■မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စား
လှယ် ဂျူလီဘိရှော့နှင့် အင်တာဗျူး
(အယ်ဒီတာ့မှတ်ချက်-မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂျူလီဘိရှော့ဟာ ဧပြီ ၉ ရက်နေ့မှာမြန်မာနိုင်ငံကိုလာရောက်ခဲ့ပါတယ်။ သူမဟာ နေပြည်တော်မှာ စစ်ကောင်စီရဲ့ ဒုတိယဝန်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ ဦးသန်းဆွေနဲ့တွေ့ခဲ့ပါတယ် ။သူမရဲ့ မြန်မာခရီးစဥ်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂရုံး နဲ့ အမေးအဖြေပြုလုပ်ထားတဲ့အင်တာဗျူးကို သူ့ရဲ့သဘောထားအမြင်တွေစာဖတ်သူတွေသိနိုင်ဖို့ People’s Spring ကပြန်လည်ဖော်ပြလိုက်ပါတယ် ။ အထူးကိုယ်စားလှယ်ဟာအင်တာဗျူးမှာ စစ်တပ်အာဏာသိမ်းမှု နဲ့ အာဏာသိမ်းမှုနောက်ဆက်တွဲ ဆိုးကျိုးတွေ ၊စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေ အကြောင်းမပြောခဲ့သလို၊နေပြည်တော်ရောက်ခဲ့ပေမယ့် ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေရဲ့အကြောင်းလည်း အင်တာဗျူးမှာတစ်လုံးမှမပြောခဲ့ပါဘူး။ အင်တာဗျူးတစ်ခုလုံးမှာ ငြိမ်းချမ်းရေးဆိုတဲ့စကားလုံးကိုအများဆုံးပြောသွားတာတွေ့ရပါတယ်။သူမ အတိုင်ပင်ခံလုပ်နေတဲ့လုပ်ငန်းဟာတရုတ်အစိုးရပိုင်လုပ်ငန်းတေ်နဲ့ဆက်စပ်တဲ့လုပ်ငန်းမို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တာဝန်ကိုသူမ ယူထားတာဟာအကျိုးစီးပွားပဋိပက္ခတွေရှိနိုင်လို့ မေးခွန်းထုတ်မှုနဲ့ ပြန်စီစစ်ပေးဖို့ မြန်မာအရပ်ဖက်အဖွဲ့အစည်းတွေက စာရေးသားတောင်းဆိုထားကြပေမယ့် သူမကငြင်းဆိုပြီး ဒီတာဝန်ကိုဆက်ယူနေတာဖြစ်ပါတယ်။ အင်တာဗျူးအပြည့်အစုံကအောက်ပါအတိုင်းဖြစ်ပါတယ်)
ငလျင်ဘေးသင့် မြန်မာနိုင်ငံဆီ ရောက်ရှိခဲ့တဲ့ ခရီးစဉ် အတောအတွင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘိရှော့ဟာ စိတ်မချမ်းမြေ့စရာ မြေပြင် အခြေအနေတွေကို တွေ့မြင်ခွင့် ရခဲ့ပါတယ်။ အဆိုးရွားဆုံး ပျက်စီးမှုတွေကြားမှာ အစွမ်းကုန် အားတင်းရုန်းကန်နေတဲ့ မြန်မာ ပြည်သူတွေရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကိုလည်း မြင်ခဲ့ရပါတယ်။ ငလျင်ဘေးသင့် မြန်မာပြည်သူတွေအတွက် လူသားချင်း စာနာမှု အကူအညီတွေ ပေးအပ်နိုင်ရေးနဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေအတွက် အပစ်အခတ် ရပ်စဲထားခြင်းဟာ အရမ်းအရေးကြီးတဲ့ လိုအပ်ချက် တစ်ခုဖြစ်တယ်လို့ ဘိရှော့က ဆိုပါတယ်။ ပြီးတော့မြန်မာ့အရေးအတွက်နိုင်ငံတကာ အသိုက်အဝန်းကပိုမိုအလေးထားသင့်တဲ့ အခြေအနေတွေကို အကြံပြုခဲ့သလို အာဆီယံနဲ့ လက်တွဲအလုပ်လုပ်နေမှုတွေ အကြောင်းကိုပါ ပြောကြားသွားခဲ့ပါတယ်။
