Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“CDF မင်းတပ်၊ CNO/CNDF ပြီးတော့ ZFUဒီသုံးဖွဲ့နဲ့တော့တွေ့ဆုံဖို့ နှစ်ဖက်သဘောတူကြပြီ။ မတ်လပထမပတ်မှာတော့ လုပ်နိုင်မယ်ထင်ပါတယ်”

စစ်တပ်အာဏာသိမ်းမှုသုံးနှစ်ပြည့်နေ့ ဖေဖော်ဝါရီ ၁ရက်မှာCNF ကဦး​ဆောင်ပြီးချင်းပြည်အစိုးရကိုဖွဲ့စည်း​ကြောင်း​ကြေညာပါတယ်။

-ချင်းပြည်အစိုးရ ပြောရေးဆိုခွင့်ရှိသူ၊ CNFဒုဥက္ကဋ္ဌ(၃)ဒေါက်တာရွှေခါရ်းနဲ​မေးမြန်းခန်း
-ချင်းပြည်အစိုးရ ပြောရေးဆိုခွင့်ရှိသူ၊ CNFဒုဥက္ကဋ္ဌ(၃)ဒေါက်တာရွှေခါရ်းနဲ​မေးမြန်းခန်း

-ချင်းပြည်အစိုးရ ပြောရေးဆိုခွင့်ရှိသူ၊ CNFဒုဥက္ကဋ္ဌ(၃)ဒေါက်တာရွှေခါရ်းနဲ​မေးမြန်းခန်း

စစ်တပ်အာဏာသိမ်းမှုသုံးနှစ်ပြည့်နေ့ ဖေဖော်ဝါရီ ၁ရက်မှာ CNF ကဦး​ဆောင်ပြီးချင်းပြည်အစိုးရကိုဖွဲ့စည်း​ကြောင်း​ကြေညာပါတယ်။ CNF အပါအဝင် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) ၊ ချင်းပြည်နယ်အတွင်း ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်​တွေပါဝင်တဲ့ ချင်းပြည်​ကောင်စီက ဖွဲ့စည်းခဲ့တယ်လို့ဆိုပါတယ်။ တစ်ဖက်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)တို့နဲ့ ယခင်ကတည်းက ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ (ICNCC) ကလည်း ပြည်နယ်အစိုးရ ဖွဲ့စည်းမယ်လို့ ကြေညာထားတာကြောင့် ချင်းပြည်ကောင်စီက ဖွဲ့စည်းတဲ့ ချင်းပြည်အစိုးရကို လက်မခံကြောင်း ကန့်ကွက်ထားပါတယ်။မင်းတပ်CDF ၊ CNO/CNDF ၊ PDF Zoland စတဲ့ ချင်း​တော်လှန်​ရေးတပ်ဖွဲ့ အချို့ကလည်း ချင်းပြည်အစိုးရ ဖွဲ့စည်းမှု အပေါ် လက်မခံကြောင်း ထုတ်ပြန်ထားကြပါတယ်။ ဒါကြောင့် အသစ်ဖွဲ့စည်းလိုက်တဲ့ ချင်းပြည်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သလို ချင်းပြည်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ယူထားတဲ့ CNF ဒုဥက္ကဋ္ဌ (၃) ဒေါက်တာရွှေခါရ်းကို People’s Spring ကဆက်သွယ်​မေးမြန်းထားပါတယ် ။

