ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့တွင်အာဏာသိမ်းစစ်ကောင်စီ၏ ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင်ချင်းခိုက်ရန်ဖြစ်ပွားရာ ဝင်ရောက်ဖျန်ဖြေရဲ သေနတ်ဖြင့် အပစ်ခံရပြီးသေဆုံးခဲ့သည်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့မှ ယာဥ်ထိန်းရုံးစခန်းတစ်ခုတွင်စက်တင်ဘာ ၅ ရက်ညက ရဲအချင်းချင်း သေနတ်ဖြင့် ပစ်သတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။သေဆုံးသူသည် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဦးလှမင်းအောင်ဆိုသူဖြစ်ပြီး ၎င်း၏ ရာထူးအတိအကျကို မသိရပေ။

ဦးလှမင်းအောင်သည် ၂၀၁၈ ရှေ့ပိုင်းက လောက်ကိုင်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတစ်ခုတွင်လည်း သေနတ်ပစ်ခံခဲ့ရဖူးကြောင်း ၎င်း၏ သူငယ်ချင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဖေ့စ်ဘွတ်လူမှုကွန်ရက်တွင် ရေးသားထားသည်။
“သေနတ်နဲ့တော့ ဒီကောင်ကြီး မသေးနိုင်တော့ဘူးလို့ထင်ခဲ့တာ။ ကိုယ့်အချင်းချင်းရန်ဖြစ်လို့ ဝင်ဖျန်ဖြေမှ ထိရတယ်လို့ကွာ”ဟု ၎င်း၏ သူငယ်ချင်းတစ်ဦး က ရေးသားထားသည်။

Public Service Announcement
အသက် (၄၀)အရွယ် ဦးလှမင်းအောင်အား သေနတ်ဖြင့် ပစ်ခတ်သူမှာလည်း ယာဉ်ထိန်းရဲပင်ဖြစ်ပြီး လက်ရှိတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည်ဟု လောက်ကိုင်မြို့မှ သတင်းရင်းမြစ်တစ်ဦးကပြောသည်။

“ယာဉ်ထိန်းရဲတစ်ယောက်က သူတို့စခန်းထဲက ယာဉ်ထိန်းကိုပစ်တာ တစ်ချက်တည်းနဲ့ သေသွားတာ။သေတဲ့သူကို မသိဘူး။ သေနတ်သမားကိုသိတယ်။ လောက်ကိုင်မှာ ကုလားကြီးလို့ ခေါ်ကြတာ”ဟု ဒေသခံတစ်ဦးကပြောသည်။
သေဆုံးသည့်ရဲ၏ ရုပ်အလောင်းကို လောက်ကိုင်မြို့အခြေစိုက် ဂရုဏာဟဒယလူမှုကူညီရေးအသင်းက သယ်ဆောင်ကာ သုသာန်တွေ မီးရှို့သဂြိုလ်ခဲ့သည်။


















