မေး-လွန်ခဲ့တဲ့ တစ်နှစ်လောက်မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ခင်ဗျားကို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီတာဝန်နဲ့ပတ်သက်ပြီး ခင်ဗျားဖြတ်သန်း ကြုံတွေ့ခဲ့တာတွေအကြောင်း ပြောပြနိုင်မလား။

Public Service Announcement
ဖြေ-ဒီအတောအတွင်း ကျွန်မဟာ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ဆက်နွှယ်တဲ့ အစုအဖွဲ့ အားလုံးနဲ့ ကျွန်မ ဆက်သွယ်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ မြန်မာပြည်သူတွေ လက်ရှိ ကြုံတွေ့နေတဲ့ စိန်ခေါ်မှုတွေကို ကျော်လွန်နိုင်မယ့် လမ်းကြောင်းတစ်ခုကို ရှာဖွေနိုင်ဖို့ပါ။ ပဋိပက္ခကကြာညောင်းနေပြီး အလွှာပေါင်းစုံမှာ ရှုပ်ရှုပ်ထွေးထွေး ဖြစ်ပေါ်နေတာပါ။ ပြီးတော့ မြန်မာနိုင်ငံကို ကူညီပေးဖို့ စိတ်ဝင်စားတဲ့ နိုင်ငံတွေ အများကြီး ရှိပါတယ်။ ဒီတော့ ကျွန်မကကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC)ရဲ့ အဖွဲ့ဝင် နိုင်ငံတွေ၊ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ၊ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) နိုင်ငံတွေ၊ မြန်မာ့ အိမ်နီးချင်း နိုင်ငံတွေတွေအပြင် အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်း (NGO)တွေ၊ အရပ်ဖက် လူမှုအဖွဲ့အစည်း (CSO)တွေနဲ့ပါ ဆွေးနွေးပြီး မြန်မာပြည်သူတွေအတွက် ရေရှည်တည်တံ့ပြီး ငြိမ်းချမ်းတဲ့ လမ်းကြောင်းတစ်ခု ရှာတွေ့မယ့် အဖြေအတွက် စကားပြောခဲ့ကြပါတယ်။ နောက်ပြီးအဲဒီအားထုတ်မှုတွေမှာ မြန်မာကိုယ်တိုင် ဦးဆောင်ဖို့လိုပြီး အဖွဲ့အစည်းပေါင်းစုံ ပါဝင်ရမှာပါ။ဒါမှသာ အဓွန့်ရှည်တဲ့ ငြိမ်းချမ်းရေးမျိုးကို ကျွန်မတို့ ရရှိနိုင်မှာဖြစ်ပါတယ်။
မေး-အခုခရီးစဉ်နဲ့ပတ်သက်ပြီးခင်ဗျားဘယ်လိုမြင်လဲ။ ငလျင်ဘေးသင့်လူ့အဖွဲ့အစည်းတွေက ဘယ်လို ဖြတ်သန်းနေကြသလဲ။