မေး။ ပထမဆုံးချင်းပြည်အစိုးရ ပေါ်ပေါက်လာတဲ့ အခြေအနေကို ရှင်းပြပေးပါလား။

ဖြေ။ဒီလိုပါ။ ကျနော်တို့က အခုဆိုလို့ရှိရင် နယ်မြေ အနေနဲ့ ပြောရရင် ၈၀ရာခိုင်နှုန်းကျော် က ထိန်းသိမ်းပြီးပြီ။ လူဦးရေက ၇၅ ရာခိုင်နှုန်းကျော်က ကျနော်တို့ရဲ့ ထိန်းသိမ်းမှုအောက်မှာ ရောက်နေတယ်။ ထိန်းသိမ်းမှု အောက်မှာ ရောက်နေတယ်ဆိုတာက စကစကနေ ဩဇာအာဏာ သက်ရောက်မှု လုံး၀ မရှိဘူးပေါ့နော်။ သူတို့ ယန္တရားကလည်း လုံး၀ မရှိတော့ ဒီ ကျနော်တို့ လူထုတွေ၊ ရေးရာကိစ္စ အ၀၀ကို ဆောင်ရွက်မယ့် အစိုးရ တစ်ခုလိုအပ်တာပေါ့နော်။ ပြီးတော့ ကျနော်တို့ ရဲ့ နိုင်ငံရေးခံယူချက်ကိုက အခုအချိန်မှာ ၂၀၀၈ ဖွဲ့စည်းပုံက ပျက်ပြယ်သွားပြီ။ အဲဒါကြောင့် တစ်ဖက်ကလည်း ပြောရရင် ပင်လုံစာချုပ် မချုပ်ခင် အခြေအနေကိုတောင်မှ ရောက်သွားပြီလို့ ယူဆကြတာပေါ့။ အဲဒါကြောင့် အခု ဒီ နိုင်ငံရေးခံယူချက်အရရော တစ်ဖက်ကရော လူထုတွေ တွေ့ကြုံနေရတဲ့ ကိစ္စအ၀၀တွေကို တက်နိုင်သမျှ ဆောင်ရွက်နိုင်ပေးဖို့အတွက် ကျနော်တို့ ချင်းပြည်အစိုးရကို အဓိက ရည်ရွယ်ချက်အနေနဲ့ ဖွဲ့စည်းရခြင်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မေး။ချင်းပြည်အစိုးရအဖွဲ့မှာကိုယ်စားပြုမှု​အခြေအနေဘယ်လိုရှိပါသလဲ ။

ဖြေ။ ဒီဟာက ကျနော်တို့ ပထမအနေနဲ့ ဒီအစိုးရက တော်လှန်ရေးကာလ အစိုးရဖြစ်တော့ တော်လှန်ရေးမှာ ပါဝင်ကြတဲ့ အဓိက stakeholder တွေကိုပဲ ညှိကြပြီးတော့ ဖွဲ့စည်းကြတာဖြစ်တာပေါ့။ အဓိက တော်လှန်ရေးမှာ ပါဝင်နေတဲ့ Stakeholderတွေကို သုံးခုနဲ့ စဉ်းစားတာပေါ့။ ပထမကတော့ ဒီနွေဦးတော်လှန်ရေးမှာ တက်ကြွစွာ ပါဝင်ကြတဲ့ ၂၀၂၀ ရွေးကောက်ပွဲကနေ အရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေပေါ့နော်။ ဒါပေမဲ့လွှတ်တော်ကိုယ်စားလှယ်တိုင်းတော့ မဟုတ်ဘူးပေါ့။ ပြီးတော့ ဒုတိယ အနေနဲ့ကတော့ ကျနော်တို့ ပြည်သူ့အုပ်ချုပ်ရေးကို ဖော်ဆောင်ထားတဲ့ မြို့နယ်လား ဒေသအလိုက်လား ဖွဲ့စည်းထားတဲ့ အုပ်ချုပ်ရေးအဖွဲ့တွေပေါ့။ အဲဒီမှာ အုပ်ချုပ်ရေးအဖွဲ့လို့ ပြောလိုက်တဲ့အခါမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေလည်း ပါတာပေါ့။ ဒီဘက်မှာတော့ Chinland Defence Force လို့ခေါ်တာပေါ့။ ပြီးတော့မှ EAO ဆိုပြီး ဒီသုံးဖွဲ့ကို အဓိက အခြေခံတော့ EAOကျနော်တို့ ချင်းအမျိုးသားတပ်ဦးပဲရှိတာပေါ့။ ပြီးတော့ မြို့နယ် ဒေသ ကာကွယ်ရေးအဖွဲ့တွေ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေက အဓိကအားဖြင့် ၁၇ ဖွဲ့ရှိတော့ အဲဒီမှာ ပါဝင်နိုင်တာ ၁၄ဖွဲ့ ပါဝင်ကြတာပေါ့။ ဆိုတော့ အဲဒီလိုနည်းနဲ့ stakeholder သုံးခုကို အဓိက အခြေခံပြီးဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

