Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီက ကပ်ရောဂါကို စစ်လက်နက်အဖြစ်အသုံးချနေကြောင်းပိုပေါ်လွန်လာဟု NUGပြော

စစ်တပ်က မတရားအာဏာ သိမ်းယူခဲ့သည့် ဖေဖော်ဝါရီ ၁ ရက် အချိန်မှစ၍ လူပေါင်း ၉၁၂ ဦးသေဆုံးခဲ့ပြီး ကလေး သူငယ်များနှင့် ကျန်းမာရေးလုပ်သားများ အပါအဝင် ၉၂၇၇ ဦးမှာလည်း တရားမဝင် စစ်ကောင်စီ၏ အမျိုးမျိုးသော အမိန့်များဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရကြောင်း NUGက ထုတ်ပြန်သည်။

(​တောင်ဒဂုံစက်မှုဇုန်၌ ​အောက်ဆီဂျင်ဖြည့်ရန် တန်းစီ​စောင့်ဆိုင်း​နေသူများကို ယ​မန်​နေ့ညက ​​တွေ့ရစဥ်)

စစ်ကောင်စီသည် ကျန်းမာရေးစနစ်နှင့် ကျန်းမာရေးလုပ်သားများအပေါ် ပစ်မှတ်ထား နှိမ်နှင်းနေပြီး ကိုဗစ် ၁၉ ကပ်ရောဂါအား စစ်လက်နက်တစ်ခုအဖြစ် ရည်ရွယ် ချက်ရှိရှိ အသုံးချနေကြောင်း တစ်ဖြည်းဖြည်း ပေါ်လွင်လာနေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ကုလသမဂ္ဂနှင့် နိုင်ငံတကာသို့ မေတ္တာရပ်ခံချက် ထုတ်ပြန်ရာတွင်ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ဖြစ်ပွားမှုနှုန်းသည် အလွန် အမင်းတိုးပွားလာနေချိန်တွင် ပြည်သူလူထုများအတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများပေးနိုင်ရေး အရေးပေါ်မေတ္တာရပ်ခံချက်ကို ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချူပ်နှင့် နိုင်ငံတကာအသိုင်း အဝိုင်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ အမျိုးသားအစိုးရ များ၊ စေတနာ သဒ္ဓါတရားထက်သန်သော လူပုဂ္ဂိုလ်များအား လိပ်မူ၍ NUGက ယနေ့ထုတ်ပြန်ခဲ့သည်။

ယခုအခါ မြန်မာပြည်တွင် ကျန်းမာရေး ဝန်ဆောင်စောင့်ရှောက်နေသည့် ကျန်းမာရေးဝန်ထမ်းများကို ပစ်မှတ်ထားတိုက်ခိုက်မှု ၂၅၀ ကျော်ရှိပြီဖြစ်ပြီး တိုက်ခိုက်ခံရမှုအများဆုံး တိုင်းပြည်ဖြစ်သလို၊ ကျန်းမာ ရေးဆိုင်ရာ ပညာရှင်များအတွက် အန္တရယ်အရှိဆုံး တိုင်းပြည်တစ်ခုဖြစ်လာနေသည်ဟု စစ်ကောင်စီ၏ လုပ်ရပ်ကြောင့် မြန်မာနိုင်ငံ၌ ကျန်းမာရေးဆိုင်ရာ ပြသနာကြီးမားလာမှုကို NUGက အသိပေးခဲ့သည်။

မြန်မာနိုင်ငံကပြည်သူများသည် စစ်အာဏာရှင်၏ မတရားအာဏာသိမ်းယူခြင်းကို တွန်းလှန်နေရသကဲ့သို့ ကိုဗစ် ၁၉ တတိယလှိုင်းကို အလူးအလဲကာကွယ်နေရသည့် အလွန်ဆိုးဝါးသော တစ်မျိုးသားလုံး ဆိုင်ရာ ကပ်ဘေးကို ကြုံတွေ့နေရသည်ဟု NUGက ဆိုသည်။

