Connect with us

Hi, what are you looking for?

LuduNwayOo

News

ကနီဒေသ စစ်ကောင်စီ၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု​လေးကြိမ်တွင် ပြည်သူ ၄၀ကျော်​သေဆုံးဟု AAPPထုတ်ပြန်

ကနီမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုများသည် နိုင်ငံတကာဥပဒေအရ အမြစ် ပြတ် သုတ်သင်ရှင်းလင်းရေးလုပ်ရပ်တစ်ခုဖြစ်၍ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ထိုသို့ လူသားမျိုးနွယ် အပေါ် ကျုးလွန်သော ရာဇဝတ်မှုကို ပြစ်တင်ရှုတ်ချရမည်ဖြစ်ပြီး ထိထိရောက်ရောက် တရားစွဲဆိုရမည်ဖြစ်ကြောင်း AAPPက ထုတ်ပြန်ခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ပြည်သူလူထုအား အစုလိုက်အပြုလိုက် သတ်ဖြတ်မှုများ ကျူးလွန်ခဲ့ရာ ကနီဒေသ၌ ဇူလိုင်လအတွင်း အစုလိုက်အပြုလိုက် သတ်ဖြတ်မှု ​လေးကြိမ်ကျူးလွန်ခဲ့ပြီးသတ်ဖြတ်စွန့်ပစ်ထားသည့် ရုပ်အလောင်းမှာ အနည်းဆုံး ၄၃ဦး ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့(AAPP)က ယ​နေ့ အစီရင်ခံစာထုတ်ပြန်သည်။

ထိုကဲ့သို့ အကြမ်းဖက်စစ်တပ်က ရည်ရွယ်ချက်ရှိရှိဖြင့် အရပ်သားပြည်သူများအပေါ် လူမဆန်စွာ ပြုလုပ်မှုများကြောင့် ပထမအကြိမ်ဖြစ်စဉ်တွင် ရုပ်အလောင်း ၄လောင်း၊ ဒုတိယအကြိမ်တွင် ရုပ်အလောင်း ၁၆ လောင်း၊ တတိယအကြိမ်တွင် ရုပ်အလောင်း ၁၂ လောင်းနှင့် စတုတ္ထအကြိမ်တွင် ရုပ်အလောင်း ၁၁လောင်း တွေ့ရှိခဲ့သည်ဟု အစီရင်ခံစာ၌ ဖော်ပြထားသည်။

ပထမအကြိမ်ဖြစ်စဉ်မှာ ကနီမြို့နယ်အတွင်းရှိ မုံအိုကျေးရွာနှင့် ရွာသာကျေးရွာအကြား ရှစ်ခိုး တက် တောပြင်၌ ဇူလိုင်လ ၁ ရက်က ဖြစ်ပွားခဲ့ရာ အမျိုးသား ၄ဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီးနှိပ်စက်ကာ ဦးခေါင်းများကို သေနတ်ဖြင့် တေ့ပစ် သတ်ဖြတ်ခဲ့သည်ဟု ဆိုသည်။ သတ်ဖြတ်ခြင်းခံရသည့် ရုပ်အလောင်း (၄) လောင်းမှာ စိန်ကုန်းရွာမှ (၁) ဦး၊ ဖန်ခါးကုန်းရွာမှ (၁) ဦး၊ ဆူးလေကုန်း ရွာမှာ (၁) ဦးနှင့် အင်ချောင်ရွာမှ (၁) ဦး တို့ဖြစ်ကြောင်း ဖော်ပြထားသည်။

