ပင်းတယမီးအိမ်ရှင် ဆရာကြီး ဒေါက်တာသန်းမင်းထွဋ် အကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာပြီဖြစ်ပါတယ်။
ဒီကနေ့မနက် ၁၁ နာရီခန့်က ပုသိမ်ရဲစခန်းမှာ အမှုပိတ်သိမ်းပြီး လွတ်မြောက်လာတာဖြစ်တယ်လို့ ဒေါက်တာသန်းမင်းထွဋ်ရဲ့ တရားဝင်ဖေ့ဘွတ်ခ်စာမျက်နှာကနေ ထုတ်ပြန်ထားပါတယ်။
ဒေါက်တာသန်းမင်းထွဋ်ကို “အများပြည်သူ အထိတ်တလန့်ဖြစ်စေရန်ရည်ရွယ်ပြီး ဆရာဝန်ကျင့်ဝတ်များကို ဖောက်ဖျက်၍ CDM လှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်ပြီး ပြည်သူများစိတ်တွင် စိုးရိမ်အောင်ပြုလုပ်ခြင်း” ဟု ဖော်ပြလျက် ပုဒ်မ ၅၀၅ နဲ့ ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်လှိုင်က တိုင်တန်းထားတာဖြစ်ပါတယ်။
ပုသိမ်ဆေးရုံအုပ်ကြီးဖြစ်တဲ့ ဒေါက်တာသန်းမင်းထွဋ်ဟာ တာဝန်ကျရာ ဆေးရုံတိုင်းမှာ စေတနာကောင်းပြီး ၊ ဒေသခံပြည်သူတွေရဲ့ကျန်းမာရေးစောင့်ရှောက်မှု အကောင်းဆုံးလုပ်နိုင်တဲ့အတွက် ပြည်သူတွေက အလွန်ချစ်ခင်ကြတယ် ဆရာဝန်တစ်ဦးဖြစ်ပါတယ် ။ဆရာကြီးရဲ့ကျန်းမာရေးစောင့်ရှောက်မှု စွမ်းဆောင်မှုတွေနဲ့လူမှုရေး အကူအညီပေးမှုတွေကြောင့် ဆုပေါင်းများစွာလည်းရရှိထားသူဖြစ်ပါတယ်။ ပုသိမ်မြို့နယ်နဲ့ ဧရာဝတီတိုင်းမှာ ကိုဗစ်ပထမလှိုင်း၊ဒုတိယလှိုင်းတွေကို အကောင်းဆုံးဦးဆောင်ရင်ဆိုင်တုံ့ပြန်ရာမှာ ဦးဆောင်ခဲ့တဲ့ သူတစ်ဦးလည်းဖြစ်ပါတယ်။ စစ်တပ်က အာဏာသိမ်းတဲ့အခါ အာဏာသိမ်းစစ်ကောင်စီလက်အောက်မှာတာဝန်မထမ်းဆောင်ဘဲ ငြိမ်းချမ်းစွာအာဏာဖီဆန်( CDM)လုပ်ခဲ့ပါတယ်။
ဒေါက်တာသန်းမင်းထွဋ်ကို စစ်ကောင်စီက မတ်လ၁၂ ရက်မှာ တိုင်းကျန်းမာရေးရုံးမှာ အစည်းအဝေးရှိတယ်လို့ လိမ်လည်ခေါ်ဆောင်ပြီး အကြမ်းဖက်ဖမ်းဆီးရိုက်နှက်ပြီး ထောင်ချခဲ့တာဖြစ်ပါတယ် ။ ဒါကြောင့်ဆရာကြီးဟာ လေးလကျော် မတရားသဖြင့်ထောင်ချခံရပြီးမှ ပြန်လွတ်လာတာဖြစ်ပါတယ်။