ထိုကဲ့သို့ ဆိုးရွားလှသော စိန်ခေါ်မှုများကို ရင်ဆိုင်ရန်အတွက် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညီညွတ် ရေး အစိုးရအနေဖြင့် ဒုက္ခပင်လယ် ဝေနေသည့် မြန်မာနိုင်ငံ ပြည်သူများအား နိုင်ငံတကာအသိုင်းအဝိုင်းက လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အကူအညီများ ပေးအပ်နိုင်ပါရန် မေတ္တာရပ်ခံလိုကြောင်း ဖော်ပြထားသည်။

စစ်တပ်က မတရားအာဏာ သိမ်းယူခဲ့သည့် ဖေဖော်ဝါရီ ၁ ရက် အချိန်မှစ၍ လူပေါင်း ၉၁၂ ဦးသေဆုံးခဲ့ပြီး ကလေး သူငယ်များနှင့် ကျန်းမာရေးလုပ်သားများ အပါအဝင် ၉၂၇၇ ဦးမှာလည်း တရားမဝင် စစ်ကောင်စီ၏ အမျိုးမျိုးသော အမိန့်များဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရကြောင်း NUGက ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် ယခုအခါ လူပေါင်း ၉၄၅၀၀၀ ကျော်မှာ အကူအညီလိုအပ်နေပြီး၊ ၃၃၆၀၀၀ ကျော်မှာ စစ်ဘေးဒဏ်ကို ပြေးရှောင် နေရကြောင်း၊ အနည်းဆုံး လူပေါင်း ၆.၂ သန်းမှာ အစားအစာပြတ်လပ်မှုကြုံနေရကြောင်း၊ တရားမဝင် စစ်ကောင်စီ၏ ညံ့ဖျင်းလှသော စီမံခန့်ခွဲမှုကြောင့် ကိုဗစ် ၁၉ တတိယလှိုင်း၏ ပြင်းထန်သော ရိုက်ခတ်မှုသည် မထိန်းသိမ်းနိုင်တော့သည့် အခြေအနေသို့ရောက်ရှိနေပြီး သေဆုံးမှုများမှာ တိုးပွားလျက် ရှိနေကြောင်း ဖော်ပြထားသည်။

ဇူလိုင် ၁၆ရက် တစ်နေ့တည်း ရောဂါကူးစက်ခံရသူ ၆၁၉၂ ဦးရှိပြီး သေဆုံးသူ ၁၉၀ ရှိသည်ဟု တရားမဝင်စစ်ကောင်စီမှ ကြေညာခဲ့ကြောင်း၊ ထိုအချက်အလက်မှာ စနစ်တစ်ကျ ကောက်ယူ ထားခြင်းမရှိသော အချက် အလက်များအပေါ်အခြေခံထားသည့် စာရင်းထုတ်ပြန်ချက်တစ်ခုသာဖြစ်ကြောင်း၊ ဆေးရုံများတွင် လူနာများအတွက် အိပ်ယာများမလုံလောက်ခြင်းနှင့် ကိုဗစ်ရောဂါ ကူးစက်သူများကို ကုသရန် ငြင်းဆန်မှုများဖြစ်ပေါ်လျက်ရှိကြောင်း NUGက ဆိုသည်။

အောက်စီဂျင်ပြတ်လပ်မှုမှာ တစ်ဖြည်း ဖြည်း ပိုမိုဆိုးရွားလာပြီး စစ်ကောင်စီမှ အောက်ဆီဂျင်ထုတ်လုပ်မှုများနှင့် အောက်ဆီဂျင် ထုတ်လုပ်သည့် စက်ပစ္စည်းများကို လူမဆန်စွာ ပိတ်ပင်တားဆီးပြီး သိမ်းပိုက်ထားသည်ကို သိရကြောင်း ဖော်ပြခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံအခြေအနေနှင့်ပတ်သက်ပြီး နိုင်ငံတကာမှ ချက်ခြင်းကူညီဆောင်ရွက်ခြင်းမရှိလျှင် မြန်မာနိုင်ငံသည် မျိုးကွဲရောဂါသစ် အပါအဝင် ကိုဗစ် ၁၉ ပြန့်ပွားစေသည့် အဓိက နိုင်ငံတစ်ခုဖြစ်လာနိုင်ကြောင်း၊ မြန်မာ့ပြဿနာသည် ဒေသတွင်းနှင့် တစ်ကမ္ဘာလုံး၏ ကျန်းမာရေးဆိုင်ရာကပ်ရောဂါကို ပြန်လည်ဖြစ်ပွား လာစေမည့် နိုင်ငံငယ်တစ်ခုအဖြစ် ရှိနေသည့်အတွက် နိုင်ငံ တစ်နိုင်ငံ၏ ပြည်တွင်းအရေးတစ်ခုတည်း မဟုတ်တော့ကြောင်း NUG မေတ္တာရပ်ခံချက်၌ ပါရှိသည်။