ဒုတိယအကြိမ်မှာ ဇူလိုင် ၉ရက်နှင့် ၁၀ရက်က ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းရှိ ယင်းရွာ၊ ကုန်းသာရွာ၊ ကျောက်လှေကားရွာများသို့ အကြမ်းဖက်စစ်တပ်မှာ အင်အားအလုံးရင်းဖြင့် ဝင်ရောက်လာ၍ ထွက်ပြေးတိမ်းရှောင်ကြသည့် ဒေသခံ ၂၆ဦး ပျောက်ဆုံးခဲ့ရာ ယင်းရွာအရှေ့ဘက် တောင်ကုန်းပေါ်မှ ချိုင်ံထဲတွင် အလောင်း ၁၅လောင်း၊ နောက်တစ်နေရာတွင် ၁လောင်း စုစုပေါင်း ၁၆လောင်း ရှာတွေ့ခဲ့သည်ဟု အစီရင်ခံစာ၌ ပါရှိသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ရုပ်အလောင်းများမှာ ယင်းရွာမှ (၁၃) ဦး၊ ကုန်းသာရွာမှ (၁) ဦး၊ ပလူဇဝ ရွာမှ (၁) ဦးနှင့် ထောက်ကြံ့ကုန်းရွာမှ (၁) ဦးဖြစ်ပြီး သတ်ဖြတ်ခံရသူများအနက် အများစုမှာ အသက် (၃၀) နှင့် (၅၀) ကြားအရွယ် အမျိုးသားများဖြစ်ကြောင်း၊ အသက် (၆၀) ကျော်အရွယ် (၁) ဦးလည်း ပါဝင်ကြောင်း ထုတ်ပြန်ခဲ့သည်။

ရုပ်အလောင်းအားလုံးတွင် ပြင်းပြင်းထန်ထန် နှိပ်စက်ညှဉ်းပန်းခံထားရသည့် လက္ခဏာများတွေ့ရပြီး အဆိုးရွား ဆုံးမှာ မျက်နှာနှင့် လည်ပင်းများကို လှီးဖြတ် နှိပ်စက်ညှဉ်းပန်းထားသည့် ဒဏ်ရာများတွေ့ရှိရခြင်းပင်ဖြစ်သည်ဟု AAPP၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။

တတိယအကြိမ်ဖြစ်စဉ်မှာ ဇူလိုင် ၂၆ရက်က ကနီမြို့နယ်၊ ဇီးပင်တွင်းကျေးရွာအနီး အကြမ်းဖက်စစ်တပ်နှင့် ဒေသခံကာကွယ်ရေးအဖွဲ့(PDF)တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ
ရွာသားတချို့နှင့် PDF အဖွဲ့ဝင်တချို့ ပျောက်ဆုံးနေ ၍ လိုက်လံရှာဖွေရာမှ ဇီးပင်တွင်းရွာ အနီး ယာတောထဲ၌ ဒဏ်ရာများနှင့် ရုပ်အလောင်း ၅လောင်းကို ဦးစွာတွေ့ရှိခဲ့ပြီး ဇူလိုင် ၂၇ရက်တွင် ရုပ်အလောင်း ၇လောင်းကို ထပ်မံတွေ့ရှိခဲ့သည်ဟုဆိုသည်။

ရုပ်အလောင်းမျာကို မြေကျင်းတစ်ခုတူး၍ မြှုပ်နှံထားခြင်း၊ သစ်ပင်တွင် ကြိုးဖြင့်ချိတ်ဆွဲထားခြင်း၊ မြေပြင်၌ နေခြင်းစသည့် ပုံစံများဖြင့် တွေ့ရှိခဲ့ရပြီး ရုပ်အလောင်းများအနက် အသက် (၆၀) ကျော်အရွယ် ၂ဦးနှင့် ကိုယ်လက်အင်္ဂါမသန်စွမ်းသူ (၁) ဦး ပါဝင်သည်ဟုဆိုသည်။

အဆိုပါရုပ်အလောင်း (၁၂) လောင်းမှာ ဇီးပင်တွင်းရွာမှ (၂) ဦး၊ ချင်းဖုန်းရွာမှ (၁) ဦး၊ သမင်ဇပ်ရွာမှ (၁) ဦး၊ သလောက်ရွာမှ (၁) ဦးနှင့် မုံရွာမှ (၇) ဦး တို့ဖြစ်ပြီး ရုပ်အလောင်းအားလုံး၏ ခန္ဓာကိုယ်တွင် တူညီသည့်အချက်မှာ ရိုက်နှက်၊ နှိပ်စက်ညှဉ်းပမ်းခြင်းကြောင့် ဒဏ်ရာ အများအပြား ရှိနေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောဆိုကြောင်း AAPPက ထုတ်ပြန်သည်။