မေး။ချင်းပြည်အစိုးရ မဖွဲ့ခင်​ရော ၊အခု ဖွဲ့စည်းပြီးတဲ့အခါမှာရော အခုအ​ခြေအ​နေနဲ့ ချင်းပြည်အစိုးရ ဖွဲ့စည်းမှုကို လက်မခံကြောင်း​ပြောထားတဲ့ အဖွဲ့တွေ ၊ ICNCC(ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ) တို့ ရှိတာလည်း​တွေ့ရပါတယ် ။ ဒီအပေါ် ရှင်းပြပေးပါလား

ဖြေ။ပထမအနေနဲ့ကတော့ ဒီဖွဲ့စည်းနိုင်ဖို့ ICNCCကနေ တဆင့် စခဲ့ကြတာပေါ့။ ၂၀၂၁ ကတည်းက။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ကျနော်တို့ လိုချင်တဲ့ဟာ ခရီးမရောက်ခဲ့ဘူးပေါ့။ ပြီးတော့ ကျနော်တို့ CDF တွေကို စုစည်းတဲ့ CJDC(ချင်းပြည်ပူးပေါင်းကာကွယ်ရေးကော်မတီ)ဆိုတာရှိခဲ့တယ်။ အဲဒီက တဆင့်လည်း ကျနော်တို့ ကြိုးစားတယ် မရခဲ့ဘူး။ နောက် အဲဒီ နှစ်ခုပေါင်းပြီးတော့ Joint Initiative အနေနဲ့ လုပ်ပါဆိုပြီး လုပ်ခိုင်းပေမယ့် ထွက်မလာဘူး ရှေ့ဆက်မသွားနိုင်ဘူးပေါ့။ အဲဒီလိုမျိုး ရှေ့ဆက်မသွားနိုင်တဲ့အခါကျတော့ MP(လွှတ်တော်ကိုယ်စားလှယ်)တွေနဲ့ ကျနော်တို့ ချင်းအမျိုးသားတပ်ဦးနဲ့ သီးသန့် ဆွေးနွေးပြီးတော့မှ ပေါ်ပေါက်လာရေးအတွက် အကြိမ်ကြိမ် ဆွေးနွေးညှိနှိုင်းကြတာပေါ့။ အဲဒီ ညှီနှိုင်းမှုကနေ ထွက်ပေါ်လာတဲ့ ရလဒ်အပေါ်မှာ ထပ်ပြီးတော့ CDF တွေ၊ မြို့နယ် ဒေသ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ဆက်လက်ပြီးတော့ ဆွေးနွေးကြပြီးတော့ နောက်ဆုံး ဒီ ချင်းပြည်အစိုးရကို ဖွဲ့စည်းတာဖြစ်ပါတယ်။

မေး။ ICNCCကလည်း ကြေညာချက်ထုတ်တာ​တွေ့ရပါတယ်။ ICNCCအနေနဲ့ NUCC (အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ)နဲ့ NUG(အမျိုးသားညီညွတ်ရေးအစိုးရ)တို့မှာ ကိုယ်စားလှယ်စေလွှတ်ထားတယ်ဆိုတာရှင်းပြထားတယ်။ ဒီအ​ခြေအ​နေကို ဘယ်လိုဖြေရှင်းသွားဖို့ရှိပါသလဲ။

ဖြေ။ပထမအနေနဲ့တော့ အကြောင်းအမျိုးမျိုးကြောင့် မပါဝင်နိုင်သေးတဲ့ CDF တွေ၊ ဒေသအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ဆက်ပြီးတော့ ဆွေးနွေးသွားဖို့ရှိပါတယ်။ ဒါကလည်း မကြာခင် ဆွေးနွေးမှုတော့ လုပ်ကြမှာပေါ့။ နောက်တစ်ခုကတော့ ကျနော်တို့ရဲ့ ဖွဲ့စည်းပုံထဲမှာကိုယ်က ချင်းပြည်ကောင်စီ ထွက်လာပြီးရင်တော့ ICNCCက အခုလုပ်ဆောင်နေတဲ့ဟာတွေကို ချင်းပြည်ကောင်စီကနေ လုပ်သွားမယ်ဆိုတဲ့ဟာတော့ ပါတာပေါ့။ ဆိုတော့ အဲဒီကိစ္စကိုလည်း အကြေအလည် ဆွေးနွေးကြတာပေါ့။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် အနည်းငယ်သော MP ပေါ့ သုံး၊လေးယောက်လောက်က ICNCCမှာနေကြတာပေါ့။ အဲဒါကနေ လုပ်နေတာပေါ့။ ဒါပေမဲ့ ဆက်ပြီးတော့ ဆွေးနွေးကြမှာပါ။

