Connect with us

Hi, what are you looking for?

အတွေးအမြင်

မြန်မာ့ပြည်တွင်းစစ်ကို မှားယွင်းသုံးသပ်ခြင်း

(စစ်အုပ်စု၏ လတ်တလောအောင်မြင်မှုများသည် အပြီးသတ်အောင်ပွဲမဟုတ်သေး)

(စစ်တပ်က ချင်းပြည်နယ်၊ဖလမ်းမြို့ကို ပြန်ထိန်းချုပ်ပြီး​​နောက်​တွေ့ရစဥ် /AA က ဧရာဝတီတိုင်း​၊​ရေကြည်မြို့နယ်ကစစ်တပ်စခန်းကုန်း ၃ ခုကို AA ကသိမ်းပိုက်ပြီး​နောက်​တွေ့ရစဥ် /မ​ကွေးတိုင်းက စစ်စခန်း နဲ့ စစ်တပ်ကို​တော်လှန်​ရေးတပ်​တွေက တိုက်ခိုက်သိမ်းပိုက်ပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ- စစ်​ကောင်စီ၊ AA Info desk ၊ PDF စစ်ရုံးချုပ်)

-ခါကာဘို ရေးသားသည်။

မြန်မာ့ပြည်တွင်းစစ်ရဲ့လက်ရှိအခြေအနေကို ကြည့်လိုက်ရင်“ဘယ်ဘက်ကအနိုင်ရနေပြီလဲ”ဆိုတဲ့ မေးခွန်းအတွက် ရှင်းလင်းတဲ့ အဖြေမရှိသေးဘဲ အမြဲတမ်း ပြောင်းလဲနေတဲ့ အင်အား ချိန်ခွင်လျှာ တစ်ခုလို ဖြစ်နေပါတယ်။

ဒါက အမေရိကန်အခြေစိုက် “War on the Rocks” က သုံးသပ်ထားတာပါ။ War on the Rocks ဆိုတာ စစ်ရေးနဲ့ နိုင်ငံတကာမူဝါဒတွေကို သုံးသပ်ရေးသားတဲ့ ပရော်ဖက်ရှင်နယ် Policy Platform တစ်ခုဘဲ ဖြစ်ပါတယ်။

စစ်တပ်အရာရှိဟောင်းတွေ၊သုတေသနပညာရှင်တွေက ရေးကြပြီး၊ အမေရိကန် ကာကွယ်ရေး အသိုင်းအဝိုင်း (US Defense Community)၊ ပင်တဂွန် (Pentagon) နဲ့ မူဝါဒချမှတ်သူ (Think Tank) တွေရဲ့ လေးစားယုံကြည်မှုကို ရရှိထားတဲ့ အရည်အသွေးမြင့် မဟာဗျူဟာမြောက် သုံးသပ်ချက် (High-Quality Strategic Analysis) တွေကို တင်ပြတဲ့နေရာမှာ နာမည်ကြီးတဲ့ မီဒီယာတစ်ခုလည်း ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

သူတို့ရဲ့သုံးသပ်ချက်ထဲကအဓိကအကြောင်းအရာကတော့မြန်မာနိုင်ငံမှာ၂၀၂၁ အာဏာသိမ်းပြီး နောက် ပေါ်ပေါက်လာတဲ့ Spring Revolution ဟာ ၂၀၂၃–၂၀၂၄ ခုနှစ် အတွင်းမှာ ထင်ရှားတဲ့ အားသာချက်တွေ ရရှိခဲ့တယ်ဆိုတာပါ။

ဒရုန်း စစ်ဆင်ရေးတွေ၊ ပျောက်ကြားနည်းဗျူဟာ (Guerrilla warfare tactics) တိုက်ခိုက်မှုတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းမှုတွေကြောင့် စစ်တပ်ကို နယ်မြေအများအပြားမှာ ဖိအားပေးနိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ် Operation 1027 လို စစ်ဆင်ရေးမျိုးကြီးတွေက တော်လှန်ရေးဘက် အတွက် အလှည့်အပြောင်း တစ်ခုလို ဖြစ်ခဲ့ပါတယ်။