စတုတ္ထအကြိမ်ဖြစ်စဉ်မှာ ဇူလိုင် ၂၈ရက်တွင် အကြမ်းဘဖက်စစ်တပ်က တောင်သူလုပ်ကိုင်နေသော သရက်တောရွာသား ကိုအောင်ကျော်မြင့်၏ တဲအိမ်အတွင်းဝင်ရောက်၍ ၁၁ဦးကို ဖမ်းဆီးပြီး နောက်ရက်တွင် သေနတ်ပစ်သံ များကြားရ၍ လိုက်လံရှာဖွေရာ တောင်ပေါက် ကျေးရွာအုပ်စု ကျောက်တံခါးချောင်းနှင့် ကြပ်ချောင်း အဆုံ အနီးရှိ ယာခင်း၌ ရုတ်အလောင်း ၁၁လောင်းအား တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။

ဩဂုတ် ၁ရက်တွင်လည်း ကနီမြို့ပေါ်ရှိ အထက ကျောင်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများက “ မင်းတို့တွေကြောင့် တို့ပြည်သူတွေ သေရတာ” ဟု အော်ဟစ်သူ တစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟုလည်း AAPP၏ အစီရင်ခံစာ၌ ပါရှိသည်။

အကြမ်းဖက်စစ်အုပ်စု၏ ရက်စက်သော လူမဆန်စွာကျူးလွန်မှုများမှာ မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် နေ့စဉ် နှင့်အမျှ ဖြစ်ပေါ်နေလျက်ရှိပြီး ကနီမြို့နယ်ဖြစ်စဉ်များမှာ တိကျသော သက်သေအထောက် အထား များဖြင့် ပေါ်ပေါက်လာရသည့် ဖြစ်ရပ်တစ်ခုဟု AAPPက ဆိုသည်။

အဆိုပါဖြစ်ရပ်များမှာ အစုလိုက် အပြုံလိုက် သတ်ဖြတ် မှုအပါအဝင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ဆိုးဝါးရက်စက်သော ရာဇဝတ်မှုမြောက်ပြီး မြန်မာပြည်သူ လူထုတစ်ရပ်လုံး၏ အသက်အိုးအိမ်စည်းစိမ်ကို စစ်အုပ်စုက အကြီးအကျယ် ခြိမ်းခြောက်လျက်ရှိကြောင်း သက်သေခံလျက်ရှိသည်ဟု AAPP၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။ စစ်အုပ်စုသည် ၎င်းတို့ ကျူးလွန်သော ရာဇဝတ်မှုများကို တာဝန်ယူ၊ တာဝန်ခံရမည် ဖြစ်သည်ဟုလည်း ထုတ်ပြန်ခဲ့သည်။

ကနီမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုများသည် နိုင်ငံတကာဥပဒေအရ အမြစ် ပြတ် သုတ်သင်ရှင်းလင်းရေးလုပ်ရပ်တစ်ခုဖြစ်၍ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ထိုသို့ လူသားမျိုးနွယ် အပေါ် ကျုးလွန်သော ရာဇဝတ်မှုကို ပြစ်တင်ရှုတ်ချရမည်ဖြစ်ပြီး ထိထိရောက်ရောက် တရားစွဲဆိုရမည်ဖြစ်ကြောင်း AAPPက ထုတ်ပြန်ခဲ့သည်။

ဒီပဲယင်းမြို့နယ်နှင့် အခြားသော မြို့နယ်များ၌လည်း ယခုကဲ့သို့ ကျူးလွန်မှုများရှိရာ ယင်းဖြစ်ရပ်များနှင့် ပတ်သက်၍နောက်ပိုင်းတွင် ဆက်လက်ထုတ်ပြန်သွားမည်ဟု AAPP ၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။