မေး။ချင်းပြည်အစိုးရ ဖွဲ့စည်းတဲ့အခါမှာ NUG တို့နဲ့ ချိတ်ဆက် အသိပေးဆောင်ရွက်တာမျိုးရှိပါသလား။

ဖြေ။ကျနော်တို့ ဖက်ဒရယ်ယူနစ်လို့ပဲ ပြောပြော ပြည်နယ်လို့ပဲ ပြောပြော ဒီဟာတွေ ပေါ်ပေါက်လာဖို့ အစိုးရ ပေါ်ပေါက်လာဖို့အတွက်က အကုန်လုံးက လိုလားတဲ့ဟာဖြစ်တယ်။ NUG အပါအဝင်ပေါ့။ တစ်ဖက်ကတော့ ဒီလိုမျိုးလုပ်ဖို့ကိုလည်း အားပေးတယ် ကြိုဆိုတယ်ပေါ့။ ပြီးတော့ အခွင့်အခါကြုံရင်လည်း ဒီလို ဒီလိုဖြစ်ပါပြီဆိုတဲ့ဟာတွေကိုတော့ Information sharingလုပ်တာရှိတာပေါ့။

မေး။ ပလက်၀ဘက်မှာ CNA (CNF၏ တပ်ဖွဲ့ ချင်းအမျိုးသားတပ်မတော်)ရယ်၊ CDF-မာရာ ရယ်ပါတဲ့ ပူးပေါင်းအဖွဲ့နဲ့ နောက်ထပ်မာရာနောက်တစ်ဖွဲ့ဖြစ်တဲ့MDF(Maraland Defense Force)နဲ့ စစ်ရေးအရ ပဋိပက္ခဖြစ်နေတဲ့အပေါ်ရှင်းပြပေးပါလားဖြေ။ဒီကိစ္စတော့ များများတော့ မပြောချင်ဘူး။ ဒီကိစ္စကို ကျနော်တို့ ချင်းအမျိုးသားတပ်ဦးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကို မေးရင်ပိုကောင်းပါလိမ့်မယ်။

မေး။ ဒီလိုမျိုး စစ်ရေးအရဖြစ်နေတာကို ကိုင်တွယ်ဖြေရှင်းဖို့ ဘယ်လိုမျိုး မူဝါဒရှိသလဲ။

ဖြေ။ အခုက ကျနော်က ချင်းပြည်အစိုးရ အနေနဲ့ ပြောဆိုနေတာ။ ဆိုတော့ ချင်းပြည်ကောင်စီရဲ့ မူဝါဒ ၊ချင်းအမျိုးသားတပ်ဦးရဲ့ မူဝါဒကတော့ ပြောရေးဆိုခွင့်ရှိသူတွေနဲ့ စကားပြောလိုက်ပါနော်။

မေး။ စစ်အာဏာရှင်တော်လှန်ရေးက အရှိန်မြင့်နေတဲ့ အခြေအနေမှာ ချင်းပြည်အစိုးရသစ်က ရှေ့ဆက်ဘာတွေလုပ်သွားဖို့ရှိလဲ။

ဖြေ။လမ်းအားလုံးနေပြည်တော်သို့ ဆိုလား အဲဒါက တကယ့် ဦးတည်နေတဲ့လမ်းကြောင်းတွေ ဖြစ်ကြတာပေါ့။ ကျနော်တို့ကလည်း ဒီစစ်အာဏာရှင် တစ်ဖက်ကနေ ပြောရရင် စစ်တပ်ပေါ့ ကျနော်တို့ တိုက်ထုတ်ရမှာ ဖြစ်တော့ တိုက်ထုတ်ဖို့တော့ ဆက်လက်ပြီး အရှိန်မြှင့်ပြီးဆောင်ရွက်သွားရမှာပေါ့။ သံတမန်ရေးအရရော နိုင်ငံရေးအရရော ဒီစစ်ရေးအရရော လူထုလှုပ်ရှားမှုအရရော အရှိန်မြှင့်ပြီး ဆက်လက်ဆောင်ရွက်သွားမှာပါ။