အဲဒီအချိန်ကာလမှာတော့ စစ်တပ်ဟာ အားနည်းလာနေပြီ၊ ပြိုလဲနိုင်တယ်ဆိုတဲ့ သုံးသပ်ချက် တွေတောင် နိုင်ငံတကာမှာ ထွက်ပေါ်ခဲ့ပါတယ်။

ဒါပေမယ့် ၂၀၂၅ နောက်ပိုင်းမှာတော့ အခြေအနေက ပြန်လည် ပြောင်းလဲလာပါတယ်။ စစ်တပ်က အတင်းအကျပ် စစ်သားစုဆောင်းမှုတွေကို တိုးချဲ့ လာသလို ဒရုန်းနည်းပညာနဲ့ လေကြောင်း အားသာချက်တွေကိုလည်း ပိုမို အသုံးချ လာနိုင်ခဲ့ပါတယ်။

အရေးအကြီးဆုံးကတော့ တော်လှန်ရေးဘက်မှာရှိနေတဲ့အဖွဲ့အစည်းအချင်းချင်း မညီညွတ်မှု၊ လက်နက်နဲ့ ခဲယမ်းမီးကျောက် မလုံလောက်မှု၊ တရုတ်ရဲ့ ဖိအား သက်ရောက်မှုဆိုတဲ့ အချက် သုံးချက်က တစ်ချိန်တည်းမှာ စုပေါင်း ဖိအားပေးလာတာပါ။

ဒီပြဿနာတွေက အရင်ကတည်းက ရှိခဲ့ပေမယ့် ၂၀၂၅ နောက်ပိုင်းမှာတော့ စစ်မြေပြင်ပေါ်မှာ သိသိသာသာ သက်ရောက်လာပြီး စစ်အုပ်စု ပြန်လည် အားကောင်းလာဖို့ အဓိကအကြောင်းရင်းတွေ ဖြစ်လာခဲ့ပါတယ်။

တော်လှန်ရေးဘက်မှ အဓိက ပြဿနာတစ်ခုက အဖွဲ့အစည်း ကွဲပြားမှုပါ။ NUG၊ PDF တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဟာ တစ်ခုတည်းသော အမျိုးသားအဆင့် စစ်ရေးမဟာဗျူဟာ အောက်မှာ တစ်စုတည်းမဖြစ်နိုင်သေးဘဲ ကိုယ့်နယ်မြေ၊ ကိုယ့်အကျိုးစီးပွားကို ဦးစားပေးနေတဲ့ အခြေအနေ ရှိပါတယ်။

အရင်ကတော့ ဒီလို “ဒေသအလိုက် ကိုယ်ပိုင် ဆုံးဖြတ် လုပ်ဆောင်နိုင်သော နည်းလမ်း (Decentralised)”ကစစ်တပ်ကို တဖြည်းဖြည်းဖြိုချနိုင်တဲ့ (Thousand Cuts) ပုံစံအနေနဲ့ အကျိုး ရှိခဲ့ပေမယ့် စစ်တပ်က ပြန်လည်အားကောင်းလာတဲ့အခါမှာတော့ အဲဒီကွဲပြားမှုကအားနည်းချက်အဖြစ်ပြောင်းလဲသွားပါတယ်။

နောက်တစ်ချက်ကလက်နက်နဲ့ ခဲယမ်းပြဿနာပါ။ အစောပိုင်းကာလတွေမှာ နယ်စပ်ဖြတ်လမ်းတွေ၊ မှောင်ခိုဈေးကွက် လမ်းကြောင်း တွေကနေ လက်နက် ရရှိနိုင်ခဲ့ပေမယ့် ၂၀၂၅ ခုနှစ်နောက်ပိုင်းမှာ တရုတ်ရဲ့ ဖိအားကြောင့် အဲဒီ ထောက်ပံ့ရေး လမ်းကြောင်းတွေ ထိခိုက်သွားပါတယ်။