ဖြေ-ငလျင်ကြီးရဲ့အင်မတန်ပြင်းထန်တဲ့ ဖျက်ဆီးအားက တကယ့်ကို ရင်ကွဲနာကျင်စရာပါပဲ။ အရာအားလုံးကို ဆုံးရှုံးလိုက်ရရှာတဲ့ လူပေါင်းများစွာ ရှိနေတယ်။သေဆုံးစာရင်းတွေ၊ဒဏ်ရာရစာရင်းတွေဟာ နေ့စဉ်နဲ့အမျှ တိုးနေတယ်။ ထိခိုက်ပျက်စီးမှု အတိုင်းအတာက ကြီးလွန်းတော့ အခုထိ စာရင်းကောက်ယူ စိစစ်နေရဆဲပဲ။အိုးအိမ်တွေဆုံးရှုံးသွားတဲ့သူတွေကိုမြင်တဲ့အခါကျွန်မ စိတ်မကောင်း ဖြစ်မိပေမယ့် သူတို့ကတော့ အပျက်အစီးပုံကနေ ပြန်ရုန်းထဖို့၊ ပြန်တည်ဆောက်ဖို့ စိတ်ပိုင်းဖြတ်ထားကြပြီးသားပါ။ အုတ်တွေ၊ သစ်ဝါးတွေကို ပြန်စုဆောင်းပြီး အိမ်အသစ်တွေ ပြန်ဆောက်ဖို့ အကောင်းမြင်တဲ့ စကားမျိုးတွေ သူတို့ ပြောနေခဲ့ကြပါတယ်။ သူတို့ရဲ့ စိတ်အားထက်သန်မှုတွေက ပျောက်ဆုံးမသွားခဲ့ပါဘူး။
မေး-မြန်မာပြည်သူတွေရဲ့ ပြန်လည် ထူထောင်ရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ ဘယ်လို အကူအညီ ပေးနိုင်မလဲ။
ဖြေ-အပစ်အခတ်ရပ်စဲရေးကိစ္စကိုဆက်ပြီး တောင်းဆိုနေဖို့ လိုတယ်။သတ်ဖြတ်နေတာတွေ၊ ပဋိပက္ခတွေကို ရပ်ထားမှသာ လူသားချင်း စာနာမှု ဝန်ထမ်းတွေ၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေ၊ ပြန်လည်ထူထောင်ရေးအတွက်ကူညီမယ့်သူတွေအတွက် လုံလုံခြုံခြုံ လွတ်လွတ်လပ်လပ် အလုပ်လုပ်နိုင်မယ့် နေရာမျိုး ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။ ပြီးတော့ မြန်မာပြည်သူတွေက ငြိမ်းချမ်းချင်နေကြပါပြီ။ နိုင်ငံတကာအသိုက်အဝန်းဟာ သူတို့ အသီးသီးရဲ့လွှမ်းမိုးနိုင်မှုကို အသုံးချပြီး ပြည်သူတွေရဲ့ရည်မှန်း မျှော်လင့်ချက်ကို ကူညီပေးဖို့ လိုပါတယ်။
မေး-မြန်မာ့ပဋိပက္ခတွေဟာအဆုံးသတ်သွားမယ့် လမ်းမမြင်သေးသလိုတော်တော်များများက ကမ္ဘာကြီးဟာ မြန်မာကို မျက်နှာလွှဲထားတယ်လို့ ယူဆလာကြတယ်။ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အနေနဲ့ မြန်မာနိုင်ငံရဲ့ ဘေးဒုက္ခသည်တွေဟာ နိုင်ငံတကာ သဘောထားရေးရာ ရှုထောင့်တွေမှာဆက်ပြီးအာရုံစိုက်မှု ရနေစေဖို့ ကိုယ်တိုင် တာဝန်ယူထားရတဲ့ အခန်းကဏ္ဍအပေါ် ခင်ဗျား ဘယ်လို ရှုမြင်သလဲ။
ဖြေ-မြန်မာနိုင်ငံမှာ ကြုံနေတဲ့ ပဋိပက္ခနဲ့ စိန်ခေါ်မှုတွေကို ကမ္ဘာကြီးက ဆက်ပြီး အာရုံစိုက်မိနေစေရေးဟာ ကျွန်မတာဝန်ယူရတဲ့ ကဏ္ဍဖြစ်ပါတယ်။ အခုတော့ စိန်ခေါ်မှုကြီးတွေနဲ့ ရင်ဆိုင် ရုန်းကန်နေရတဲ့ မြန်မာပြည်သူတွေဟာ ဖျက်ဆီးအား ပြင်းထန်လှတဲ့ ငလျင်ကြီးရဲ့ဒဏ်ကိုပါ ဆင့်ကဲပြီး ခံစားလိုက်ရပါပြီ။ ဒီလိုဆိုးရွားလှတဲ့ အခြေအနေတွေကို ကျွန်မတို့ မေ့ထားလို့ မရပါဘူး။ သူတို့ရဲ့ လိုအပ်ချက်တွေ၊ ပြီးတော့ သူတို့ရဲ့ အနာဂတ်တွေကို အာရုံစိုက်ထားပေးဖို့ မြန်မာပြည်သူတွေ အပေါ်မှာ ကျွန်မတို့တွေ တာဝန်ရှိပါတယ်။
