြောလို့ရတယ်။ ပြောမယ်ဆိုရင် မြန်မာမုန့်တွေအားလုံးက အကုန်အကျသက်သာပြီး အလွယ်တကူလုပ်စားလို့ရပါတယ်။

မေး – ကျနော်တို့နိုင်ငံမှာ ဒုက္ခရောက်နေတဲ့ သူတွေကို ကူညီတတ်ကြတယ်။ အထူးသဖြင့် စားဝတ်နေရေးခက်ခဲသူတွေကို အစား အသောက်ကူညီကြတာတွေရှိပါတယ်။ အဲလိုမျိုး လူအများစာအတွက် အစားအသောက်တွေမျှဝေကူညီတဲ့အခါ ဘယ်လိုအစားအ သောက်မျိုးတွေက အာဟာရဖြစ်စေနိုင်ပါသလဲ။

ဖြေ – အခုခေတ်မှာဆိုလို့ရှိရင် ကျမတို့ အမှန်တိုင်းပြောရင် ခေါက်ဆွဲကတော့ အလွယ်ကူဆုံးပဲ။ ဥပမာ ကြာဇံတို့၊ ခေါက်ဆွဲတို့ပေါ့နော်။ ဒါတွေဟာဆိုလို့ရှိရင် လူတွေအတွက် စားသောက်မှုအလွယ်ကူဆုံးပဲ။

ဒီနေရာမှာ ခေါက်ဆွဲဆိုလို့ရှိရင် ရိုးရိုးခေါက် ဆွဲပေါ့။ ဥပမာ ရွှေအိုးတို့၊ လပ်ကီးတို့ နောက် ပြီးတော့ ကြက်ဥခေါက်ဆွဲတို့လည်း ရှိပါတယ်။ အထုပ်လေးတစ်ထုပ်မှ ၅၀၀၊ ၁၀၀၀ လောက်ပဲဆိုတော့ ကြာဇံကြော်တို့၊ ခေါက်ဆွဲကြော်တို့ဆိုတာက လွယ်လည်းလွယ်တယ်၊ အာဟာရလည်း ပြည့်ဝတယ်ပေါ့။ အဲဒီအကြော်တွေထဲကိုမှ အသီးအနှံများများထည့်လို့ရတယ်။ ဥပမာ ဂေါ်ဖီထုပ်ပေါ့။ ဂေါ်ဖီထုပ်က အလွယ်ကူဆုံးနဲ့ အသက်သာဆုံးပဲ။ အဲဒီမှာ အသားထည့်ချင်တယ်ဆိုရင်လည်း ထည့်နိုင်တယ်ဆိုရင်ထည့်ပေါ့။ အသားမထည့်နိုင်ရင်လည်း ကြက်ဥထည့်လို့ရတယ်။ အဲဒါက အလွယ်ဆုံးပဲ ဗမာပြည်မှာတော့။

မေး – အစားအသောက်နဲ့ပတ်သက်ပြီး အတွေ့ရများတဲ့ အယူအဆ အလွဲတွေနဲ့ပတ်သက်လို့ ဘယ်လိုပြုပြင်သင့်လဲဆိုတာ အကြံပြုပေးပါဦးခင်ဗျ။

ဖြေ – ကျမတို့ အတွေ့ရတဲ့အထဲမှာဆိုလို့ရှိရင် ဥပမာ ကလေးတွေပေါ့။ ကလေးတွေဆိုလို့ရှိရင် အသားကို စောစောကျွေးတယ်ဆိုပါတော့။ အဲဒီလိုကျွေးတဲ့ကလေးဟာ သန်များတယ်ပေါ့။ တစ်ကယ်တော့ အဲဒီဟာက မ ဟုတ်ပါဘူး။ အဲဒီဟာက အသားစားလို့ သန် ကောင်တွေများတာမဟုတ်ဘူး။ ပါးစပ်ထဲကို ပေါက်ကရတွေထည့်မိရာက ဖြစ်စေတာပေါ့။ ဥပမာဆိုလို့ရှိရင် ကလေးတွေက လျှောက်ဆော့တယ်၊ တွေ့ကရာကို ပါးစပ်ထဲထည့်တယ်ပေါ့။ အဲဒီကတဆင့် ဗစ်တီးရီးယားပိုးပါသွားပြီး သန်ကောင်တွေ ပေါက်ဖွားစေတာဖြစ်ပါတယ်။