အဲဒီရဲ့ရလဒ်ကြောင့် PDF တွေရဲ့ စစ်ရေးစွမ်းရည် ကျဆင်းလာပြီး မြို့ကြီးတွေကို ထိန်းထားနိုင်မှုလည်း လျော့နည်းလာပါတယ်။ ဖလမ်းမြို့လို ဖြစ်စဉ်တွေက ဒီအခြေအနေကို ထင်ရှားစေတဲ့ဥပမာတစ်ခုပါပဲ။တော်လှန်ရေး ဘက်က ခဏ ထိန်းနိုင်ခဲ့ပေမယ့် လက်နက် မလုံလောက်မှုကြောင့် နောက်ဆုံးမှာ ပြန်လည် ဆုံးရှုံး ခဲ့ရပါတယ်။

တတိယအရေးကြီးတဲ့အချက်က တရုတ်ရဲ့ အခန်းကဏ္ဍပါ။ အစပိုင်းမှာတော့ တရုတ်ဟာ နှစ်ဖက်လုံးကို ချိန်ညှိနေတဲ့ အနေအထား ရှိခဲ့ပေမယ့် ၂၀၂၄ နောက်ပိုင်းမှာတော့ စစ်အုပ်စုဘက်ကို ပိုမိုပြတ်သားစွာ လှည့်လာပါတယ်။

တိုင်းရင်းသားအဖွဲ့အချို့အပေါ် စီးပွားရေးဖိအားပေးခြင်း၊ လက်နက်လမ်းကြောင်း ပိတ်ပင်ခြင်း၊ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးရန် ဖိအားပေးခြင်းတွေကြောင့် MNDA နဲ့ TNLA တို့လို အဖွဲ့တွေ စစ်ပွဲကနေ ဆုတ်ခွာ သွားရတဲ့အထိ ဖြစ်လာခဲ့ပါတယ်။ ဒီလိုဖြစ်ရပ်တွေက တော်လှန်ရေး အင်အားစုအတွင်းမှာ အရေးပါတဲ့ အစိတ်အပိုင်းတွေကို လျော့နည်းစေ ခဲ့ပါတယ်။

ဒါပေမယ့် ဒီအခြေအနေတွေကြောင့် တော်လှန်ရေးဟာ အဆုံးသတ်သွားပြီ လို့တော့ မဆိုနိုင်ပါဘူး။ မြန်မာနိုင်ငံရဲ့ နယ်မြေအချို့ကို တော်လှန်ရေးအဖွဲ့တွေက ဆက်လက် ထိန်းချုပ်ထားဆဲ ဖြစ်သလို PDF တွေဟာလည်း ပျောက်ကြားနည်းဗျူဟာ (Guerrilla warfare tactics) နည်းကို ပြန်လည် ပြောင်းလဲ အသုံးပြုပြီး စစ်တပ်ကို ဆက်လက် ဖိအားပေးနေဆဲပါ။

စစ်တပ်ဘက်မှာလည်း စီးပွားရေးကျဆင်းမှု၊ လောင်စာဆီပြတ်လပ်မှု၊ လူထုမုန်းတီးမှု တိုးလာမှုလို အားနည်းချက်တွေ ရှိနေပြီး တစ်ဖက်တည်းက အပြည့်အဝ အနိုင်ရထားတဲ့ အခြေအနေ မဟုတ်သေးပါဘူး။