မေး။ CNF အပါအဝင် တော်လှန်ရေးအဖွဲ့တွေ စုပေါင်းထုတ်ပြန်ထားဘုံသ​ဘောရပ်တည်ချက်မှာ ဦးတည်ချက် ၆ ချက်ကို စစ်ကောင်စီဘက်က လက်ခံရင် အာဏာသိမ်းမှု အဆုံးသတ်ဖို့နဲ့ အာဏာလွှဲပြောင်း ရေးကို အေးအေးချမ်းချမ်းလုပ်မယ်ဆိုတာမျိုး သတင်းစကားပေးထားတာပေါ့။ ဒီအပေါ် မှာ ဘာပြောလိုပါသလဲ။

ဖြေ။ အဲဒီ အချက် ၆ချက်ကို အမြန်ဆုံး စစ်တပ်က လက်ခံဖို့ တော်တော်အရေးကြီးပါလိမ့်မယ်လို့ထင်တယ်။ ဒီတိုင်းပြည်ကြီး ဒီလူထု ဒီတိုင်းပြည် နောက်ထပ် ကံကြမ္မာဆိုးတွေမဖြစ်အောင် ဒီတိုင်းပြည်ရဲ့ ရေးရာကိစ္စ အနာဂတ်ကို တိုင်းပြည်ရဲ့ အနာဂတ် ပြည်သူလူထုရဲ့အနာဂတ်ကို ကြည့်ပြီးတော့ စစ်တပ်ဘက်က ဒါကို စဉ်းစားပြီးတော့ လုပ်ပေးဖို့ကိုပဲ ကျနော်က ပြောချင်တာဖြစ်ပါတယ်။ (အဲဒီလိုမဟုတ်ရင်) တိုင်းပြည်ကတော့ ပိုပြီးတော့ ကျနော်ပြောချင်တာတော့ နံပတ်တစ်ကတော့ ဒီ မင်းအောင်လှိုင်နဲ့ သူ့ရဲ့ စစ်တပ်က ရှုံးကို ရှုံးမှာပဲ။ သူတို့က စိတ်ကြီးပြီးတော့ အာခံနေလို့ကတော့ သူတို့ပဲ နာမှာပေါ့။ တိုင်းပြည်ပဲနာမယ်။ လူထုပဲနာမယ်။ သူတို့လည်းနာမယ်။ ဆိုတော့ တကယ်လို့ တိုင်းပြည်အရေး ပြည်သူလူထု အရေးကို တကယ်ပဲ စဉ်းစားတယ်။ သူတို့ရဲ့ အရေးကိစ္စတွေကို တကယ်ပဲ မျိုးချစ်စိတ်ရှိတယ်ဆိုလို့ရှိရင် လူထုရဲ့ တောင်းဆိုချက်ကို မနှေးနဲ့အမြန် လိုက်နာသင့်တယ် ဆောင်ရွက်သင့်တယ် အဲဒီလိုပဲ မြင်ပါတယ်။

မေး။ အမည်ကို ပြည်နယ်ဆိုတာမျိုး မသုံးဘဲ ချင်းပြည်ဆိုတာမျိုး သုံးထားတဲ့အပေါ် ရှင်းပြပေးပါလား။

ဖြေ။ ကျနော်တို့က Chinlandကို ပြောတာပါ ချင်းပြည်က။ Chinland ကို ဗမာလိုလုပ်လိုက်တော့ ချင်းပြည်ဖြစ်သွားတယ်။ အိန္ဒိယမှာဆိုလို့ရှိရင် နာဂ Land တို့ ဘာတို့ပေါ့နော်။ ဆိုတော့ ကိုယ့်ရဲ့ပြည်နယ်နာမည်က ကြိုက်သလို ပေးလို့ရတယ်လေ။ အဲဒါမျိုးနဲ့ကို မှည့်တာဖြစ်ပါတယ်။ဒါပေမဲ့ ဗမာလိုလုပ်လိုက်တော့ ချင်းပြည်ဖြစ်သွားတာပေါ့။

မေး။အရင်က ပြည်နယ်အစိုးရမှာ နိုင်ငံခြားရေးတို့ ကာကွယ်ရေးဝန်ကြီးတို့ မတွေ့ရဘူး။အခု ဒီရာထူးတာဝန်တွေပေးအပ်ထားတဲ့ အနေအထားကို ဘာကြောင့်ပါလဲ။