နောက်တစ်ခုက ဘာရှိနိုင်သေးလည်းဆိုတော့ မိခင်တွေ ကလေးမွေးတယ်ဆိုပါတော့။ အဲဒီလို ကလေးမွေးတဲ့သူကို အရင်တုန်းကဆိုရင် ကျမတို့ ငါးခြောက်ဖုပ်ပဲ စားခိုင်းတဲ့ဟာပေါ့။ အဲဒီအယူအဆကလည်း မှားပါတယ်။ ပြီးတော့ ဘာရှိသေးလဲဆိုရင် ကလေးမွေးပြီးရင် ရေမကိုင်ရဘူးဆိုတဲ့ဟာပေါ့။ အမှန်တော့ အဲဒီဟာတွေက မမှန်ပါဘူး။ တကယ်က ကိုယ်ဝန်ဆောင်ချိန်မှာ အစားရှောင်ရတာမို့လို့ ဗီတာမင် ဘီဝမ်း(B1)က လျော့သွားတယ်။ ဒါကြောင့်မို့ လက်တွေကျင်၊ ခြေတွေကျင်ဆိုတာမျိုးဖြစ်တာပေါ့။ ရေကိုင်လို့ ခုလိုကျင်တာမဟုတ်ပါဘူး။

ပြီးတော့ ကျမတို့ အရင်တုန်းကဆိုရင် ကလေးမိခင်တွေကို ထမင်းများများစားခိုင်းတယ်။ များများစားမှ အားရှိမယ်ပေါ့။ အမှန်က ထမင်းစားတိုင်းလည်း အားမရှိသလို အာဟာရလည်း မဖြစ်ပါဘူး။ အဓိကကတော့ အစာအုပ်စု(အသား၊ ငါး၊ အသီးအရွက်နှင့် ပဲအမျိုးမျိုး)စုံမှ အာဟာပြည့်မှာ ဖြစ်ပါတယ်။

ဒီနေရာမှာ ပြည့်စုံအောင်စားရမယ်ဆိုတာက ဥပမာ ကဆီဓာတ်ပါရမယ်၊ သတ္တုဓာတ်ပါရမယ်၊ အသားဓာတ်ပါရမယ် စသဖြင့်ပေါ့နော်။ ဒါကြောင့်မလို့ ဘာပဲစားစား၊ ဘယ်အချိန်ပဲစားစား ဖြစ်နိုင်မယ်ဆိုလို့ရှိရင်တော့ ဒီလိုမျိုးအမျိုးစုံအောင် စားစေချင်ပါတယ်။

ဥပမာ ကျမတို့က ထမင်းစားလိုက်တယ်ပေါ့။ ထမင်းစားရင် ကာဗွန်ဟိုက်ဒရိတ်ဓာတ်ရသွားမယ်။ အဲဒီမှာကျမတို့က ပိုက်ဆံမရှိလို့ အ သားမစားနိုင်ရင် ဟုတ်ပြီ ပဲစားလိုက်မယ်။ သက်သတ်လွတ်စားတဲ့သူတွေဆိုရင်လည်း ပဲစားတာပဲ။ ပဲမစားချင်ရင် တိုဟူးတို့၊ ပဲပြားတို့ အဲဒါဆိုလို့ရှိရင် ဒါက အသားဓာတ်ရသွားမယ်။ နောက်တစ်ခုက ငါးပိရေဆိုလို့ရှိရင်လည်း စားလို့ရတယ်။ ဒါပေမဲ့ ငါးပိရေဆိုတာ စမ်းစားရတာမျိုးမဟုတ်ဘူး။ တို့ပြီးစားရတာ။ အများကြီးစမ်းစားမယ်ဆိုရင် ဘာဖြစ်သွားမလဲဆိုတော့ နောက်ပိုင်းကျ သွေးတိုးတာတွေဘာတွေ ဖြစ်လာနိုင်တယ်။

အဲတော့ အဓိကက ပိုက်ဆံရှိတာ၊ မရှိတာက သိပ်အရေးမကြီးဘူး။ ကိုယ်က စားတတ်ဖို့ပဲ ပိုအရေးကြီးတာ။

မေး – အရာရာခက်ခဲလှတဲ့ အခုလိုကာလမှာ စားဝတ်နေရေးမပြည့်စုံတဲ့ကြားက ကျန်းမာ ရေးမကောင်းဘူးဆိုရင် ပိုဆိုးမယ်ပေါ့။ အဲတော့ ကျန်းမာရေးနဲ့အညီဖြစ်အောင် ဘယ်လိုပြုမူနေထိုင်သင့်တယ်ဆိုတာလေး အကြံပြုပေးစေချင်ပါတယ်။

