ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း နေရပ်စွန့်ခွာ တိမ်းရှောင်သူများ ခိုလှုံနေသည့် နေရာ ၁၅ နေရာရှိ အိမ်ထောင်စု ၂၀၀၀ကျော်အတွက် ကျန်းမာရေးနှင့်ပတ်သက်သည့်ပစ္စည်းများ ဖြန့်ဝေပေးခဲ့ကြောင်း UNHCR က ထုတ်ပြန်သည်။
အိမ်ထောင်စုပေါင်း ၂,၃၉၀ မှ လူပေါင်း ၉,၇၃၃ ယောက်တို့အတွက် အဝတ်ဖြင့် ပြုလုပ်သော နှာခေါင်းစည်း ၁၀,၀၀၀ ခု၊ ဆပ်ပြာတုံး ၂၉,၃၂၅ တုံးအား ဖြန့်ဝေခဲ့သည်ဟု ဖော်ပြထားသည်။
ပြီးခဲ့သည့် သတင်းပတ်ကလည်း UNHCRသည် UNICEF နှင့်အတူ UNFPA နှင့် UNDP တို့၏ အကူ အညီဖြင့် ရပ်ရွာလူထု၏ အသိပညာ တိုးမြှင့်ရေးအတွက် ဆောင်ရွက်ရင်း ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်ရှိ အိမ်ထောင်စု ၂,၈၀၀ နီးပါးအတွက် တကိုယ်ရေသုံး အကာအကွယ် ပစ္စည်းကိရိယာများ (PPE) အပါအဝင် နှာခေါင်းစည်း၊ ဆပ်ပြာနှင့် အခြား သန့်ရှင်းရေးသုံးပစ္စည်းများ ဖြန့်ဝေပေးခဲ့ပါသည်ဟု ပါရှိသည်။

အိုးအိမ်စွန့်ခွာထွက်ပြေးရသော လူမှုအသိုင်းအဝိုင်းများအား COVID-19 ကြိုတင်ကာကွယ်ရေး အသိ ပညာ တိုးမြှင့်စေရေးနှင့်၊ တကိုယ်ရေသုံး အကာ အကွယ် ပစ္စည်းကိရိယာများ (PPE)၊ တစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်းများ ဖြန့်ဝေရေးတို့အတွက် မိတ်ဖက်များနှင့်အတူ လုပ်ဆောင်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement
