ဝန်ထမ်းများ အဆိုင်းခွဲ၍ ရုံးတတ်သည့် စနစ်ကို စက်တင်ဘာ ၁၃ ရက်တွင် စတင်မည်ဖြစ်ပြီး အိမ်၌ ရုံးလုပ်ငန်း ဆောင်ရွက်သည့် ဝန်ထမ်းများအနေဖြင့် ကျန်းမာရေးဆိုင်ရာကိစ္စနှင့် ဈေးဝယ်ချိန်မှလွဲ၍ ပြင်ပသို့ မထွက်ရန် စစ်ကောင်စီက ညွှန်ကြားချက်ထုတ်ပြန်သည်။
ညွှန်ကြားရေးမှုးနှင့် အထက်အဆင့် ဝန်ထမ်းများအားလုံး နေ့စဥ်ရုံးတတ်ရမည်ဖြစ်ပြီး ဒုတိယညွှန်ကြားရေးမှုးနှင့်အောက်အဆင့် ဝန်ထမ်းများအားလုံးအနက် တစ်ဝက်သည် ရုံးတတ်ရမည်ဖြစ်ကာ ကျန်တစ်ဝက်သည် နေအိမ်မှနေ၍ လုပ်ငန်းများလုပ်ဆောင်ခြင်းကို အလှည့်ကျ ဆောင်ရွက်ရမည်ဟု စက်တင်ဘာ ၁၀ ရက် တွင် ညွှန်ကြားချက်ထုတ်ပြန်သည်။
ယင်းသို့ဆောင်ရွက်ရာတွင် နှစ်ပတ်အိမ်၌ နေ၍ အလုပ်လုပ်ရမည့်ဝန်ထမ်းများသည် ကျန်းမာရေးကိစ္စ နှင့် ဈေးဝယ်ခြင်းမှလွဲ၍ ပြင်ပသို့ လုံးဝမထွက်ရန် စစ်ကောင်စီက ပြင်းပြင်းထန်ထန် သတိပေးထားသည်။
မဖြစ်မနေ ခရီးသွားရန်ရှိလာပါက အထက်အဆင့်သို့တင်ပြရမည်ဖြစ်ပြီး ခွင့်ပြုမိန့်ရမှသာခရီးသွားရန် နှင့် ခွင့်ပြုချက်မရဘဲ ခရီးသွားသည့် ဝန်ထမ်းအပါအဝင် အလိုတူအလိုပါများကို နိုင်ငံ့ဝန်ထမ်းဥပဒေ နှင့်အညီအရေးယူမည်ဖြစ်ကြောင်းသတင်းထုတ်ပြန်ထားသည်။

Public Service Announcement
အထက်ပါစာကဲ့သို့ ယခင်ပြည်သူ့အစိုးရလက်ထက်၌ ထုတ်ပြန်ခဲ့ဖူးသော်လည်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်လောက် မပြင်းထန်ကြောင်း CDM ဝန်ထမ်းတစ်ဦးကပြောသည်။
စစ်ကောင်စီက အာဏာသိမ်းသည့် ဖေဖော်ဝါရီမှစတင်၍ CDM လုပ်ဆောင်သည့် ဝန်ထမ်းများပြားခဲ့သောကြောင့် ရုံးလုပ်ငန်းဆောင်ရွက်မှုများတွင် အခက်တွေ့ခဲ့သလို ကိုဗစ်တတိယလှိူင်းတွင်လည်း ရုံးများကို ရက်ရှည်ပိတ်ထားခဲ့ရသည်။


















































