မြန်မာစစ်အုပ်စုကို အကြမ်းဖက်မှုတွေကျူးလွန်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းအနေနဲ့သာ ဆက်ဆံဖို့ ကုလသမဂ္ဂကို အထူးအကြံပေးကောင်စီ(SAC-M)က တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ကုလသမဂ္ဂအဖွဲ့ဟာ စစ်အုပ်စုကို အကြမ်းဖက်မှုတွေကျူးလွန်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းအနေနဲ့သာ ဆက်ဆံဖို့ သင့်တင့်လျောက်ပတ်တဲ့မဟာဗျူဟာတွေ ချမှတ်ဆက်ဆံရမှာဖြစ်ပြီး အစိုးရအနေနဲ့ ဆက်ဆံရမှာမဟုတ်ဘူးလို့ SAC-M အဖွဲ့က ထုတ်ပြန်ပါတယ်။
ကုလသမဂ္ဂဟာ မြန်မာ့အရေးကို ကိုင်တွယ်ဖြေရှင်းရာမှာ အရင်ကပြုလုပ်ခဲ့တဲ့အမှားတွေကို ထပ်မံကျူးလွန်နိုင်တဲ့ အန္တရာယ်ရှိနေတယ်လို့ အထူးအကြံပေးကောင်စီက သတိပေးလိုက်ပြီး တရားမဝင်အာဏာသိမ်းတဲ့ စစ်အုပ်စုကြောင့် ပေါ်ပေါက်လာတဲ့ဒုက္ခတွေ ပိုမိုဆိုးရွားမလာစေဖို့ ကုလသမဂ္ဂအနေနဲ့ ထိရောက်တဲ့ခေါင်းဆောင်မှုနဲ့ သင့်တင့်လျောက်ပတ်တဲ့မဟာဗျူဟာတွေ ချမှတ်ရမယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ဦးဆောင်မှုပေးရန်ပျက်ကွက်မှုနဲ့ လုံခြုံရေးကောင်စီအတွင်းကြန့်ကြာနှောင့်နှေးမှုတွေဟာ မြန်မာ့အရေးဖြေရှင်းရာမှာ နှစ်ချီကျရှုံးခြင်းနဲ့ ကြုံ တွေ့ရနိုင်ရတယ်လို့ SAC-M က သုံးသပ်ပါတယ်။

Public Service Announcement
နောက်ပြီး မကြာသေးမီကာလများအတွင်း ကုလသမဂ္ဂအကြီးတန်းအရာရှိတွေက ‘စစ်အုပ်စုက နိုင်ငံကို ထိန်းချုပ်နိုင်နေပြီဖြစ်ကြောင်း’ ၊ ‘အာဏာကို မြဲမြံစွာကိုင်ဆုပ်ထားနိုင်ကြောင်း’ စတဲ့ မမှန်မကန်မှတ်ချက်များပြုလုပ်ခဲ့ပြီး ယင်းမှတ်ချက်တွေဟာ လက်ရှိအခြေအနေ၊ ကြုံတွေ့နေရတဲ့ ပြဿနာအခက်အခဲတွေကို ပိုမိုဆိုးရွားပြင်းထန်စေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
“မင်းအောင်လှိုင်အနေနဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်မှုတွေ တောက်လျှောက်ကျူးလွန်လာခဲ့တာကိုက သူ့မှာ ဘယ်လိုအာဏာမှ လက်ဆုပ်လက်ကိုင်မရှိထားဘူးဆိုတာကို ပေါ်လွင်နေပါ တယ်။ အကြမ်းဖက်မှုတွေရဲ့ ဇစ်မြစ်က စစ်အုပ်စုပါပဲ။ ဒါကို စစ်အုပ်စုရဲ့ အပြစ်လျော့ပါးအောင် ပြောဆို နေတာတွေကိုက လက်ရှိအခြေအနေကို လွဲမှားစွာပုံဖော်နေခြင်းပါပဲ။ လွဲမှားစွာပုံဖော် ခြင်းကြောင့် လွဲမှားတဲ့ကိုယ်စားပြုတွေ၊ အဲဒီကနေတစ်ဆင့်နားလည်မှုတွေပါလွဲမှားလာကြမယ် ဆိုရင် အမှားတွေကိုပဲ လုပ်မိနေကြပါလိမ့်မယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ တည်ထောင်သူ Yanghee Lee က ပြောပါတယ်။


















