မေး-မြန်မာပြည်သူတွေအတွက် ခင်ဗျားဘာသတင်းစကားမျိုး ပါးချင်သလဲ။ ပြီးတော့ နိုင်ငံတကာ အသိုက်အဝန်းဆီကိုရောပေါ့။
ဖြေ-မြန်မာပြည်သူတွေ အနေနဲ့ စိတ်လျှော့လိုက်လို့ မရပါဘူး။ခက်ခဲရုန်းကန်နေကြရတယ်ဆိုရင်တောင်မှ သူတို့ဟာ ပိုမိုကောင်းမွန်တဲ့ ဘဝတွေအတွက် မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားရပါမယ်။ ပြီးတော့ စစ်ပွဲတွေ၊ ပဋိပက္ခတွေကို ရပ်ဆိုင်းအောင်စွမ်းနိုင်သမျှ ကြိုးစားအားထုတ်ပြီး ငြိမ်းချမ်းတဲ့ အနာဂတ်တစ်ခု တည်ဆောက်နိုင်ရေးအတွက် ဆက်ပြီး အာရုံစိုက်ထားဖို့ လိုပါတယ်။ မြန်မာဟာသောကဗျာပါဒတွေကြားမှာ သွေးစည်းခဲ့ကြပါတယ်။ ငြိမ်းချမ်းရေးမှာလည်း သွေးစည်းဖို့ လိုပါတယ်။
နိုင်ငံတကာအသိုက်အဝန်းဟာလိုအပ်နေတဲ့ လက်ရှိ ကာလမျိုးမှာ ငွေကြေးတွေနဲ့ တခြားအကူအညီတွေ ထောက်ပံ့တာ အပါအဝင် အရေးပါတဲ့ ကဏ္ဍကနေ ပံ့ပိုးပေးခဲ့ကြပါတယ်။ ဒါပေမဲ့ နိုင်ငံတကာ အသိုက်အဝန်းဟာ မြန်မာ့နိုင်ငံရေး အစုအဖွဲ့ ပေါင်းစုံအပေါ် သူတို့ရဲ့ လွှမ်းမိုးနိုင်စွမ်းကို အသုံးချပြီး ပဋိပက္ခနဲ့ ဆက်စပ်တဲ့ အင်အားစု အသီးသီးက လက်နက်တွေကိုစွန့်လွှတ်ဖို့၊ ပြိုကွဲနေတဲ့ မြန်မာပြည် သူတွေရဲ့ဘဝတွေကို ပြန်လည် တည်ဆောက်ပေးဖို့ ဦးတည်လာအောင် လုပ်ဆောင်ပေးသင့်ပါတယ်။
မေး-အာဆီယံရဲ့အခန်းကဏ္ဍအကြောင်းရော ထည့်ပြောနိုင်မလား။ ပူးပေါင်းဆောင်ရွက်မှုတွေကရော ခင်ဗျားအတွက် ဘယ်လို အဓိပ္ပါယ်မျိုး ရှိစေသလဲ။
ဖြေ-ကျွန်မယူထားတဲ့တာဝန်ရဲ့ ပြဋ္ဌာန်းချက်မှာကိုက အာဆီယံနဲ့ ညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်တာတွေ လုပ်ဆောင်ဖို့ဆိုတာ ပါဝင်နေပြီးသားပါ။ မြန်မာက အာဆီယံ အဖွဲ့ဝင် နိုင်ငံတစ်ခု ဖြစ်နေတာကိုး။ကျွန်မက၂၀၂၅ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ မလေးရှား နိုင်ငံက ခန့်အပ်တဲ့ (မြန်မာ နိုင်ငံဆိုင်ရာ) အာဆီယံ အထူးကိုယ်စားလှယ်နဲ့လည်း အနီးကပ် ချိတ်ဆက် ဆောင်ရွက်မှုတွေ ရှိနေပါတယ်။ ကျွန်မက နှစ်အလိုက် အလှည့်ကျ ပြောင်းလဲ တာဝန်ယူခဲ့တဲ့ အတိတ်နဲ့ လက်ရှိ အာဆီယံ ဥက္ကဋ္ဌ နိုင်ငံတွေဆီလည်း သွားရောက်ခဲ့ပါတယ်။ ကြုံတွေ့နေတဲ့ ပဋိပက္ခကနေ မြန်မာပြည်သူတွေ ဖောက်ထွက်နိုင်မယ့် လမ်းကြောင်းတစ်ခု သေချာရှာဖွေပေးနိုင်အောင် ကျွန်မက အာဆီယံနဲ့ အရမ်း နီးနီးကပ်ကပ်လက်တွဲအလုပ်လုပ်နေပါတယ်။