ဖြေ။နံပတ်(၁) ကာကွယ်ရေးဝန်ကြီးဌာနက အခု တော်လှန်ရေးအတွက် ဖွဲ့စည်းထားတာဖြစ်ပါတယ်။ တော်လှန်ရေးအစိုးရလို့ ကျနော်ပြောလိုတယ်။ တော်လှန်ရေးကာလမှာ ကာကွယ်ရေးဝန်ကြီးမရှိဘဲ ဘယ်လိုလုပ် တော်လှန်ရေးလုပ်မှာလဲ။ ကျနော်တို့က သာမန်အခြေအနေ အချိန်မှာ ဖွဲ့စည်းတဲ့ အစိုးရမဟုတ်ဘူး။ အဲဒါကြောင့် အခုက တော်လှန်ရေးကာလ ၊ ဖွဲ့စည်းပုံကိုယ်က တော်လှန်ရေးကာလမှာ အသုံးပြုမယ့် ဖွဲ့စည်းပုံ။ ဒီအစိုးရကလည်း တော်လှန်ရေးကာလအတွက် အစိုးရ ဆိုတော့ ဒီတော်လှန်ရေးမှာ ပိုပြီးတော့ စုစုစည်းစည်းနဲ့ အင်အားကောင်းကောင်းနဲ့ သွားနိုင်ဖို့က ကာကွယ်ရေးဝန်ကြီး ဌာနမရှိဘဲနဲ့တော့ ဘယ်လို စုစည်းမြှင့်တင် ပိုမိုအဆင့်ကောင်းအောင် လုပ်နိုင်မလဲပေါ့။ အဲဒါကြောင့် ကာကွယ်ရေးဝန်ကြီးဌာန ဖွဲ့စည်းရခြင်းဖြစ်တယ်။ နံပတ်(၂) ဘာဖြစ်လို့ နိုင်ငံခြားရေးကို ဝန်ကြီးဌာနလုပ်ရသလဲဆိုတော့ အခုလိုမျိုးပဲ ဒီလိုမျိုး အချိန်တွေမှာ ကျနော်တို့ရဲ့ အိမ်နီးနားချင်းနိုင်ငံတွေနဲ့ တချို့ကိစ္စတွေဆို ကျနော်တို့က တိုက်ရိုက်ဆက်သွယ်ရတာပေါ့။ ဒီလိုမျိုးတော်လှန်ရေးကာ

လတွေမှာတော့။ အဲဒါကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာနလည်း လိုအပ်သလို ကာကွယ်ရေးဝန်ကြီးဌာန လည်းလုပ်ရတာဖြစ်တယ်ဆိုတာကို ရှင်းပြချင်ပါတယ်။ တော်လှန်ရေး အလွန်ကာလ သာမန်အခြေအနေ အစိုးရမျိုးဖြစ်လာရင် ဒါကတော့ လူထုတွေက ကြည့်ပြီးတော့ လိုအပ်သလား မလိုအပ်ဘူးလားပေါ့။ မလိုအပ်တော့ဘူးဆိုလည်း တက်လာတဲ့ အစိုးရ တက်လာတဲ့ လူထုရဲ့ ဆန္ဒအနေနဲ့ ဒါကို ဖွဲ့ကြမှာ ဖြစ်တာပေါ့။ လောလောဆယ် တော်လှန်ရေးကာလမှာတော့ တကယ် ဆို ဒီဝန်ကြီးဌာနက တော်တော်လေး အရေးကြီးတဲ့ ဝန်ကြီးဌာန ဖြစ်သွားတာပေါ့။ တော်လှန်ရေးကာလအတွက်က။

မေး။ချင်းပြည်နယ်ထဲမှာပဲ ပလက်၀ မြို့နယ်ရှိတာပေါ့။ သူက ရက္ခိုင်နဲ့လည်း ဆက်စပ်နေသလို ရက္ခိုင့်တပ်တော်(AA)က ထိန်းချုပ်ထားတဲ့ အနေအထားမျိုးဆိုတော့ ဒီကိစ္စအပေါ် ဘယ်လို စဉ်းစားချက်ရှိပါသလဲ။ အသိပေးလို့ရသလောက် ပြောပြပေးပါလား။

ဖြေ။ဒီကိစ္စကတော့ တကယ့်ကို ကျနော်တို့မှာ အထူးစိုးရိမ်မကင်းဖြစ်တာပေါ့။ အဲဒီလောက်ပါပဲ။

