ချင်းပြည်နယ် ထန်တလန်မြို့နယ်မှ အပြစ်မဲ့ပြည်သူတစ်ဦး၊ စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်နှင့် ချင်းပြည်နယ် ထန်တလန်မြို့နယ်တို့မှ အပြစ်မဲ့ပြည်သူနှစ်ဦးတို့ထပ်မံကျဆုံးခဲ့၍ စစ်အာဏာရှင်တော်လှန်ရေး (နွေဦး တော်လှန်ရေး) ကာလအတွင်းကျဆုံးခဲ့ရသူ စုစုပေါင်းမှာယနေ့အထိ ၁,၀၂၆ ဦး ရှိပြီဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ယနေ့ထုတ်ပြန်သည်။
အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး ထိုအရေအတွက်ထက် ပိုများနေနိုင်ကြောင်း အေအေပီပီက ဆိုသည်။
ချင်းပြည်နယ် ထန်တလန်မြို့တွင် အကြမ်းဖက်စစ်အုပ်စုမှ ဩဂုတ် ၂၅ ရက်က ပစ်ခတ်ခဲ့သော မပေါက် ကွဲသေးသည့် လက်နက်ကြီးကျည်သည် ဩဂုတ် ၂၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ပေါက်ကွဲခဲ့သည့်အတွက် အရပ်သား တစ်ဦးဖြစ်သူ ဦးလှယ်ဘိတ် (Pu Hlei Bik) သည် နေရာတွင်ပင် ကျဆုံးသွားခဲ့ပြီး အရပ်သား ၁၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု သိရှိရသည်။ ထိခိုက်ဒဏ်ရာရရှိသူများအနက် ဦးလှယ်ဘိတ် (Pu Hlei Bik) ၏ သားဖြစ်သူ အသက် ၁၄ နှစ်အရွယ် ဆလိုင်းအုပ်လျန်ကမ်သည် ဟားခါးဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် ယနေ့ (ဩဂုတ် ၂၈) နံနက်ပိုင်းတွင် ကျဆုံးသွားခဲ့ကြောင်း ထုတ်ပြန်သည်။
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ပလိုင်းကျေးရွာအုပ်စု၊ ဂုဏ်တန်ကျေးရွာမှ ဒေသခံရွာသား ကိုရန်အောင်စိုးကို ၎င်း၏အိမ်အတွင်း၌ လက်နက်ရှိသည်ဟု စွပ်စွဲပြီး စစ်ဆေးမေးမြန်ရန်ရှိသည်ဟုဆိုကာ အကြမ်းဖက်စစ်တပ်မှ ဩဂုတ်လ ၂၆ ရက် ည ၉ နာရီခန့်တွင် ဂုဏ်တန်သင်္ချိုင်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ပစ်သတ်ခဲ့သည်ဟုဖော်ပြထားသည်။

Public Service Announcement
ယမန်နေ့ (ဩဂုတ် ၂၇) ညနေပိုင်းတွင် ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ မစုမာကို အကြမ်းဖက်စစ်အုပ်စုမှ အင်အားအများအပြားဖြင့် နေအိမ်၌ လာရောက်ရှာဖွေရာ မတွေ့သောကြောင့် ၎င်း၏ခင်ပွန်းဖြစ်သူ ဦးခင်မောင်ထွေး၊ သမီးဖြစ်သူ နှင့် ဧည့်သည်တစ်ဦးတို့ကို ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) ဖြင့် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသော မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အတွင်းရေးမှူး ဦးဇော်မိုးထက် (ခ) ဂွမ်ကြီးကို ယမန်နေ့ ညနေပိုင်းတွင် အရပ်ဝတ်များ ဝတ်ဆင်ထားသော အကြမ်းဖက်စစ်အုပ်စု၏ တပ်ဖွဲ့ဝင်များမှ ဖမ်းဆီးသွားခဲ့ကြောင်း ထပ်မံဖော်ပြထားသည်။
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ကျောက်မြောင်းမြို့တအုံကျေးရွာအထက်တန် းကျောင်းမှ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသည့် အထက်တန်းကျောင်းဆရာ ဦးဆွေထူးကို အကြမ်းဖက်စစ်အုပ်စု၏ တပ်ဖွဲ့ဝင်များမှ ဖမ်းဆီးခဲ့ပြီး CDM ပြုလုပ်နေခြင်းကို ဒူးထောက်ဝန်ခံခိုင်းခဲ့ကြောင်း သိရှိရသည်။ အထက်တန်းကျောင်းဆရာ ဦးဆွေထူးကို ပလိုင်းကျေးရွာ၊ ဓမ္မစကူးလ်ဘုန်းတော်ကြီးကျောင်းတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး စစ်သားများ၏ရှေ့တွင် ဒူးထောက်ဝန်ခံခိုင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

















