၂၀၂၆ အခြေအနေကိုကြည့်လိုက်ရင်တော့ တော်လှန်ရေးဘက်က NUG နဲ့ အဓိကတိုင်းရင်းသားအဖွဲ့ အချို့ ပူးပေါင်းပြီး ပိုမိုစုစည်းတဲ့ မဟာဗျူဟာ ဖွဲ့စည်းမှုတွေ စတင်လာတာကိုလည်း တွေ့ရပါတယ်။

ဒါပေမယ့် အရင်ကလို မဟုတ်ဘဲ စစ်ပွဲက အဆုံးသတ်တစ်ခုဆီကို တိုက်ရိုက် သွားနေခြင်း မဟုတ်ဘဲ နှစ်ဖက်လုံး အနိုင်မရသေးတဲ့ “အင်အားချိန်ခွင်လျှာ ညီနေသော အခြေအနေ (Stalemate)”တစ်ခုဆီကို ရောက်နေတယ် ဆိုတဲ့ သုံးသပ်ချက်က ပိုမို သင့်လျော် လာပါတယ်။

အဆုံးသတ်အနေနဲ့ ပြောရရင်တော့ ဒီဆောင်းပါးက ထောက်ပြချင်တာ စစ်အုပ်စုရဲ့ လတ်တလော အောင်မြင်မှုတွေက အပြီးသတ်အောင်ပွဲ မဟုတ်သေးပါဘူး။

မြန်မာပြည်တွင်းစစ်ဟာ အဆုံးသတ်သွားတဲ့ အဆင့်မဟုတ်သေးဘဲ အင်အားချိန်ခွင်လျှာ မတည်ငြိမ် သေးတဲ့ ရေရှည် ပဋိပက္ခတစ်ခုအဖြစ်ဆက်လက်တည်ရှိနေဆဲ ဖြစ်ပြီး နောက်လာမယ့် ကာလ တွေမှာလည်း စစ်ရေး၊ နိုင်ငံရေး၊ နိုင်ငံတကာအင်အား ချိန်ခွင်လျှာတွေက အခြေအနေကို ထပ်မံ ပြောင်းလဲ နိုင်သေးတယ်ဆိုတာကို သတိပေးထားခြင်းပဲ ဖြစ်ပါတယ်။ ။

ကိုးကား-War on the Rocks

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအင်အားစုတွေအကြား ပဋိပက္ခတွေကို နိုင်ငံရေးနည်းနဲ့သာဖြေရှင်းဖို့ စစ်ရေးနည်းနဲ့ မဖြေရှင်းဖို့ ကျောင်းသားသမဂ္ဂ အင်အားစုတွေက ဒီကနေ့ ဇွန် ၂၇ရက်မှာ ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်ထဲမှာရှေ့တန်းစခန်းတွေ လက်လွတ်ဆုံးရှုံးနေရတဲ့အာဏာသိမ်းစစ်တပ်က အသုတ်မြို့ ၊ဆတ်‌ဒေါင့်ကြီးရွာကို ဝင်ရောက်တပ်ဆွဲထားတာကြောင့် ဒေသခံတွေ ရွာကနေ ‌တိမ်း ရှောင်နေရပါတယ်။

ဆောင်းပါး

နူးညံ့တဲ့ အနီရောင်ပွင့်ဖတ်လေးတွေ၊ သင်းပျံ့တဲ့ ရနံ့တွေပိုင်ဆိုင်ထားတဲ့ နှင်းဆီပန်းဟာ ကမ္ဘာတစ်ဝန်းမှာတော့ အလှအပနဲ့ ချစ်ခြင်းမေတ္တာရဲ့ ပြယုဂ်တစ်ခုပါ။ ဒါပေမဲ့ အာဏာရှင်တွေ စိုးမိုးထားတဲ့ မြန်မာနိုင်ငံမှာတော့ နှင်းဆီပန်းဟာ အုပ်ချုပ်သူတွေအတွက် တုန်လှုပ်ခြောက်ခြားစေတဲ့ ပန်းတစ်ပွင့်ဖြစ်နေခဲ့ပါတယ်။