မေး။ ချင်းပြည်နယ်မှာ ညီညွတ်ရေးပိုအားကောင်းဖို့ ဘာဆက်လုပ်မလဲ။ အဓိကတော့ အချင်းချင်းကြားမှာ စစ်ရေးပဋိပက္ခတွေ မဖြစ်ဖို့၊ဆွေးနွေးညှိနှိုင်းဖြေရှင်းဖို့ဆိုတာတွေကို ဘယ်လိုစဉ်းစားထားပါလဲ။

ဖြေ။ကျနော်တို့ ဆွေးနွေးနိုင်သလော ဆွေးနွေးကြ၊ ညှိနှိုင်းနိုင်သလောက် ညှိနှိုင်းကြ၊ ပူးပေါင်းနိုင်သလောက်ပူးပေါင်းကြပြီး သွားဖို့ကတော့ ကျနော်တို့ရဲ့ လမ်းညွှန်မူဝါဒတစ်ခုအနေနဲ့ ကိုင်ထားပြီးတော့ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

မေး။ချင်းပြည်အစိုးရ ဖွဲ့စည်းမှုမှာ မပါသေးတဲ့ အဖွဲ့တွေကိုရောဘယ်လိုဖိတ်ခေါ်ဖို့ရှိပါသလဲ။

ဖြေ။ကျနော်တို့ ဖိတ်ခေါ်တယ်။ ဒီမတ်လ ပထမပတ်မှာလည်း ဆွေးနွေးဖို့ရှိပါတယ်။ ကျနော်တို့ CDF မင်းတပ်၊ CNO/CNDF(ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်) ပြီးတော့ ZFU(PDF Zoland) ဒီသုံးဖွဲ့နဲ့တော့ တွေ့ဆုံဖို့ နှစ်ဖက်သဘောတူကြပြီ။ မတ်လပထမပတ်မှာတော့ လုပ်နိုင်မယ်ထင်ပါတယ်။

မေး။ဒီတွေ့ဆုံမှုတွေက ချင်းပြည်အစိုးရ ဖွဲ့စည်းမှုမှာ အားလုံးပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက်လား။

ဖြေ။ဟုတ်တယ်။ ဒီ ချင်းပြည်ကောင်စီက အဓိက ကျနော်တို့ရဲ့ မူဝါဒတွေ ချမှတ်တဲ့ အင်စတီကျူးရှင်းဖြစ်တော့ အဲဒီ ချင်းပြည်ကောင်စီကတဆင့် ဆွေးနွေးကြမှာပေါ့။

မေး။ နိုင်ငံတစ်ဝန်းကပြည်သူ​တွေကို​​ရောဘာပြောလိုပါသလဲ။

ဖြေ။ထူးထူးထွေထွေတော့ မရှိတော့ဘူး။ ကျနော်တို့ စစ်အာဏာရှင် စနစ်ကို ကျနော်တို့ အဆုံးတိုင်အောင် အမြစ်ပြတ်ချေမှုန်းဖို့ အဆုံးတိုင်အောင် လက်တွဲပြီးတော့ ကျရာကဏ္ဍကနေ တိုက်ပွဲဝင်ကြဖို့ကို တိုက်တွန်းလိုပါတယ်။

ကျေးဇူးတင်ပါတယ်။ ။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

စစ်မှုထမ်းဆင့်ခေါ်ရန်အတွက် အိမ်ထောင်စုစာရင်းများ လိုက်ကောက်သည့်အဖွဲ့၌ ဝန်းထမ်းအသစ်များပါလာသည်ကိုတွေ့ရကြောင်း ဒေသခံများကပြောသည်။

သတင်း

ရက္ခိုင်နှင့် ချင်းပြည်နယ် ပလက်၀မြို့နယ် တိုက်ပွဲများမှ ထွက်ပြေးလာသည့် စစ်သားများ အနက် ဗိုလ်ကြီးအဆင့် အပါအဝင် စစ်ကောင်စီတပ်သား ၁၅ဦးကို ဇန်နဝါရီ ၃၀ရက်တွင် CDF ဒိုင်ရ်ဒေသ၌ ဖမ်းမိခဲ့သည်ဟု အသိပေးထားသည်။

သတင်း

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဇန်နဝါရီက ပလက်ဝမြို့နယ်အတွင်း ရက္ခိုင့်တပ်တော်(AA)က တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲများ၌ ထွက်ပြေးလာသူများဖြစ်ကြောင်း သိရသည်။