အကြမ်းဖက်စစ်ကောင်စီတပ်များ၏ ဝင်ရောက်စီးနင်း တိုက်ခိုက်မှုကြောင့် မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြင်သားရွာမှ ကျေးရွာကာကွယ်ရေးအဖွဲ့ဝင် လူငယ်များ ကျဆုံးခဲ့ရာ ယင်းဖြစ်ရပ်အပေါ် သွေးကြွေးဆပ်မည်ဟု တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(TSG)က ထုတ်ပြန်သည်။

“စစ်ကောင်စီသိစေရန် -ယနေ့ဂန့်ဂေါဖြစ်စဥ်တွင်အပြစ်မဲ့ပြည်သူများသေဆုံးခဲ့ရမှုနှင့် ပတ်သက်၍ စစ်ကောင်စီနှင့် ယင်းတို့၏အပေါင်းအပါမိသားစုဝင်များအားမိမိတို့Tamu PDF(TSG)အနေဖြင့်သွေးကြွေးဆပ်သွားမည်” ဟု ဖော်ပြသည်။
စစ်ကောင်စီတပ်သည် စက်တင်ဘာ ၉ရက်တွင် မြင်သားရွာသို့ ဝင်ရောက်စီးနင်းရာ ကျေးရွာလူငယ်အဖွဲ့က ခုခံခဲ့၍ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး အနည်းဆုံး ကျေးရွာလူငယ် ၁၁ဦးသေဆုံးခဲ့သည်။ စစ်ကောင်စီတပ်သည် မြင်သားရွာရှိ နေအိမ်များကို မီးရှို့ခဲ၍ နေအိမ် ၂၀ ထက်မနည်း မီးလောင်ခဲ့သည်ဟု ဒေသခံက ပြော သည်။ စစ်ကောင်စီတပ်သည် ယနေ့တွင်လည်း မြင်သားရွာအနီးရှိ နှမ်းခါးရွာသို့ ဝင်ရောက်စီးနင်းရာ ဒေသခံများနှင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့သည်။ စစ်ကောင်စီအနေဖြင့် နှမ်းခါးရွာမှ နေအိမ်အများအပြားကိုလည်း မီးရှို့ခဲ့သည်။

တမူး PDF၏ ထုတ်ပြန်ချက်တွင် ပြည်သူများအနေဖြင့်အရေးကြီးအကြောင်းမရှိပဲခရီးထွက်ခြင်း၊ ကားများကိုမှန်ချမောင်းနှင်ခြင်း၊ကုန်တင်ယာဥ်များမိုးကာမအုပ်ခြင်းစသည့်အချက်များကိုလိုက်နာဆောင်ရွက်ပေးကြပါရန် နောက်ဆုံးအကြိမ်အနေဖြင့် အသိပေးကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement
တိုက်တွန်းနှိုးဆော်ချက်အားလိုက်နာဆောင်ရွက်ခြင်းမရှိသည့် ယာဥ်များကိုမှားယွင်းပစ်ခတ်မိပါက တာဝန်ယူမည်မဟုတ်ဟုလည်း ထုတ်ပြန်ခဲ့သည်။