ထို့ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းမှ ကောင်းမွန်စနစ်ကျသော ဝင်ရောက်စွက်ဖက်မှုကို အမြန်ဆုံးဆောင်ရွက်ပေးပါရန် တောင်းဆိုလိုကြောင်း ဖော်ပြထားသည်။

ပြည်သူလူထုက တရားဝင်အာဏာအပ်နှင်းထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် ပြည်သူ လူထု၏ အကျိုးစီးပွားကိုသာ အစဉ်အမြဲ ရှေးရှူလျက်ရှိကြောင်း၊ မိမိတို့ အစိုးရသည် အမျိုးသားအဆင့် ကိုဗစ် ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မရှင် နှင့် လက်တွဲလုပ်ဆောင်ပြီး ပြည်သူများကို အဓိကဦးစားပေးသော နည်းနာများ ဖော်ဆောင်၍ ပြည်သူများအားလုံး ကိုဗစ် ၁၉ ကာကွယ်ဆေးကို အမြန်ဆုံးရရှိနိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်မျိုးသားလုံး ကိုဗစ် ၁၉ ကာကွယ်ဆေး ရရှိနိုင်ရန် တိုင်းရင်းသားအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် လက်တွဲလုပ်ဆောင်သွားမည် ဖြစ်ကြောင်း NUG၏ မေတ္တာရပ်ခံချက်၌ ပါရှိသည်။

ယခုလိုခက်ခဲကြမ်းတမ်းသောကာလအတွင်း ဒုက္ခရောက်နေကြသည့် မိမိတို့မြန်မာပြည်သူများကို နိုင်ငံတကာမိသားစုများမှ တက်နိုင်သမျှကူညီပေးရန် NUGက မေတ္တာရပ်ခံခဲ့ပြီး မြန်မာပြည်အား ချန်မထားပဲ မိမိတို့နှင့်အတူ ပူးပေါင်းကူညီဆောင်ရွက်ပေးပါရန် တိုက်တွန်းကြောင်း ဖော်ပြခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အထက်ပါ စစ်ကောင်စီယာဥ်သည် မတရားသဖြင့် ကောက်ယူထားသော ပြည်သူ့ချွေးနည်းစာ မီတာခများကို ၎င်းတို့၏ရိက္ခာအဖြစ်ပြုလုပ်မည်ကို ခွင့်မပြုနိုင်သောကြောင့် ယခုကဲ့သို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မြစ်ငယ် PDF က အသိပေးထားသည်။

သတင်း

ကျားတက်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က အထိနာခဲ့သော်လည်း သေဆုံးသူအရေအတွက်ကို မသိရသေးပေ။ စစ်ကောင်စီတပ်သည် ကျားတက်စခန်းကို ပြန်လည်ဝင်ရောက်လာခြင်းမရှိသေးကြောင်း ဒေသခံများက ပြောသည်။

သတင်း

စက်တင်ဘာလ တစ်လတာအတွင်း ကရင်နီပြည်နယ်၌ KNDF ၊ ကရင်နီတပ်မတော် (KA)၊ အခြားမဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်များ နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲဖြစ်ပွား ခဲ့မှုများကို သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သတင်း

မြောင်မြို့နယ်(T.G.R)ပြည်သူ့ကာကွယ်ရေးတပ်က ဗိုလ်တိုက်ဂါးက "စစ်ကောင်စီတပ်က လမ်းဘေးဝဲယာကိုလည်း ပစ်တယ်။ T.G.R Women Drone Force ကလည်း ဒရုန်းနဲ့ ကားပေါ်ဗုံးချ တိုက်ခိုက်ခဲ့ပါသေးတယ်။ နာရေးကားနှစ်စီးနဲ့ကို နှစ်ခါသယ်သွားရတာ"ဟု ပြောသည်။