ဖြေ – ကျန်းမာတို့အားလုံးမှာ ကျန်းမာရေးဟာ အရေးကြီးတယ်။ ဒါကြောင့်မို့လို့ ကိုယ်ခံစွမ်းအားကောင်းနေဖို့ လိုအပ်တယ်။ ကိုယ်ခံစွမ်းအားမကောင်းဘူးဆိုလို့ရှိရင် တခုခုဖြစ်ပြီဆိုတာနဲ့ ရောဂါက စဖြစ်တာပဲ။ ကျမတို့တိုင်းပြည်မှာဆိုလို့ရှိ တီဗီလိုရောဂါတွေ အဖြစ်များတယ်။ နောက်တစ်ခု ကိုဗစ်လိုရောဂါမျိုးဆိုလို့ရှိရင်လည်း ကိုယ်ခံစွမ်းအားကောင်းတယ်ဆိုရင် ရောဂါဝင်တာပေမယ့် မြန်မြန်လေးတိုက်ထုတ်သွားနိုင်တယ်ပေါ့။

ဒါကြောင့်မလို့ ကိုယ်ရဲ့ Life Style ကလည်းအရေးကြီးတယ်။ ဥပမာဆိုလို့ရှိ အရက်သောက်တာ၊ ဆေးလိပ်သောက်တာ၊ မူးယစ်ဆေးဝါးသုံးစွဲတာ ဒါတွေဟာဆိုရင် Auto ရှောင်ကျဥ်ရမယ်။ နောက်ပြီးတော့ ကွမ်းစားတာကအစ ရှောင်ကျဥ်ရမယ်။

နောက်တစ်ခုက ကိုယ့်လက်လှုပ်ရှားမှုပေါ့။ လေ့ကျင့်ခန်းမလုပ်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံးလမ်းလျှောက်တာပေါ့။ လမ်း လျှောက်တာကိုအနည်းဆုံး နာရီဝက်တစ်နာရီလုပ်ထားတယ်ဆိုရင် ကိုယ်ခံစွမ်း အားက တော့ ကောင်းကိုကောင်းပါတယ်။ ပြီးတော့ အိပ်ရေးဝအောင်အိပ်ဖို့ပေါ့။ အဲလိုမဟုတ်ဘဲနဲ့ ဖေ့စ်ဘွတ်ခ်ကြည့်မယ်၊ Secream Time တွေများလာမယ်ဆိုရင် မကောင်းဘူးပေါ့။ လူတစ်ယောက်ဟာဆိုလို့ရှိရင် အနည်းဆုံး ၆ နာရီ၊ ၇ နာရီလောက် အိပ်ရမယ်။ အဲဒီလိုမျိုး ပုံမှန်အိပ်မယ်ဆိုလို့ရှိရင် လူတစ်ယောက်က ကိုယ်ခံစွမ်းအား ကောင်းကိုကောင်းပါတယ်။ အဲတော့ ကိုယ်ခံစွမ်းအားကောင်းနေပြီဆိုရင် တော်ရုံတန်ရုံရောဂါတွေ မဖြစ်တော့ဘူးပေါ့။ တကယ်လို့ ရောဂါဖြစ်လာခဲ့တယ်ဆိုရင်လည်း ဆိုးဆိုးရွားရွားမခံစားရဘဲ ခဏလေးနဲ့ သက်သာပျောက်ကင်းနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့်မလို့ လူတစ်ယောက်ဟာဆိုလို့ရှိရင် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင်းခန်းလုပ်တာ၊ လမ်းလျှောက်တာ ကိုယ့်ရဲ့နေထိုင်စားသောက်မှုပုံစံကို ဂရုစိုက်လိုက်တယ်ဆိုလို့ရှိရင် ကျန်းမာရေးအတွက် လုံလောက်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လူတွေမှာ ရောဂါမဖြစ်တဲ့သူရယ်လို့တော့ မရှိသလောက်ပဲပေါ့။ ဒါပေမဲ့ ကြီးကြီးဖြစ်တဲ့သူနဲ့ သေးသေးပဲဖြစ်တယ်သူတော့ ကွာသွားတာပေါ့။ အသက်ကြီးတဲ့သူတွေဆိုလို့ရှိရင်လည်း အချိုရေတွေ ခဏခဏသောက်တာမျိုးထက် ရေဆာရင် ရေသောက်ပေါ့။ အဲတော့ ရေလည်းများသောက်မယ်၊ အချိုရေလိုဟာမျိုးတွေအတွက် အကုန်အကျမခံတော့ဘဲနဲ့ ကိုယ့်ဟာကို အာဟာရရှိရှိစားဖို့အကုန်အကျခံပြီး ကျန်းမာရေးအတွက် သုံးလိုက်မယ်ဆိုရင် ပိုကောင်းပါတယ်။ ။

ဆက်စပ်သတင်းများ